ရပ်စောက် ပင်ဖြစ်ဈေးတွင် ဈေးကောက်ခ တိုးမြှင့်ကောက်ခံမည်ဖြစ်၍ ဈေးသည်များ အခက်ကြုံနေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Saturday, April 4, 2026

ရပ်စောက် ပင်ဖြစ်ဈေးတွင် ဈေးကောက်ခ တိုးမြှင့်ကောက်ခံမည်ဖြစ်၍ ဈေးသည်များ အခက်ကြုံနေ

၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာ စည်ပင်သာယာဈေးတွင် ဈေးကောက်ခ တိုးမြှင့်ကောက်ခံမည်ဖြစ်သဖြင့် ဈေးသည်များ အခက်ကြုံနေရကြောင်း သိရသည်။

.

.

ပင်ဖြစ်ဈေးတွင် ယခင်က ဈေးကောက်ခအဖြစ် တစ်လလျှင် ၅၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်အထိသာ ကောက်ခံ ခဲ့သော်လည်း ၂၀၂၅ ခုနှစ်မှ စတင်၍ ၄၅၀၀၀ မှ ၅၅၀၀၀ ကျပ်အထိ တိုးမြှင့်ကောက်ခံခဲ့ပြီး ယခုအခါ တစ်ရက်လျှင် ၂၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ ကောက်ခံမည်ဖြစ်ကြောင်း လိုက်လံအသိပေးနေသည့် အတွက် တစ်လလျှင် ဈေးကောက်ခ ၅၅၀၀၀ ကျပ်မှ သုံးသိန်းကျပ်အထိ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

.

“တချို့ဆိုင်ခန်းတွေက အပိုင်မဟုတ်ဘူး။ အခန်းငှားပြီး ရောင်းချနေကြတာပါ။ ဆိုင်ခန်းခက တစ်လ တစ်သိန်း၊ ဈေးကောက်က သုံးသိန်းဆိုတော့ ဈေးကောက်က ပိုများနေပါတယ်။ ဒီနှစ်မှာ သီးနှံဈေးက မကောင်းလို့ မရောင်းရ။ ဓါတ်ဆီ၊ ဒီဇယ်ဒုက္ခက တစ်မျိုးနဲ့ လုံးဝကို အဆင်မပြေရတဲ့ အထဲ ဈေးကောက် ကြောင့် စိတ်ဆင်းရဲရပါတယ်” ဟု ပင်ဖြစ်ဈေးအတွင်း ဈေးရောင်းချနေသည့် ဈေးသည် တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.



ပင်ဖြစ်ဈေးအတွင်း ဈေးကောက် ကောက်ခံနေသော မလှမြင့်ကြည် ဆိုသူမှာ တစ်နှစ်ထက်တစ်နှစ် ဈေးကောက်ငွေ တိုးမြှင့်ကောက်ခံနေခြင်းဖြစ်ပြီး စည်ပင်သာယာဌာနနှင့် ဈေးလူကြီးများကို တိုင်ကြားခဲ့ သော်လည်း တာဝန်ရှိသူများက ဈေးကောက်ဘက်မှသာ ရပ်တည်ပေးနေသည့်အတွက် ဈေးသည်များမှာ ပြောဆိုခွင့် မရှိကြောင်း ၎င်းထံက သိရသည်။

.

ထို့အတူ အခြားဈေးသည်တစ်ဦးကလည်း “ကျွန်မတို့က ဆိုင်ခန်းငှားထားပါတယ် ဆိုမှ ဈေးကောက်က အဆမတန် ကောက်နေလို့ပါ။ အရင်တုန်းက ၅ သောင်းခွဲကောက်တာ အခုက သုံးသိန်း တောင်းပါတယ်။ အခု အသိပေးစာရွက်တွေ လိုက်ဝေနေတာပါ” ဟု ပြောဆိုခဲ့သည်။

.

အဆိုပါ ဈေးသည်များအား ဝေငှထားသည့် အသိပေးစာတွင် ၉ ပေပတ်လည် ဆိုင်ခန်းတစ်ခန်းလျှင် တစ်ရက် ၂၅၀၀ ကျပ်နှုန်းဖြင့် ဆိုင်ခန်းအကျယ်ပေါ် မူတည်၍ ကောက်ခံရန် စည်ပင်သာယာရေးဌာနက သတ်မှတ်ထားသော်လည်း တစ်ခန်းလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ညှိနှိုင်းကောက်ခံပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပင်ဖြစ်ဈေးတွင် ဈေးကောက်လုပ်ငန်း လုပ်ကိုင်ခွင့် လေလံရရှိထားသူ ဒေါ်လှမြင့်ကြည်အား ကမ္ဘောဇတိုင်းက ဆက်သွယ်မေးမြန်းရာတွင် “ကျွန်မက တိုးမြှင့်ကောက်တာ မဟုတ်ပါဘူး။ အစကတည်းက သတ်မှတ်နှုန်းထားအထိကို မကောက်ထားသေးဘူး။ အခုက လေလံဈေးကို သုံးဆတက်တယ်။ ကျွန်မက သုံးဆ တက်ကောက်လို့ မရဘူး။ သူ့ (စည်ပင်) ရဲ့ သတ်မှတ်နှုန်းထားထဲက အတိုင်းပဲ ကောက်တာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။



စည်ပင်သာယာရေးဌာန၏ သတ်မှတ်ချက်မှာ ၄ ပေပတ်လည် ဆိုင်ခန်းတစ်ခန်းလျှင် ၅၀၀ ကျပ် ဖြစ် သော်လည်း ပင်ဖြစ်ဈေး၏ ဖွဲ့စည်းပုံမှာ ဆိုင်ခန်းတစ်ခန်းလျှင် ၉ ပေ ပတ်လည်ရှိပြီး ၄ ပေပတ်လည် ၅ ခန်းစာရှိသဖြင့် ၂၅၀၀ ကျပ် သတ်မှတ်ခြင်းဖြစ်ကာ ၂၀၀၀ ကျပ်နှုန်းဖြင့် ကောက်ခံမည်ဖြစ်သည့်အတွက် ဆိုင်ခန်း ၅ ခန်းရှိသော ဈေးသည်အနေဖြင့် တစ်ရက်လျှင် တစ်သောင်းကျပ် ကျသင့်မည်ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောဆိုခဲ့သည်။

.

ရပ်စောက်မြို့နယ် ပင်ဖြစ်ဈေးတွင် ဆိုင်ခန်းဖြင့်ဖွင့်လှစ်ထားသည့် ဈေးသည် ၅၂ ဦး ရှိပြီး အများစုမှာ ဆိုင်ခန်း ၂ ခန်းမှ ၃ ခန်းအထိ ဖွင့်လှစ်ထားကာ ၅ ခန်းအထိရှိသည့် ဈေးသည်များလည်း ရှိနေကြောင်း သိရသည်။

.

ထို့အပြင် ငါးရက်တစ်ဈေး ပျံကျရောင်းချသည့် ဈေးသည်များလည်း ရှိနေကြောင်း သိရသည်။

.

No comments:

Post a Comment

Pages