.
၂၀၂၆ ခုနှစ်၊ ခုနှစ်၊ ဧပြီလ ၉ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊
ကံသာရပ်ကွက်အတွင်း ခွေးလေခွေးလွင့်များ များပြားနေပြီး ရပ်ကွက်နေ ပြည်သူများ ခွေးကိုက်ခံရမှုများ
မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။
.
.ကံသာရပ်ကွက်၊ မေတ္တာရှင်ဆေးရုံအနီးရှိ
အောင်မြတ်လမ်းတွင် ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့ တစ်ရက် အတွင်း ခွေးကိုက်ခံရမှု ၆
ကြိမ်ဖြစ်ပွားခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကာ ကျန် ၃ ဦးမှာ အဝတ်အစား အနည်းငယ်သာ
ကိုက်မိသဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
.
ခွေးကိုက်ခံရသည့် ၃ ဦးအနက် အသက် ၅
နှစ်ဝန်းကျင်အရွယ် ကလေးငယ် ၂ ဦးတွင် လက်မောင်းနှင့် ပခုံး ဒဏ်ရာများ ရရှိခဲ့ပြီး
အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးတွင် ခြေသလုံးပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း
သိရသည်။
.
“ကြက်ခြင်းချတဲ့အချိန် ဆိုင်ကယ်က လဲသွားတော့
ဆိုင်ကယ်နဲ့ပါလာတဲ့ ကလေးကို ဝင်ကိုက်တာပါ။ နောက် တစ်နာရီလောက် ခြားပြီး
နောက်ထပ်ကလေးတစ်ယောက် ထပ်အကိုက်ခံရတယ်။ ညနေပိုင်းမှာ တစ်ခါ အမျိုးသမီးကြီးတစ်ယောက်
အကိုက်ခံရပါတယ်” ဟု ကံသာရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ခွေးကိုက်ခံရသူများမှာ ယင်းရပ်ကွက်အတွင်း
နေထိုင်သူများဖြစ်ပြီး တစ်ဦးလျှင် ဆေးဖိုး ကျပ်တစ်သိန်းခွဲခန့် ကုန်ကျခဲ့သည့်အတွက်
အခြေခံလူတန်းစားများအတွက် အခက်အခဲ ဖြစ်ပေါ်နေရကြောင်း သိရသည်။
.
ကံသာရပ်ကွက် အပါအဝင် တောင်ကြီးမြို့ပေါ်
ရပ်ကွက်များရှိ လမ်းအချို့တွင် ယင်းကဲ့သို့ ခွေးလေခွေးလွင့် များ များပြားနေပြီး
ခွေးကိုက်ခံရပါကလည်း တာဝန်ယူဖြေရှင်းပေးမည့် ပိုင်ရှင်မရှိသည့်အတွက် သက်ဆိုင်ရာ
တာဝန်ရှိသူများက ခွေးလေခွေးလွင့်များကို ရှင်းလင်းပေးစေလိုကြောင်း ဒေသခံများက
ပြောဆိုကြသည်။
.


No comments:
Post a Comment