မကြာမီ ရက်ပိုင်းအတွင်း မာဃသကြားမင်း လူ့ ပြည်ဆင်းဖို့ အကြောင်း ဖန်လာတော့မယ်။ သိန္ဓော မြင်းတော်ကြီးကို စီးပြီး ညာလက်က ဆီတိုးဖို့ မြင်းလိုင်စင်နဲ့ ဘယ်လက်က အပျော်ကြူးဖို့ မယား ၄ ယောက်ဆီက ဘုံးထားတဲ့ နတ်သပြာတွေ ပါလာလိမ့်မယ် ထင်ပါတယ်။ စုံ ရက်၊ မ ရက်နဲ့ ကြုံရင် သကြားမာဃလမ်း ခရီးမှာ တစ်ထောက်နားရဖို့ အကြောင်း မြင်တယ်။ အခန့်မသင့်ရင် အပွားခံထားရတဲ့ မြင်းတော်ကြီး ကညနကို အရင်ဆုံး ၀င်သွားရနိုင်တယ်။
မြန်မာသက္ကရာဇ်
၁၃၈၇ ခုနှစ် ၊ ခရစ်သက္ကရာဇ် ၂၀၂၆ ခုနှစ်။ ချိန်ခါရာသီက တန်ခူးလ။ လပြည့် ကျော်လို့ အကြိုနေ့နား
နီးလာပါပေါ့။ တချို့တွေက မာဃကို လာဟဆိုပြီး ကြိုကြလိမ့်မယ်။ တချို့တွေက တရားသဘောနဲ့
အိတ်ထောင့် အပွန်း မခံချင်လို့ မာဃရေ တာ့တာပဲတဲ့။ မာဃခမျာ ဆင်းသာလာရ ရှာတယ် ကြိုတဲ့အိမ်နဲ့
မကြိုတဲ့အိမ် အပေါက်များ မှား၀င်မိရင် စရိတ်ပြတ်မယ့်ကိန်း။ မယား ၄ ယောက်ဆီက လှည့်ပတ်ဘုံးထားတဲ့ နတ်သပြာတွေက ဒီလမ်းနဲ့ ဒီခရီး ရတက်မှ အေးနိုင်ပါ့မလား။
.
နတ်သိကြားတို့
မည်သည် လူငွေ့လူနံ့ မခံနိုင်၍ လူတို့ နှင့် နီးနီး မနေနိုင်ပါတဲ့။ ဖတ်ဖူးမှတ်ဖူးတဲ့
စာပေတွေထဲမှာ တွေ့ရတာပါ။ လူတွေအနီး မနေနိုင်တဲ့ သိကြားမင်းက သင်္ကြန်ချိန်ခါ
ရောက်တိုင်း လူ့ပြည် ဆင်းလာတာက တွေးတော ချင့်ချိန်စရာ။ လူ့သက်တမ်း၊ နတ်သက်တမ်း အပုံကြီး ကွာတယ်လို့ ဆိုကြတယ်။ တကယ်သာ ဆင်းရ၊ တက်ရရိုး မှန်ရင် သိကြားမင်း တစ်ယောက် လူ့ပြည်နဲ့ တာ၀တိံသာ လွန်းပြန် ထိုးလိုက်ရမယ့်ပုံစံပဲ။
.
ဦးပုည
ရေးတဲ့ ရေသည်ပြဇာတ်ထဲက စာသားလေး သတိရမိပြန်တယ်။ ပြဇာတ်အဖွင့်မှာ ရေးထားတဲ့
စာသားလေး။ ဥဒယကုမ္မာမင်းသား တက္ကသိုလ်ပြည်သို့ ပညာသွားသင်စေ။ တက္ကသိုလ်ပြည်က အပြန်လမ်းခရီး၌
နားနေစေတဲ့။ သွားမယ် ကြံတုန်းရှိသေး အပြန်ခရီးက ရောက်ပြီ။ ခေတ်ကာလ ဇာတ်သဘင်တွေမှာ သုံးနေတဲ့
သွားတော့မယ်၊ ရောက်ပြီဆိုတဲ့ စကားက ကုန်းဘောင် ခေတ်နှောင်း ရတနာပုံ ခေတ်ကတည်းက ဦးပုည ရေးခဲ့တာ။
ဦးပုည မူပိုင် စာသားလို့တောင် ဆိုနိုင်တယ်။
.
ညောင်နာနာနဲ့
ကြောင်နာသံလောက်လေး ထွက်နေတဲ့ တူးပို့သံတွေကြားက မြို့တော်တောင်ကြီးမှာ မြနန္ဒာမဏ္ဍပ်တွေ
အပြိုင်းအရိုင်း ပေါ်လာကြတယ်။ တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့တဲ့ မဏ္ဍပ်တွက အခုများတော့
လမ်းမဘေးမှာ အစီအရီ။ ပွင့်လင်းလာပြီလား ဖွင့်ချထားလေသလားတော့ မပြောတတ်။ အခါတစ်ပါးဆီက
မြို့တော်တောင်ကြီးရဲ့ မဏ္ဍပ်တွေဆိုတာ လူပင်လယ်၊ လူလှိုင်းလုံးတွေနဲ့။ နယ်ခံတွေ သီဆိုကြသလို
အဝေးကလည်း လာရောက် ဟစ်ကြွေးကြတယ်။
.
အသံသာသာ အေးငြိမ့်ငြိမ့်လေပြေလာ ယိမ်းအနွဲ့မှာ ယှဉ်ပြိုင်ရင်း ကကွက်မျိုးစုံနဲ့တဲ့။ ဟိုနား တစ်စု ဒီနားတစ်ဖွဲ့ ယိမ်းသမလေးတွေကို လှလှပပ တွေ့ရတယ်။ ယိမ်းသမလေးတွေနဲ့ စင်ပြိုင်ကဲမယ့် သက်ကြီးရွယ်အို ယိမ်းမမ၊ ယိမ်းကြီးတော်၊ ယိမ်းဖွားဖွားကြီးများလည်း ကကြဦးမယ်ဆိုပဲ။ မာဃသိကြား ခြေလှမ်းတွေ မှားပြီး သက်ကြီးရွယ်အို ယိမ်းကြား ညှပ်မှဖြင့် သိကြားအစား တွေးတွေးပြီး ရင်လေးမိပါရဲ့။
.
ကျန်ခဲ့တဲ့ကာလ
တချို့က
ရပ်ကွက်အလိုက် ယိမ်းပြိုင်ပွဲလေးတွေ ရှိခဲ့ဖူးတယ်။ ပြိုင်ပွဲ မတိုင်ခင် ကြားအချိန်လေးမှာ
ကိုယ့်အစုအဖွဲ့နဲ့ကိုယ် တီးကြ၊ ခတ်ကြ၊
ယိမ်းတိုက်ကြပေါ့။ ပြိုင်ပွဲတွေ ပြီးလို့ တန်ခူးလည်း ကုန်တော့ သင်္ကြန်ဖူးစာတွေ
ကိုယ်စီ ဖြစ်ကြတာလည်း မနည်းမနော။ သင်္ကြန်ဆိုတာ လူငယ်လေးတွေ ပျော်ကြပါးကြတဲ့ ပွဲတော်။
.
ခင်ခင်ထားက
ကိုငြိမ်းမောင် ကို ပြောခဲ့ဖူးတယ်။ကို ငြိမ်းမောင် ကလေးတွေကို
ပျော်ခွင့်ပေးလိုက်ပါတဲ့။ မြန်မာရုပ်ရှင်ဇာတ်ကားတွေထဲက သင်္ကြန်နဲ့ ပတ်သက်ပြီး ဂန္ထ၀င်မြောက်
ဇာတ်ကားတစ်ခု။ သီချင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပုံဖော်ထားလို့ musical movie တစ်ခုလို့တောင်
တင်စားပြောဆိုခဲ့ကြတယ်။ သင်္ကြန်မိုး။ အဲဒီဇာတ်ကားထဲမှာ ခင်ခင်ထားက ကိုငြိမ်းမောင်ကို
ပြောတဲ့စကား။ ဟုတ်တာပေါ့။ ကလေးတွေအနေနဲ့ လွတ်လပ်ပျော်ရွှင်ချင်ကြမှာပေါ့။ ကိုငြိမ်းမောင်
အတ္တတစ်ခုကြောင့် ကလေးချင်း နီးရက်နဲ့ ဝေးနေကြရတာ။ ပျော်ခွင့်ပေးလိုက်ပါတော့ ကိုငြိမ်းမောင်။
.
အဖြူက တစ်မျိုး၊ အနီက တစ်မျိုး ရေစိုပျိုမေတွေရေ အလှက တိုး၊ ဒီမဏ္ဍပ်က အလှဆုံး။ လမ်းမကြီးပေါ် ဆောက်နေတဲ့ မဏ္ဍပ်တွေက ခရီးတောင် အတော်ရောက်စ ပြုနေပြီ။ ဘယ်မဏ္ဍပ်က အလှဆုံးဖြစ်မယ်ဆိုတာတော့ မပြောတတ်။ အရပ်ထဲမှာ နောက်တိုးသင်္ကြန်ဖူးစာတွေ ဆုံကြလေဦးမလား။
ကလေးနဲ့ လူငယ်လေးတွေ လွတ်လပ်စွာ ပျော်ရွှင်ခွင့်ရတယ် ဆိုရင်ပဲ ကိုငြိမ်းမောင်ကို ကြံဖန်ပြီး ကျေးဇူးတင်မိလိမ့်မယ် ထင်ရပါတယ်။
.
ရေသွန်းသာကြည်
ပျော်ရမည်ကို မြရည်သတ်မှတ် ရောက်ခဲလတ်ဟု ချစ်ထွတ်တင်သည် တဲ့။ အဝေးတစ်နေရာ ရောက်နေတဲ့
နတ်ရှင်နောင်ရဲ့ ရာဇဓာတုကလျာ တမ်းချင်း။ ပန်းပိတောက်တွေ ရွှေရည်လူးကြတော့မယ်။ ညောင်ရေသွန်းချိန်လေးတော့
အမီ ပြန်လာခဲ့ပါ့မယ်။ ဘုရားတိုင် စစ်ချီရတုတွေ ရေးလို့ရယ် ကျေးငှက်ကိုစေလိုစေ။ နတ်ရှင်နောင်လည်း
ရာဇဓာတုကလျာဆီကို အရောက် လှမ်းချင်ရှာမှာပေါ့။
.
တိမ်စွန်လေလျှင်
ဖူးရောက်ချင်သည် ငှက်သွင်ပျံကြွမတတ်သော။ ပိတောက်တွေ ရွှေရည်လူးခဲ့ပေါ့လေ။ ပန်းမျိုးစုံရာ
သီစုံကူးခဲ့ပေါ့လေ။ ဆံမြယဉ်ကို ကိုယ်တိုင်ဆင်ဖို့ ပိတောက် တစ်ခက် ခူးဆွတ်ခဲ့တယ်
ကြိုလင့်လိုက်ပါ ချစ်သောမယ်။
.
နေ့ရက်လေးတချို့
စွန်းတာနဲ့ မဟာသင်္ကြန်လို့ ခေါ် ခေါ် အတာသင်္ကြန်လို့ ဆိုဆို မြန်မာတို့ရဲ့ နှစ်သစ်ကူး
နေ့ရက်တွေ ရောက်လာပါတော့မယ်။ နှစ်ကူးနဲ့အတူ ရတုဘုရင် နတ်ရှင်နောင်တစ်ယောက် ချစ်တဲ့သူ
ဓာတုကလျာဆီ ပြန်ချင်ရှာပါလိမ့်မယ်။ ရွှေပြည်ဌာနေ ဝေးသောကြောင့် လေပြေလာက အေးသောကြောင့်
နေခြည်ဖြာမှ နွေးသောကြောင့်။ လက်ဝဲသုန္ဒရ အမတ်ကြီးရေးသားတဲ့ ရတုစာသား။ ကိုငြိမ်းမောင်ရေ
နှစ်ကူးတဲ့ နှစ်ဦးမှာ ကလေးတွေ လွတ်လပ်စွာ ပျော်ရွှင်နိုင်ပါစေကြောင်း။ ။
.
❏ အောင်ဆန်းဝင်း


No comments:
Post a Comment