.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက်
.
စက်သုံးဆီရောင်းချမှု ကန့်သတ်ချက်များကြောင့်
တောင်ကြီးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် များတွင် ထွန်စက်များနှင့်
လယ်ယာသုံးစက်ကိရိယာများပါ တန်းစီပြီး ဆီဝယ်ယူနေရသည်ဟု သိရသည်။
.
.တောင်ကြီးမြို့မှ ဟိုပုံးမြို့ဘက်အထွက်ရှိ
စက်သုံးဆီအရောင်းဆိုင်များတွင် ယနေ့ ဧပြီလ ၅ ရက်က စက်သုံးဆီ ရရှိရေးအတွက်
လယ်ထွန်စက်များအပါအဝင် လယ်ယာသုံးစက်ကိရိယာများဖြင့် ဆီဝယ်ရန်
တန်းစီနေကြခြင်းဖြစ်ကြောင်း သိရသည်။
.
“ဆီက ပုံးနဲ့ မရောင်းပေးတော့ဘူးဆိုတော့
ထွန်စက်ကြီး မောင်းလာမှပဲ ရတော့မယ်လေ။ ထွန်စက် တစ်စီးကို ဒီဇယ် ၅ သောင်းဖိုး
ရောင်းပေးတယ်။ သွားတာ၊ ပြန်တာနဲ့ အဲဒီဆီက လမ်းမှာတင် တစ်ဝက်လောက်ကုန်ပြီ။ ဒါပေမဲ့
လုံးဝမရတာထက် စာရင်တော့ ရသလောက် ထုတ်ရမှာပေါ့” ဟု ထွန်စက်မောင်းနှင်သူတစ်ဦးက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယခုအခါ မိုးစပါးစိုက်ပျိုးရန်အတွက်
ထွန်ယက်ရမည့်အချိန် ရောက်ရှိလာပြီဖြစ်ပြီး မြေလှန်၊ ထယ်ထိုးခြင်း လုပ်ငန်းများတွင်
အသုံးပြုရန် ထွန်စက်များအတွက် ဒီဇယ်ဆီမှာ အရေးတကြီး လိုအပ်နေခြင်းဖြစ်ကြောင်း
သိရသည်။
.
ထို့အပြင် လယ်ယာစိုက်ခင်းများအတွင်း ရေသွင်းရန်
ရေစုပ်စက်နှင့် မီးစက်များအတွက် စက်သုံးဆီကိုလည်း ဝယ်ယူရန် ခက်ခဲနေပြီး အချို့က စက်များကို
ဆီပန့်အရောက် သယ်ဆောင်၍ ဆီဖြည့်နေရကြောင်း တောင်သူများထံက သိရသည်။
.
တောင်ကြီးမြို့၏ ယခုရက်သတ္တပတ်အတွက် စက်သုံးဆီ
ရည်ညွှန်းဈေးနှုန်းများမှာ 92 တစ်လီတာလျှင် ၄၇၅၀ ကျပ်၊ 95 တစ်လီတာလျှင်
၄၉၀၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၅၈၀၀ ကျပ်နှင့် ပရီမီယံ တစ်လီတာလျှင် ၆၉၃၀ ကျပ်
ဖြစ်သော်လည်း ပြင်ပတွင် ဒီဇယ် တစ်ဂါလံ (၄ လီတာ) လျှင် ကျပ် ၅ သောင်းကျော်ဖြင့်
ရောင်းချမှုများ ရှိနေပြီး လိုင်စင်မဲ့ယာဉ်များနှင့် စိုက်ပျိုးရေးသုံး ရေစုပ်စက်၊
မီးစက်များ အတွက် ပြင်ပ မှောင်ခိုဈေးကွက်မှသာ အဓိက ဝယ်ယူ အသုံးပြုနေရကြောင်း
သိရသည်။
.


No comments:
Post a Comment