.
.
“လက်ထဲ ရှိနေတဲ့ ဆိုင်ကယ်နဲ့ ကျွန်တော်က
ဘာနဲ့တူလည်း ဆိုတော့ Living Together သမီးရည်းစား ပုံစံ
ဖြစ်နေလား မပြောတတ်တော့ပါဘူး။ ပိုင်တော့ ပိုင်သလို ရှိနေတာပေါ့။ တကယ်တိတိပပ
သက်ဆိုင်လား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ လက်ထဲမှာ ပိုင်ဆိုင်ကြောင်း အုံနာဘုတ်ကြီး
ရှိတယ်ဗျာ။ သက်တမ်းက လွန်နေတော့ လိုင်စင်မဲ့ကြီး ဖြစ်နေပြန်ရော။” တဲ့
.
ပူလောင်ပြင်းပြတဲ့ နေရောင်အောက်မှာ အပူလုံး
ကြွနေတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ ညည်းတွားသံပါ။ သူ ကြွနေတဲ့ အပူလုံးက ပြင်းပြတဲ့
နေလောင်ဒဏ်ကြောင့် မဟုတ်။ သူ့လက်ထဲမှာ သူ ပိုင်ဆိုင်ကြောင်း အထောက်အထား
ခိုင်ခိုင်မာမာ ရှိတဲ့ စီးတော်ယာဉ် မော်တော်ဆိုင်ကယ်ကြောင့်။ သူ့လက်ထဲ ရှိနေတဲ့
ဆိုင်ကယ်က လိုင်စင် မရှိဘူးလားဆိုတော့ ရှိနေပါတယ်။ တရား၀င်လား ဆိုတော့ မ၀င်တော့ဘူး
ဆိုရမှာပေါ့။ အကြောင်းရင်းက သတ်မှတ်နှစ် အပိုင်းအခြားကို ကျော်လွန်တဲ့
သက်တမ်းလွန်ယာဉ် ဖြစ်နေလို့။
.
မော်တော်ဆိုင်ကယ် သက်တမ်းတိုး
ဆောင်ရွက်တဲ့နေရာမှာ သက်တမ်းကုန်ဆုံးတဲ့ ရက်စွဲကနေ ၅ နှစ်နဲ့ အထက်
ကျော်လွန်သွားပြီဆိုရင် သက်ဆိုင်ရာက သက်တမ်းတိုးပေးခြင်း မရှိတော့ဘူးလို့
သိရပါတယ်။ ဒီလိုသက်တမ်းတိုး ဆောင်ရွက်ပေးခြင်း မရှိတော့တဲ့အတွက်
မူလပိုင်ရှင်လက်ထဲမှာ ပိုင်ဆိုင်ကြောင်း ခိုင်မာတဲ့ အထောက်အထားတစ်ရပ်
ရှိနေရင်တောင် အဲဒီဆိုင်ကယ်က တရားမ၀င်တော့ဘူးလို့ ဆိုရတော့မယ်။
.
ကွယ်လွန် သွားရှာပြီဖြစ်တဲ့
မြန်မာသံအဆိုတော်ကြီး အောင်သူ သီဆိုခဲ့ဖူးတဲ့ “ဆိုင်သာဆိုင် မပိုင်တဲ့ ပန်းကို
အလှမ်းခက်တာ အခုမှသိတယ်” ဆိုတဲ့ သီချင်းစာသားက အခုချိန်ခါမှ အများတကာအတွက်
အံ၀င်ခွင်ကျများ ဖြစ်နေလား မပြောတတ်။ ကိုယ် ပိုင်ဆိုင်တယ်ဆိုတဲ့ အထောက်အထားကြီးက လက်ထဲမှာ
ခိုင်ခိုင်မာမာ ရှိနေတယ်။ တရား၀င်လား ဆိုတော့လည်း မ၀င်ပြန်ဘူး။ မသိရင်အပြင်မှာ
တိတ်တိတ်ပုန်း အဝေးကွင်း ကန်နေရတဲ့အတိုင်း။
.
“ကျွန်တော့်ဆိုင်ကယ်က ကိုဗစ်ကာလမှာ သက်တမ်း
ကုန်သွားတာပေါ့။ သက်တမ်းတိုးဖို့ သတိရတဲ့ အချိန်ကြတော့ ၇ နှစ်လောက် လွန်နေပြီ။
အခုကြတော့ အုံနာဘုတ် ရှိပြီး လိုင်စင်မဲ့ ဖြစ်သွားတာပေါ့။ လိုင်စင်အသစ်
မလုပ်ပေးရင်တောင် သက်တမ်းလွန်တွေကို ပြန်စိစစ်ပြီး လိုင်စင် ပြန်လုပ်ပေးရင်
ကောင်းတာပေါ့ဗျာ။ ဆီ မရတော့ မိသားစု စားဝတ်ရေးအတွက် ဘယ်လိုတောင် ဖြေရှင်းရမှန်း
မသိတော့ပါဘူး။”တဲ့
.
ဒါက ဆိုင်ကယ်ကယ်ရီ မောင်းနေတဲ့
မိတ်ဆွေတစ်ယောက်ရဲ့ နောက်ထပ် ရင်ဖွင့်သံ တစ်ခု။ အခက်အခဲ အမျိုးမျိုးကြောင့်
အချိန်မီ သက်တမ်း မတိုးဖြစ်တဲ့ သူလို ဘ၀တူ ကယ်ရီသမားတွေ ရှိသေးတယ်လို့
ဆိုပါသေးတယ်။ စက်သုံးဆီနဲ့ ပတ်သက်ပြီး အကြပ်ရိုက်နေတဲ့ အခုလို အချိန်အခါမျိုးမှာ
မူလအစတည်းက လိုင်စင် မရှိတဲ့ဆို င်ကယ်ကယ်ရီတွေ၊ အုံနာဘုတ် ရှိပြီး သက်တမ်းလွန်လို့
လိုင်စင်မဲ့ ဖြစ်နေရတဲ့ ဆိုင်ကယ် ပိုင်ရှင်တွေအတွက်တော့ နေပူတုန်း မီးလောင်ဆိုတဲ့
အပေါက်
.
တကယ်တမ်း ပြေးကြည့်ကြည့်၊ ရပ်ကြည့်ကြည့်၊
ငုတ်တုတ်ပဲ ထိုင်ကြည့်ကြည့် ဟိုဘက်ကျောင်းကို ဒီဘက်ကျောင်းက မကယ်နိုင်တဲ့
အနေအထားမျိုး။ (အဝါတွေကလည်း အလွတ်တွေက ခပ်များများရယ်)။ သူ အဆင်မပြေလို့
ကိုယ်အဆင်ပြေလား ပြန်ကြည့် အတော်များများက သူလိုကိုယ်လို။ လိုင်စင်မဲ့ရယ် အလွတ်ရယ်
ဘာမှ မပါတာလေးတွေရယ်ပေါ့။
.
မပြည့်စုံတဲ့ အနေအထားနဲ့ ဘယ်သူတွေက
နေချင်ကြပါ့မလဲ။ ကိုယ့်ရှိတဲ့ အားနဲ့ မနိုင်၀န် ထမ်းပြီး ရုန်းကန်နေကြရတာ
မဟုတ်လား။ ခေတ်ကာလ ဈေးနှုန်းတွေအရ လိုင်စင်ပါတဲ့ ဆိုင်ကယ် တစ်စီး
၀ယ်နိုင်ဖို့ဆိုတာ အခြေခံလူတန်းစားတွေ အတွက် အိပ်မက်ထဲတောင် မက်နိုင်ဖို့မလွယ်။
သိကြားမင်း သမီး အပျော်သွားကြံတာကမှ ဖြစ်နိုင်ချေ ရှိချင် ရှိလိမ့်ဦးမယ်။
.
မော်တော်ဆိုင်ကယ်တွေနဲ့ ပတ်သက်ပြီး
လိုင်စင်ပြုလုပ်ပေးခြင်း မရှိဘူးလို့ ကြားသိရပြန်တယ်။ အဲဒီအဆိုသာ မှန်ရင်
မြို့ပေါ်မှာ ရောင်းချနေတဲ့ ပါကင်ပိတ် ဆိုင်ကယ်တွေကြ လိုင်စင်နဲ့ဆိုတော့
တွေးတောစရာ ဖြစ်ရပြန်တယ်။ ပိုင်ဆိုင်မှု ရှိပြီး သက်တမ်းလွန်တဲ့ ဆိုင်ကယ်တွေတောင် လိုင်စင်မဲ့
ဖြစ်သေးတာ ဒီဆိုင်ကယ်တွေကတော့ တရား၀င်လိုင်စင် ဖြစ်ခွင့် ရှိနေပါသလား ဆိုတာပေါ့။
ကုန်သွယ်ခွန်နဲ့ စည်းကြပ်မယ် ဆိုရင်လည်း ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ မြေမှာ
လက်ရည်တစ်ပြင်တည်း ဖြစ်တာက အကြောင်း ပိုပြီးညီညွတ်မယ်လို့တော့ တွေးမိပါရဲ့။
.
လတ်တလော ကြုံတွေ့နေရတာ စက်သုံးဆီ အကြပ်အတည်း။
လိုင်စင်ရှိတဲ့သူ၊ လိုင်စင် သက်တမ်း ရှိတဲ့ လူတွေ မထောင်းသာပေမဲ့ ၈၀
ရာခိုင်နှုန်းသော အောက်ခြေ လူတန်းစား လိုင်စင်မဲ့တွေက အမွဲတကာ့ ထိပ်ခေါင်
ဖွတ်မင်းက နောင်တော် အခေါ်ခံကြရတော့မယ်။ တစ်ဦး ရှိရင် တစ်ယောက်ကို မျှဝေပေး တတ်ကြတာ
မြန်မာ့စိတ်ရင်း။ ရှိနေတဲ့ လူတချို့က အငတ်ဘေးဆိုက်ကာနီး အိမ်နီးချင်းကို
မျှဝေပေးကြတယ်။ တစ်ဦးနဲ့ တစ်ယောက် ထပ်ပြီး မျှဝေဖို့ စိတ်ရင်းတွေ ရှိကြတယ်။
.
သက်ဆိုင်ရာ အနေနဲ့လည်း သက်တမ်းလွန်
ကိစ္စရပ်တွေကို ပြန်စိစစ်သုံးသပ်ဖို့အတွက် နည်းလမ်းများ ရှိခဲ့ရင်
ပြန်လည်သုံးသပ်သင့်တယ်လို့ ထင်မြင်မိပါတယ်။ တိုင်းပြည် အုပ်ချုပ်တဲ့
ပုဂ္ဂိုလ်များအနေနဲ့ရော၊ ဥပဒေပြု အမတ်မင်းများရော ပြည်သူလူထု အသံကို
နားစွင့်နေလိမ့်မယ် ထင်မိပါတယ်။ ကိုယ်တိုင်က ပေတရာ လမ်းမပေါ် လမ်းလျှောက်နေရပေမယ့်
လိုင်စင်ရှိ သက်တမ်းလွန်များ ကိုယ်စား လက်အငှား ရေးသား တင်ပြလိုက်ရပါကြောင်း။
.


No comments:
Post a Comment