ဆွန်းဆန်စိမ်း
ထည့်လှူရသည့် အိတ်သူငယ်ကို ဆိုလိုပါ၏။ တောင်ကြီးဝန်းကျင်က ခေါ်ပြောလေ့ရှိသော ဒေသသုံးအရ
စိမ်းကို ချန်၊ သူကိုလည်း နှစ်ချောင်းငင် ဖြုတ်ကာ ဆွမ်းဆန်အိတ်သငယ်ဟု ခေါင်းစဉ်ငယ်
တင်လိုက်ရခြင်း ဖြစ်ပါသည်။ ခေါင်းစဉ်ကြီးကမူ “တောင်ကြီးမြို့မှ ပျောက်ကွယ်သွားပြီ ဖြစ်သော”
ဖြစ်ကြောင်း ကမ္ဘောဇတိုင်းသတင်းဂျာနယ်၏ အမာခံပရိသတ်တို့ သိရှိကြပြီး ဖြစ်ပါမည်။ စာသံပေသံအရ
“မှ” ကို သုံးလိုက်ရသော်လည်း စကားပြောအရ အသံထွက်မှာ “တောင်ကြီးမြို့က” ဖြစ်၏။ ဆောင်းပါးကို
ဆက် ရေးရာ၌ ဆွမ်းဆန်အိမ်သငယ်ဟု သုံးသွားပါမည်။
.
မာလကျင်ပိတ်
ဝါကြန့်ကြန့်အစကို အိတ်သငယ်လေးတွေ ချုပ်ကြ၏။ အင်း၊ ဓနုတို့က သေးသည် ငယ်သည်ကို၊ ကလေးငယ်ကို
သငယ်ဟု သုံးကြသည့်အတိုင်း အိတ်သငယ်၊ ဓါးသငယ် စသည်ဖြင့် ဒေသိယစကားအဖြစ် သုံးတတ်ကြပါသည်။
နှုတ်ကျိုးနေကြ၊ အမြဲသုံးနေကြ စကားသည် ဒေသိယစကား ဖြစ်သွားတော့၏။ ဤဒေသမှာ မွေး၊ ဤဒေသမှာ
ကြီးပြီး ဒေသရင်းကို မခွာ၊ သေသည့်တိုင် နေထိုင်သွားကြသူတို့ ဒေသိယစကားကိုသာ နှုတ်ကျိုးပြီး
စာရေးသော မိမိသည်လည်း နှုတ်ကျိုးသည့်အတိုင်း ရေးမိ၏။ စာရေးစတုန်းက ပြန်ပြန်ပြင်၏။ ဒေသိယစကား
ပါလာခြင်းက စာပေတန်းဖိုး ပိုရှိသည်။ မပြင်ပါနှင့်ဟု အကြံပြုကြသူ စာရေးဆရာကြီးများ၊
အကြံပြုကြ၍ နောက်ပိုင်းတွင် ပြင်မနေတော့ပါ။
.
မိမိအသက်
၁၀ နှစ်အောက်သည် ကမ္ဘာသုံးအင်္ဂလိပ်ပြက္ခဒိန်အရ ၁၉၅၆ ခုနှစ် ရှေ့ပိုင်းနှစ်များ ဖြစ်မည်။
မိမိသည် ၁၉၄၆ ခုနှစ်ဖွား ဖြစ်သောကြောင့်ပါ။ ထိုစဉ်တုန်းက တောင်ကြီးမြို့ဝန်းကျင်သုံး
တစ်ပြည်သည် နို့ဆီဘူး ၁၂ လုံး ရှိပြီး နို့ဆီဘူးမှာလည်း ကုလားမခြင်းဆွဲဟု ခေါ်ကြသည့်
ခေတ်ဟောင်းစံချိန်မီသုံး နိုဆီဘူးလွတ်ပါ။ ၆ ဘူးဆို ပြည်ဝက်ဖြစ်၏။ ဆန်သငယ်အိတ်သည် ၆
ဘူး၊ ပြည်ဝက် ဝင်၏။ အများစု လှူတတ်သည့် အိတ်အရွယ် ဖြစ်၏။ အချို့လည်း သဒ္ဒါထက်သန်ပြီး
အိတ်ကြီး လှူတတ်၏။ ဆွမ်းဆန်အိတ်ကြီးသည် ၁၂ ဘူးရှိ တစ်ပြည်ဝင် အိတ်မျိုး ဖြစ်ပါသည်။
.
ပြည်တောင်း
အချိန်အတွယ်သည် တစ်နယ်နှင့် တစ်နယ် မတူတတ်သည်ကို ရေးပြချင်လာ၏။ ၁၉၅၀ ပြည့် ပတ်လည်သည်
ပြည်တော်သာခေတ်ပါ။ ယင်းခေတ်၌ ၁၂ လုံးဝင် ပြည်ကို သုံးသော တောင်ကြီးမြို့ ဝန်းကျင် ပြည်တောင်းမှာ
အရွယ် အငယ်ဆုံးဖြစ်၏။ အင်းလေးကန်တစ်ကြောရှိ ကန်တွင်း၊ ကန်ပတ်လည် ရွာများ၏ ဆန်၊ ပဲ၊
နှမ်း တစ်ပြည်သည် နို့ဆီဘူး ၁၆ ဘူး ဝင်သဖြင့် ပြည်အလတ်စားအရွယ် ဖြစ်၏။ ထိုထက် နည်းနည်း
ကြီးသော ပြည်ကို ဆီဆိုင်၊ နောင်မွန်ဘက်က သုံးကြ၏။ နောင်မွန် ရှမ်းဆန်၊ လင်ပန်းချော
ခေါက်လိုက် နှစ်တင်းဝင်အိတ်ကြီးသည် တောင်ကြီးပြည်ဖြင့် အနည်းဆုံး ၃၈ ပြည် ရှိတတ်ပြီး
၄၂ ပြည် ကျော်သွားတာတောင် ရှိအောင် ပြည်တောင်း ကြီး၏။ အကြီးဆုံးကား ယခင် ကရင်နီပြည်
ခေါ်ကြကာ၊ ယခုကယားပြည်နယ်၏ မြို့တော် လွိုင်ကော်ပြည်တောင်း ဖြစ်၏။ သူတို့တစ်ပြည်ကား
နို့ဆီဘူး ၂၀ ရှိကာ ရံခါ ၂၂ ဘူးတောင် ကျော်သွားသေး၏။ လွိုင်သည် ရှမ်းဝေါဟာရ တောင်မြင့်
အနက်ရှိပြီး၊ ရှေးက လွယ်ဟု ရေးသားခေါ်ဝေါ်ခဲ့ကြ၏။ ဤကား စကားချပ်ပါ။
.
နို့ဆီဘူးကို
ကုလားမခြင်းဆွဲဟု ညွှန်းရခြင်းမှာ သူက မူလလက်ဟောင်းတံဆိပ် ဖြစ်သောကြောင့်ပါ။ နောက်ပိုင်း
ဘလူးကရောက်စ် ကြက်ခြေပြာ၊ ကာနေရှင်း၊ ဇွန်မွှားတို့ ပေါ်လာပြီး၊ ယခုလက်ရှိ လူသုံးများနေသည်မှာ
ဝမ်းတီးဖြစ်၏။ လက်သစ်ပြီးရင် လက်သစ်ပြီးရင်း သစ်ကာ၊ ဘူးကလည်း ငယ်ပြီးရင်း ငယ်သွားကြ၏။
ဝမ်းတီး တစ်ပြည်၊ ၈ လုံးသည် ကုလားမခြင်းဆွဲ ၇ ဘူး မပြည့်ဘဲ အတော်ကြီး လျော့နည်း၏။ ၁၉၆၂
ခုနှစ် နောက်ပိုင်းကြမှ ၈ ဘူး၊ တစ်ပြည်သည် နိုင်ငံနှင့် အဝှမ်း တစ်ပြေးညီ ဖြစ်လာခြင်းပါ။
ဖြစ်ရခြင်းမှာ ပပက ဆိုင်တွေ ပေါ်လာပြီး တစ်ညီတည်း သတ်မှတ်လိုက်သောကြောင့် ဖြစ်သည်။
ပပက သည် အတိုကောက်၊ အရှည်မှာ ပြည်သူ့ကော်ပိုးရေးရှင်း၊ ပြည်သူ့ပစ္စည်း၊ လုပ်ငန်းတွေ
ပြည်သူပိုင် သိမ်းလိုက်သဖြင့် ကိုယ်ပိုင်ပစ္စည်း မရှိ၊ ပြည်သူ့ပစ္စည်းချည်းသာ ဆိုလို၏။
မြန်မာ့နည်း၊ မြန်မာ့ဟန်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဖြင့် ရှေ့သို့ချီတက်နေပါသည်။ ထားတော့
နိုင်ငံရေးစကား ပါသွားလို့ မဖြစ်သေး။ နိုင်ငံ့အရေးသာ ရေးသားကြစို့ရဲ့။
.
ဆွမ်းဆန်စိမ်းအလှူအကြောင်း
ဦးတည်ကြရအောင်ပါ။ ယခုခေတ်အခါ သင်္ကြန်နှစ်ဆန်း တစ်ရက်နေ့၌ ဆွမ်းဆန်စိမ်း လောင်းလှူသော
ဓလေ့ထွန်းကားနေ၏။ တောင်ကြီးမြို့၌လည်း မြို့လယ်ဓမ္မာရုံမှာ စုရပ်ပြုကာ မြို့လုံးကျွတ်
ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို အုပ်ချုပ်ရေးအစိုးရအဖွဲ့ ဦးဆောင်၏။ ဂေါပကအဖွဲ့ ပူးပေါင်း၏။
သံဃာကုန် ထောင်ကျော် အတန်းရှည်ကြီး ဖူးမြင်ရသည်မှာ ဘုရားရှင်လက်ထက် ဆွမ်းခံတန်းကြီးပမာ
ကြည်ညိုစိမ့်စိမ့် ရင်ဖိမ့်ဖိမ့်ခုန်၊ သဒ္ဓါသိမ့်သိမ့်တုန် ပွားများရပါ၏။ အသင်းအဖွဲ့မျိုးစုံ၊
ဌာနပေါင်းစုံတို့၏ ဆွမ်းဆန်လောင်း မဏ္ဍပ်များအပြင်၊ တစ်ဦးချင်း တန်းရှည်ကြီး လောင်းလှူကြပါသည်။
ဝါတွင်း ရပ်ကွက်ပေါင်းစုံ၊ ဆွမ်းနှင့် ဆွမ်းဟင်းများ အလှည့်ကျ လောင်းလှူခြင်းသည် ၈၈၈၈
ခေတ် မတည်ငြိမ်၍ အဆင်အလာ ပြတ်သွားသည်ကို အစားထိုး သာသနာပြု ထောက်ပံ့လှူဒါန်းခြင်း အလှူဖြစ်၏။
ရှေးက ဆွမ်းဆန်အိတ်သငယ်ကို သတိရစေ၍ ဆောင်းပါးရေးသားခြင်း ဖြစ်ပါ၏။
.
တောင်ကြီးမြို့မဈေးကြီး
မြောက်ဘက်၊ ယခု တောင်စိန်ဆိုင်မှ အနောက်ကျကျ စံပြဆိုင်အထိ ရှေးက ဆိုင်ခန်းများ မရှိဘဲ
မြေကွက်လပ် ကျယ်ကြီး ဖြစ်၏။ သင်္ကြန်ခါ ဆွမ်းဆန်အိတ် လှူရန် မဏ္ဍပ်ကြီး ထိုး၊ ဘုရားဆောင်မှာ
ဘုရားဆင်းတု ပင့် ပူဇော်၏။ ဆွမ်းဆန်အိတ်များ စုဆောင်းထားရှိ အာရုံခံရာ ဖြစ်၏။ နှစ်ဆန်းတစ်ရက်နေ့
မနက်ပိုင်း တရားနာ၊ နေ့လယ်တွင် သံဃာတန်းကြီး ဆွန်းဆန်အိတ်များ လောင်းလှူကြ၏။ ဆွမ်းဆန်အိတ်သငယ်
ထောင်ပုံ ရာပုံ။ အိတ်ကြီးတွေလည်း ပါ၏။ ဧပြီလဆန်းလျှင် ရပ်ကွက်လူကြီးက အိမ်ထောင်စုများကို
ဘယ်နှအိတ်လှူမည် စာရင်းကောက်၊ ဗဟိုသို့ ပို့၊ ပေးစာအရ အိတ်ခွံများ ဝေပေး၏။ လှူဒါန်းသူ
အမြဲတိုးလာ၍ အိတ်လောက်ငခြင်း မရှိတတ်ပါ။ တစ်ဦးချင်း သဒ္ဓါ ထက်သန်သူတို့ မာလကျင်ပိတ်အုပ်
ဝယ်ပြီး အိတ်ပုံစံတူ ချုပ်ကာ ပေးလှူတတ်ကြ၏။
.
ပုံစံတူ ဆိုဒ်ညီအောင်
ပိတ်သားညီညီ ဖြတ်၊ စတုဂံပုံ ခေါက်၊ ၄ နားတွင် ပိတ်ခေါက်ဖက်ကို စက်နင်းရန် မလို။ ကျန်သုံးဖက်တွင်
ဆန်ထည့်ရမည့် အနံတိုဘက် ချန်၊ အလျားရှစ် တစ်ဘက်၊ အိတ်အောက်ခြေ အနံတို တစ်ဘက်တို့ကို
အပ်ပေါက်စိပ်စိပ် မြဲအောင် ချုပ်ရ၏။ ၆ ဘူးဆန်ဝင် အိတ်သငယ်၏ အဝင်ဝကို အမျိုးသမီးငယ်
ယုဝတီတို့ အပ်ချည်ဖြင့် သီချုပ်ကုသိုလ် ယူကြ၏။ အိတ်ပေါ်တွင်လည်း ဆွန်းဆန် အလှူရှင်တို့က
မိသားစုနာမည်၊ ရပ်ကွက်လိပ်စာ၊ ခုနှစ်သက္ကရာဇ် ရေးပြီး၊ ကောင်းမှု နတ်လူသာဓု အမျှ၊ အမျှ၊
အမျှဟူ၍ အတိုချုပ် ရေးထိုးလိုက်ကြ၏။ အိတ်ဟောင်း၌ စာတန်းထိုးကို စက္ကူတွင် အလှူရှင်သစ်က
ကမ္ဗည်းတင်ပြီး ကော်မြဲအောင် ကပ်လိုက်ကြသည်။ ရပ်ကွက်အလိုက် တန်းစီ ထမ်း၍ ဗဟိုမဏ္ဍပ်သို့
သွား လှူကြရာ၊ တီးမှုတ်ကခုန် ကြည်ညိုသဒ္ဓါတတ်စေ ဖြန့်ဝေပါတော့သတည်း။
.
“ထာဝရအလှူ”
သဗ္ဗေသတ္တာ အာဟာရတိဋိကာ
စားသောက်နိုင်မှ သက်ရှည်ကြ
အာဟာရသည် ပဓာန
ထမင်းစားမှ တင်းတိမ်ကြ
ဆွမ်းအလှူသည် အဓိက
ဗိုက်ပြည့်ကျန်းမာ ဆောင်နိုင်ပါ
သင်ရှင်သက်ရှည် လူ့ဘဝ
အရေးကြီးတာ ငါးမျိုးမှာ
ဆွမ်းဆန်လှူက ထာဝရ။ ။
.
❏ ဒေါက်တာ
အောင်ကျော်(သွား/ဆရာဝန်)


No comments:
Post a Comment