.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက်
.
စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုရန် လိုအပ်သည့်
စက်သုံးဆီများကို တောင်သူများ လက်ဝယ်အရောက် ရောင်းချပေး နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
.စိုက်ပျိုးရေး၊ ထွန်စက်၊ လယ်ယာသုံးစက်ကရိယာများ၊
ရေတင်စက်၊ မီးစက်တို့အတွက် သက်ဆိုင်ရာမြို့နယ်
စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီတွင် ဆီဝယ်ယူခွင့် မှတ်ပုံတင် စာအုပ်များ
ပြုလုပ်စေပြီး ထွန်ယက်မည့် ကျေးရွာ၊ ကွင်းအမှတ်၊ တောင်သူအမည်၊ စိုက်ဧက၊ တစ်ရက်ထွန်ယက်နိုင်မှုနှင့်
အမှန်လိုအပ်သည့်ဂါလံ ပမာဏ၊ ဝယ်ယူလိုသည့် စက်သုံးဆီအရောင်းဆိုင် စသည့်
စိစစ်ထောက်ခံချက်များပါရှိမှသာ ရောင်းချပေး သွားရန် စက်သုံးဆီအရောင်းဆိုင်များသို့
အသိပေး အကြောင်းကြားထားပြီးဖြစ်ကြောင်း ရှမ်းပြည်နယ် ရေနံထွက်ပစ္စည်း
ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ထံက သိရသည်။
.
အဆိုပါ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီတွင်
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့
ပါဝင်ပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍
တောင်သူစာရင်း ကောက်ခံလျက်ရှိကြောင်း သိရသည်။
.
“တကယ်အမှန် တောင်သူလက်ဝယ်ရောက်အောင် ပူးပေါင်းပြီး
စာရင်းကောက်နေပါတယ်။ တောင်သူတွေ မနစ်နာရအောင်၊ တခြား မလိုအပ်တဲ့နေရာတွေလည်း မရောက်ရအောင်
စနစ်တကျ ဆောင်ရွက်နေပါတယ်။ စက်သုံးဆီကို တောင်သူလက်ဝယ်ရောက်ရေး ဦးစားပေး ဆောင်ရွက်နေတာပါ။
တောင်သူက စက်ကြီးနဲ့ ငှားပြီးပဲ ထယ်ထိုး ထွန်မွှေမယ်ဆိုရင် သူတို့ရတဲ့ဆီကို ငှားထားတဲ့
ထွန်စက်ကိုပေးပြီးတော့ ထွန်ခိုင်းပေါ့။ ထွန်စက်သမားတွေကို တိုက်ရိုက်ပေးမယ်ဆိုရင် မလိုအပ်တဲ့
သုံးစွဲမှုတွေ ဖြစ်လာမှာစိုးလို့ပါ” ဟု တောင်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး
ဦးသန့်ဇင်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လက်ရှိတွင် လာမည့် မေလအတွင်း ထယ်ထိုးထွန်ယက်မည့်
တောင်သူများစာရင်းကို ကောက်ခံလျက်ရှိပြီး ဇွန်လတွင် လုပ်ငန်းစတင်ဆောင်ရွက်မည့် တောင်သူများစာရင်းကို
မေလအတွင်း ကောက်ခံသွားရန် ရှိနေ ကြောင်း ၎င်းထံက သိရသည်။
.
ပုံမှန်အားဖြင့် ထည်ထိုး၊ ထွန်ယက်သည့်လုပ်ငန်းများကို
မေလ နှောင်းပိုင်းမှ စတင်၍ ဇူလိုင်လအထိ အဓိက ဆောင်ရွက်ရပြီး မိုးရွာသွန်းမှုအခြေအနေပေါ်မူတည်၍
ဆောင်ရွက်ကြရကြောင်း သိရသည်။
.
“တောင်ကြီးမြို့နယ်မှာဆိုရင် အစေ့ထုတ်ပြောင်း စိုက်ဧက
တစ်သိန်းလောက်ရှိတယ်။ တစ်ဧကကို ထည်ထိုး ထွန်မွှေတဲ့လုပ်ငန်းအတွက် ၂ ဂါလံ ဆိုရင်တောင်
ဂါလံ ၂ သိန်းလောက် လိုမယ်။ အဲဒီ ဂါလံ ၂ သိန်း လောက်ကို တစ်ပြိုင်တည်း ရဖို့ကျတော့ အကြပ်အတည်းဖြစ်တာပေါ့။
ရလာတဲ့ အပေါ် မူတည်ပြီး အသုတ်လိုက် စီမံသွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့နယ်အတွင်း မိုးစပါး စိုက်ဧက ၂ သောင်းခန့်ရှိပြီး
ရွှေညောင်မြို့တွင် အများဆုံးရှိကာ အစေ့ထုတ်ပြောင်းဧက တစ်သိန်းခန့်နှင့် မြေပဲ၊ ပဲစဉ်းငုံ၊
နေကြာ စိုက်ပျိုးမှုများလည်း ရှိကြောင်း သိရသည်။
.


No comments:
Post a Comment