ကျိုင်းတုံမြို့၊ ဂုံရှမ်းရိုးရာသင်္ကြန် မင်္ဂလာနန္ဒဘေရီ စည်တော်တင်ပွဲ ကျင်းပ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Monday, April 13, 2026

ကျိုင်းတုံမြို့၊ ဂုံရှမ်းရိုးရာသင်္ကြန် မင်္ဂလာနန္ဒဘေရီ စည်တော်တင်ပွဲ ကျင်းပ

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက်

.

ရှမ်းပြည််အရှေ့ပိုင်း၊ ကျိုင်းတုံမြိူ့တွင် ဂုံရှမ်းရိုးရာသင်္ကြန် မင်္ဂလာနန္ဒဘေရီ စည်တော်တင်ပွဲကို ယနေ့ ဧပြီလ ၁၃ ရက်၊ မွန်းလွဲ ၁ နာရီက စောဝ်မဟာခနန်ပန်းခြံ၊ စောဝ်လုံကတ် နတ်နန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

“ပန်းတကာက မနေ့ကတည်းက သက်ဆိုင်ရာတွေ ပင့်ထားပြီး ဒီနေ့မှာ ရွတ်ဖတ်သရဇ္ဈယ်ပူဇော်ပါတယ်။ ပြီးတော့ ၇ ကြိမ် တီးခတ်ပြီး စည်တော်တင်တယ်။ ရှေးကတော့ မှူးမတ်တွေ တီးခတ်သလို ခုခေတ် အုပ်ချုပ်ရေးလူကြီးတွေက တီးခတ် ကြပါတယ်။ နောက်နေ့ ပင့်ဆောင်တဲ့အထိ တီးကြမှာပါ” ဟု သိကြားရုပ်တု ထုလုပ်သူ ဆရာကြီး ဦးစိုင်းလျမ်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ယင်း အခမ်းအနားကိုလွန်လေပြီးသော AD 1410 ခုနှစ်က ခေမာရဋ္ဌ်တိုင်းကို မင်းလုပ်အုပ်ချုပ်သည့် “ကျောက်မထု” မင်းကြီးလက်ထက်က စတင်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

.

ကျိုင်းတုံနယ်တွင် AD-1407 ခုနှစ်မှစတင်ကာ ၃ နှစ်ဆက်တိုက် မိုးခေါင်ရေရှားဖြစ်ပြီး သီးနှံများမဖွံဖြိးဘဲ အခက်ကြုံနေရသည်ကို ကုစားသည့်အနေဖြင့် ပညာရှိ မှူးမတ်များဖြင့် တိုင်ပင်ကာ သိကြားမင်းရုပ်တုကို ထု၊ စည်တော်တီးခတ်ပြီး ဆုတောင်းဂါထာများရွတ်ဆိုသလို မိုးခေါ်သည့် ဖားရုပ်ကိုလည်း ထုလုပ်ကာ ရေချသည့် အစဉ်အလာကို ပြုလုပ်ရာမှ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာအဖြစ် နှစ်စဉ် ကျင်းပပြုလုပ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

“သမိုင်းကိုသေချာမသိတော့ ဖားစည်လို့ ပြောနေကြတာ။ တကယ်က စည်တော်က သပ်သပ်၊ ဖားရုပ်က သပ်သပ်ပါ။ ခု လမ်းလျှောက်သင်္ကြန်ဆိုတာ ဒီပွဲတော်မူလကိုက လမ်းလျှောက်ရတာပါ။ စည်တော် ပို့ဆောင်ပွဲဆို တစ်လမ်းလုံး လမ်းလျှောက်ရတာပါ။ လာဘ်ပိတ်၊ နမိတ်ပိတ် မကောင်းဆိုးဝါး အားလုံးကို ဆေးပစ်ဖို့ ပါဝင်ဆင်နွှဲကြတာပါ” ဟု ဆရာကြီး ဦးစိုင်းလျမ်းက ဆိုသည်။

 

ထို့အပြင် မြန်မာ့ရိုးရာသင်္ကြန်စာနှင့် ဂုံရှမ်းရိုးရာ သင်္ကြန်စာတို့ကို ပေါင်းစပ်ကာ သိကြားမင်းရုပ် ပြုလုပ်ရာတွင် အနည်းငယ်ကွာခြားပြီး ယခုနှစ်တွင် ပတ္တမြားအစား စိန်အဖြစ် အစားထိုးပြုလုပ်ထားသည်ဟု ၎င်းထံက သိရသည်။

.

ယခုနှစ် ၂၀၂၆ ခု သင်္ကြန်အကျနေ့မှာ ဧပြီလ ၁၄ ရက်၊ အင်္ဂါနေ့ ဖြစ်သည့်အတွက် ရိုးရာအယူအဆအရ သင်္ကြန်မင်းသည် ဂဠုန်ကို စီးဆင်းသည်ဟု ယူဆကြပြီး ညာဘက်လက်တွင် ပတ္တမြားကိုင်ဆောင်ကာ ဘယ်ဘက်လက်တွင် သံလျက်ကို ကိုင်ဆောင်လျက် မြောက်အရပ်မှ အရှေ့အရပ်သို့ ကြွကြောင်း ရိုးရာယုံကြည်မှုများတွင် ဖော်ပြထားသည်။

.

စည်တော်တင်ပွဲ၊ သိကြားမင်းပူဇော်ပွဲနှင့် ဖားရုပ်တု ရေချပွဲတို့ကို ပြုလုပ်လာခဲ့သည်မှာ ကျိုင်းတုံမြို့၏ စည်တော်သမိုင်းစဉ် အရဆိုလျှင် ယခု ၂၀၂၆ ခုနှစ်သည် ၆၁၅ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages