တောင်ကြီးမြို့မှ ပျောက်ကွယ်သွားပြီ ဖြစ်သော ဗယာကြော်စတုဒီသာ (ဆောင်းပါး) - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, April 1, 2026

တောင်ကြီးမြို့မှ ပျောက်ကွယ်သွားပြီ ဖြစ်သော ဗယာကြော်စတုဒီသာ (ဆောင်းပါး)



--၂၀၂၆ ရက်၊ နေ့လယ်ခင်း။ ကိုစိုး (တောင်ကြီး) မိမိအိမ်သို့ တကူးတက ဝင် လည်ပါ၏။ အကြောင်းထူးမှာကား ကမ္ဘောဇတိုင်း (Kanbawza Tai) ဂျာနယ်ကို ပြန်လည် ထုတ်ဝေမည့် သတင်းကောင်း ပေးခြင်းပါ။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ အထိ အပတ်စဉ် ကြာသပတေး နေ့တိုင်း ထုတ်ခဲ့ဖူး၏။ ဖေဖော်ဝါရီ လဆန်း၌ အပြောင်းအလဲတွေ ဖြစ်ခဲ့သောအခါ ဂျာနယ်လည်း ရပ်ဆိုင်းသွားရပါသည်။ တည်ထောင်သူနှင့် ဂျာနယ်ရုံးခန်း ဝန်ထမ်းအချို့တို့ ဘေးဒဏ်ထိပြီး ပြိုလဲသွားရ၏။ ပင်တိုင် ဆောင်းပါးရှင်များလည်း ဟိုပြေး ဒီပုန်း ရှောင်တိမ်းကြရတော့၏။ မိမိလည်း ဘုရားရိပ်၊ တရားရိပ် ခိုရန် ကလောမြို့သာသနာ့ရောင်ခြည် မဟာစည် ဓမ္မရိပ်သာသို့ ကွန်းခို ခဲ့ရပါတော့သည်။

.

လက်ကိုင်ဖုန်းတွေ ဆင်မ်းကဒ်တွေ အလျှံပယ် ပေါလာပြီး အွန်လိုင်းမီဒီယာ ခေတ်စားလာသဖြင့် စာအုပ်စာစောင် ၀တ္ထုဖတ် ပရိတ်သတ် မကျန်ရှိသလောက် လျော့ပါးလာ၏။ စာပေလောက ကျန်းမာရေး ချူချာကာ လက်ကျန် ရှားပါးစွာသာ ကျန်ရှိတော့၏။ ကဗျာ အပါအဝင် စာပေ ကျဆင်းခြင်းမှာ အနာဂါတ်မျိုးဆက်အတွက် ရင်လေးဖွယ်ပါ။ စာပေဖွံ့ဖြိုးပါမှ တိုင်းပြည် တိုးတက်မည်။ တိုင်းပြည် တစ်ပြည်၏ ရှေ့ရေး အလားအလာကို စာပေရေချိန်ဖြင့် တိုင်းတာနိုင်သောကြောင့် ဖြစ်၏။ ကိုစိုးက သူလိုချင်သော အကြောင်းအရာကို နှပ်ကြောင်းပေး၏။ မိမိက ရာသီစာ ဖြစ်နိုင်သော တန်ခူးသင်္ကြန် ခါရက်အတွင်း၌ ရှေးရိုးရာဓလေ့ ဗယာကြော်စတုဒီသာအကြောင်း သတိရပြီး ရေးဖြစ်မိပါပြီ။

.

ကမ္ဘောဇတိုင်းဂျာနယ် ရပ်ဆိုင်းခဲ့သည်မှာ ၅ နှစ်တာ ကာလ ကျော်ခဲ့သော်လည်း စာဖတ်ပရိသတ်တို့က မိမိ ရေးသားသည့် တောင်ကြီးမြို့မှ ပျောက်ကွယ်သွားပြီ ဖြစ်သော ပင်တိုင်ဆောင်းပါးတို့ကို ဆက် ဖတ်လိုသေးကြောင်းကို လူချင်းတွေ့ဆုံရခိုက် မှတ်မှတ်ရရကြီး ပြောကြသည့်အပြင် ဆက်လက် ရေးသားဖို့ကိုလည်း တောင်းဆိုနေကြဆဲ ဖြစ်၏။

.
စာအုပ်ပုံဟောင်းကို ရှင်းရင်း တိုက်ဆိုင်စွာပင် ၅-၄-၂၀၁၈ ထုတ် အတွဲ ၄ ၊ အမှတ် ၁၄ (vol :4 – issue 14) စာစောင်ဟောင်းကို ကိုင်မိ၏။ လက်ဝဲထိပ်တွင် “ထွဋ်ပေးရန်” စာသုံးလုံး ဖတ်ပြီး ဇဝေဇဝါ ဖြစ်နေရသေး၏။ ဟိုစဉ်က ဝန်ကြီးချုပ်ပုံနှင့် နှစ်ကူးဂါရ၀ နှစ်ကူးလွှာတို့ကို စာစောင်မျက်နှာဖုံးတွေမှာ တွေ့လိုက်ရတော့ “ဪ … သွားဆရာ၀န် ညီငယ်တစ်ယောက် ဘယ်ရပ်ဌာနီ စံလေသည်မှန်း…” တမ်းတမိရပါတော့သည်။” ကံတရား ပစ်ချရာမှာ ကျန်းမာချမ်းသာပါစေလေ”ဟု။

.

ဗယာကြော်ဆိုလို့၊ မိမိသွားဆေးခန်းနှင့် ဖွင့်ထားဖူးသော မြို့တော်ရုပ်ရှင်ရုံနှင့် မျက်နှာချင်းဆိုင် ရှေးက မင်းလမ်း၊ နောက်တော့ ဗိုလ်ချုပ်အောင်ဆန်းလမ်း နောက်ဘက်ခြမ်းရှိ ရှေးတောင်ကြီး အသံထွက် ရုံအောက်ကို ပြေးမြင်မိ၏ နေ့ခင်း ၂ နာရီခန့်မှ ၄ နာရီကျော်အထိ တွန်းလှည်းလေးနှင့် ကြော်ရင်း ရောင်းတတ်သူကို သတိရမိပြန်၏။ ကြော်နံ့သင်း ပျံ့လာလျှင် ဝယ်မစားဘဲ မနေနိုင်ပါ။ ကလေးတွေက ကျောင်းဆင်းလာလျှင် တစ်မတ် (၂၅)ပြားဖိုး ဝယ်ကြ၏။ မိမိကမူ ငါးမူး (ပြား ၅၀) ဖိုး ဝယ်စားတတ်လှ၏။ အာလူး၊ ခရမ်းသီး၊ စူကာသီး၊ ငရုတ်သီးစိမ်း အတုံးလေးတွေကို ကုလားပဲမှုန့်၊ ဆား၊ မဆလာ၊ ရေ အသင့်အတင့်ဖြင့် ရောသမထားသည့် မုန့်နှစ်ပျစ်ပျစ် မုန့်စပ်လို့ ဆီပူပူအငွေ့ပျံ ဒယ်ထဲ ရှဲခနဲ ကျဲကျဲ ထည့်ကြော်၏။ ကြွပ်ရွရွ ပူပူဗယာကြော်ကို မန်ကျည်းမှည့်ချဉ်ရည် စမ်းပေး၏။ ရံဖန်ရံခါ အဆင်ပြေလျှင်
ပျဉ်းတော်သိမ် ရွက်တောင် လှီးထည့်တတ်လှ၏။ ပိုမို မွှေးမြပြီး နှာညွှန့်ကို ချူ၏။ ဝမ်းဖောဝမ်းရောင် မစိုးရိမ်ရတော့ပါ။

.

ရပ်ဝေး ရှစ်မျက်နှာမှ လာသူအားလုံးတို့ကို အယုတ်အလတ် အမြတ်မရွေး ကြိုဆိုဧည့်ခံခြင်းအား စတုဒီသာဟူသော ပါဠိဝေါဟာရကို သုံးစွဲမြဲဖြစ်၏။ သင်္ကြန်နှစ်ဦး တန်ခူးလရာသီဝယ် ရပ်ကွက်တိုင်း၏ လမ်းဆုံလမ်းခွနှင့် ကျယ်လွင့်သော မြေလွတ်ကွင်းတို့တွင် မဏ္ဍပ်ဆောက်ကြပြီး ဟိုစဉ်တုန်းက ဆန်ပေါ၊ ဆီပေါမို့ ဗယာကြော် ကျွေးမွေးဧည့်ခံနိုင်၏။ ရံပုံငွေ နည်းပါးလျှင်မူ လိုင်းမကျူးဟူ၍ နှုတ်ကျိုးနေသော ဖျော်ရည်အေး တိုက်ကျွေးပါ၏။ သံပုရာ၊ သစ်ခွ၊ ဆေးကုလားမ တစ်မျိုးမျိုးပေါ့။ ရှယ်ဆိုလျှင်တော့ ဖွာလူဒါ၊ ကျောက်ကျောတို့ကိုတောင် အမွန်အမြတ် ဧည့်ခံတတ်ကြ၏။ နွေပူပူမှာ ဖျော်ရည်အေးအေးနှင့် အလွန်လို က်ဖက်လှပါသည်။

.

နိဒါန်းပျိုး ရှည်သွား၍ ပျောက်ကွယ်သွားပြီ ဖြစ်သောကို အခုမှ စ ကိုင်နိုင်ပါတော့သည်။ မိမိမျက်စိထဲ ရှေးဦးပေါ်လွင်လာသည်မှာ ကန်ရှေ့ရပ် မဏ္ဍပ်ပါ။ နောက် ကံအောက်ရပ် ကွမ်းတုံမြေကွက်လပ် ဘုံကျောင်းရှေ့ မြေကွက်လပ်၌ ယာယီဆောက် မဏ္ဍပ်ဖြစ်၏။ အမြဲတမ်း ဗယာကြော်နှင့် အခါးရည် (ရေနွေးကြမ်း)နှင့် ဧည့်ခံသည်။ ပြီးတော့ စျေးပိုင်းရပ်၊ ကန်သာရပ်၊ အောင်မြေသာစည် ကုန်းအတက် ပညောင်ပင်(ညောင်ဖြူ) ကူညီကုန်းရပ်မဏ္ဍပ်တို့ကိုလည်း ချန်မထားသင့်ပါ။ ထိုထိုမဏ္ဍပ် အားလုံးတို့၌ ဗယာကြော် လိုင်းမကျူး ဖျော်ရည်အေး စသည်ဖြင့် အလျဉ်းသင့် အဆင်ပြေသလို ကျွေးမွေးဧည့်ခံမြဲ ဖြစ်၏။ ကံသာဓမ္မာရုံ နှစ်ကျိပ်ရှစ်ဆူ ဆွမ်းလောင်းပွဲ၊ အာရုံတက် နံနက်ဦးမှာ လက်ဖက်ရည် တိုက်ကျွေး၏။ ကိုကြီးတင်မောင်၏ လက်ရာကောင်းပါ။ သူက မိမိဖခင် ဦးကြီးစိန်၏ လက်ဖက်ရည်ဆိုင် တပည့်ရင်းမို့ ဖခင် လက်ကျလက်နကို ကောင်းကောင်း ရထား၏။ အလှူရှင်ရှိလျှင် နာမည်ကြီး ထွန်းထွန်းပေါင်မုန့်ကြွပ်ကိုတောင် ပူးတွဲဧည့်ခံနိုင်၏။ ကလေး/လူကြီး အားလုံး အကြိုက် တွေ့ကြရ၏။ ခုတော့ ကိုကြီးတင်မောင်လည်း ဆုံးရှာခဲ့ပါပြီ။ သူ့တပည့်တွေတော့ အမွေဆက်ခံ ထားချင်ကြပါသေးသည်။

.

ကံသာဓမ္မာရုံ၌ ထူးခြားမှု တစ်ရပ် ရှိပါသေး၏။ နေ့လယ်ခင်း ကျောင်းတက် ဘုရား အသွားအပြန် တို့ကို ကြိုဆိုဖိတ်ခေါ်ပြီး ဖျော်ရည်အေးအပြင် လက်ဖက်သုပ် ဂျင်းသုပ်ကို အကြော်စုံ ဆီရွှဲရွှဲတွေ ရေပက်ခံရ၍ အေးတုန်နေသူများအတွက် အခါးရည် ပူပူတို့ကို တွဲဖက်ဧည့်ခံနိုင်ခြင်းပါ။ စတုဒီသာ မဏ္ဍပ်တွေ တော်တော်များများ ပျောက်ကွယ်ကုန်ကြသည့် အထဲက ကန်ရှေ့ရပ်ကန်အောက်ရပ်စျေးပိုင်းရပ်ကူညီကုန်းရပ် မဏ္ဍပ်များကို လွမ်းမိနေဆဲ ဖြစ်ကြောင်းကို ဝန်ခံချင်ပါ၏။ ဗယာကြော် ခေါင်းစီးငယ် တပ်ထားသည့်အတိုင်း ဗယာကြော် ကဗျာတိုလေးဖြင့် ဆောင်းပါးကို နိဂုံးချုပ်ပါရစေ။

.

ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ
ရှေးခေတ်ပုံနှုန်း၊ ထုံမပျက်တမ်း၊ ထမ်းရွက်ဓလေ့
ပျော်မွေ့စုပေါင်း၊ လုပ်ဆောင်ကြောင်းကွဲ့၊ ဆန်ထောင်းမီးထိုး
တစ်မျိုးအာလူး၊ ခရမ်းခူးဟေ့ ပဲနူးအောင်ပြုတ်
ရွက်နုပျဉ်းတော်သိမ် ရောစိမ်မွှေနှောက်၊ ဆားတစ်ပေါက်ကူ

ဆီပူငွေ့ပြန် ကြော်ဟန်ကကောင်း မောင်းဝင်းကြွပ်ရွ
ဗယာကြော်နော် ကြိုက်တတ်သော်က တော်ရုံမဆလာ
ငရုတ်ပါမှ ရသာလွန်ရှိ၊ ပူဘိအနေ ဧည့်ခံပေတော့
တို့တွေကောင်းမှု စတုဒီသာ မဏ္ဍပ်မှာပေါ့ လက်ကာငြင်းဆန်

ဖန်ဖန်ခေါင်းခါ၊တန်ပါအမိမချိ တရိ

မဲ့ပြုံးခဲ့သည့် ကိုလူချော။ ။


.
မေတ္တာ များစွာဖြင့်

ဒေါက်တာအောင်ကျော် ( သွား/ဆရာဝန်)

No comments:

Post a Comment

Journal Download

Photo of three cats

Pages