.
အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာမှာ
ကာကွယ်ရေးစရိတ် အများဆုံး သုံးစွဲတဲ့ နိုင်ငံဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်အတွက်
ကာကွယ်ရေးအသုံးစရိတ်ဟာ အမေရိကန်ဒေါ်လာ ၈၉၃ ဘီလျံ ရှိခဲ့ပြီး အခု ၂၀၂၆ ခုနှစ်
ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရ်တ်က ဒေါ်လာ ၁ ဒသမ ၀၁ ထရီလီယံ ဖြစ်ပါတယ်။
.
၂၀၂၆ ခုနှစ် ကာကွယ်ရေးအသုံးစရိတ် လျာထားချက်ထဲမှာ
ကဏ္ဍတရပ်အနေနဲ့ ထည့်သွင်းထားတာက Passthrough / Classified ထိပ်တန်း
လျှို့ဝှက် စစ်ရေးစီမံကိန်းများအတွက် လျာထားအသုံးစရိတ် အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၅
ဘီလျံ ဖြစ်ပါတယ်။ စစ်လက်နက် သုတေသန လုပ်ငန်းများအတွက် အသုံးစရိတ်က ဒေါ်လာ ၁၇၉
ဘီလျံဖြစ်ပါတယ်။
.
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ Classified
ထိပ်တန်းလျှို့ဝှက် စီမံကိန်းတွေကို Black Projects အမည်းရောင်/လျို့ဝှက် စီမံကိန်းများလို့လည်းရည်ညွှန်းခေါ်ဝေါ်ကြပြီး
သက်ဆိုင်တဲ့ လက်တစ်ဆုပ်စာ လူနည်းစုပဲ သိခွင့်ရကြ၊ သိရှိကြတာဖြစ်ပါတယ်။
တရားဝင်အသုံးအနှုန်းက Unacknowledged Special Access Programs SAPs - ထုတ်ဖော်ကြေညာခြင်းမရှိသည့် အထူးကန့်သတ် လျှို့ဝှက် စီမံကိန်းများ ဖြစ်ပါတယ်။
.
အမေရိကန်ရဲ့
ထိပ်တန်းလျို့ဝှက် စစ်လက်နက် တီထွင်ထုတ်လုပ်ရေးဟာ အများပြည်သူ သိရှိထားကြတာ
ထက် လွန်စွာပိုပြီး ကြီးမားကျယ်ပြန့်ပါတယ်၊ အမှန်တစ်ဝက် အမှားတစ်ဝက်
ရောပြွမ်းထိပ်တန်း လျှို့ဝှက်မှုတွေနဲ့ ပြည့်နှက်နေတာဖြစ်ပါတယ်။
.
SR-71 Blackbird ငှက်မည်းကြီး
ကမ္ဘာ့အမြန်ဆုံး သူလျှိုလေယာဥ်၊ F-117 Nighthawk ကမ္ဘာ့ပထမ ဦးဆုံး ရေဒါနဲ့ ခြေရာခံထောက်လှမ်း၍ မရသည့် Stealth ကိုယ်ပျောက်လေယာဉ်၊ B-2 Spitit ကိုယ်ပျောက် မဟာဗျုဟာ
ဗုံးကြဲလေယာဉ်၊ SR-72 Darkstar ဟိုက်ပါဆောနစ်
အမြန်နှုန်းမြင့် စစ်လေယာဉ် (ထောက်လှမ်းရေး/တိုက်ခိုက်ရေး)၊ B-21 Raider မဟာဗျုဟာ ၆.၀ မျိုးဆက် ဗုံးကြဲလေယာဉ်၊ RQ-180 ကိုယ်ပျောက် မောင်းသူမဲ့ ကင်းထောက် ဒရုန်း ၊ အကြိမ်ကြိမ် ပြန်လည် အသုံးပြုနိုင်တဲ့ X-37 အာကာသသွား ယာဉ်/လေယာဉ် စသည်ဖြင့် ဖြစ်ပါတယ်။
.
အမေရိကန်ရဲ့ ထိပ်တန်းလျှို့ဝှက်
လက်နက်စီမံကိန်းတွေလို့ ဆိုလိုက်တာနဲ့ အမေရိက အနောက်တောင်ပိုင်း
နီဗားဒါးပြည်နယ် တစ်နေရာက Area 51 စစ်စခန်းကြီးနဲ့ တွဲပြီး
မြင်ယောင်တတ်ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အထက်မှာဖော်ပြခဲ့တဲ့
လက်နက်စနစ်တွေကို တီထွင်စမ်းသပ်ခဲ့ကြလို့ ဖြစ်ပါတယ်။
.
အခု နောက်ဆုံး နာမည်ထွက်လာတဲ့ Black
Project တခုက TR-6 TELOS ခေတ်လွန် လေယာဉ် ဖြစ်ပါတယ်။
.
Phoenix Lights နှင့် TR- 6 လေယာဉ်
.
TR ဆိုတာ အမေရိကန် လေတပ်ရဲ့ ဝေါဟာရ ဖြစ်ပြီး
tactical reconaissance နည်းဗျုဟာမြောက် ထောက်လှမ်းရေးလုပ်ငန်း
ဖြစ်ပါတယ်။ TR လေယာဉ်တွေဟာ နာမည်ကျော် U-2 Dragon Lady အမြင့်ပျံ ထောက်လှမ်းရေး/သူလျှိုလေယာဉ်တွေရဲ့
မျိုးဆက်ဖြစ်ပါတယ်။ TR-1 ထောက်လှမ်းရေးလေယာဉ်ကို ၁၉၈၀
ပြည့်လွန်ဆယ်စုနှစ်အတွင်းမှာ U-2 လေယာဉ်ကို အခြေခံပြီး
ထပ်ဆင့်မွမ်းမံ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ TR-1 အပြင် မျိုးဆက်သစ် TR လေယာဉ်တွေကိုပါ
ထုတ်လုပ်ခဲ့ကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေရာမှာ အခု နောက်ဆုံး သတင်းထွက်လာတာကတော့
TR-6 TELOS လေယာဉ် ဖြစ်ပါတယ်။
.
TR-6 အကြောင်းမပြောခင် Phoenix
Lights ဖီးနစ်မြို့ကောင်းကင်ယံက မီးရောင်များ ဆိုတာကို အရင်
ပြောပြပါမယ်။
.
ဖီးနစ်မြို့ဟာ အမေရိကန်နိုင်ငံ၊
အနောက်တောင်ပိုင်း၊ အရီဇိုးနား ပြည်နယ်က လူဦးရေ ၁ ဒသမ ၆၅ သန်းကျော်
နေထိုင်တဲ့ မြို့ကြီးတစ်မြို့ဖြစ်ပြီး
ပြည်နယ်ရဲ့ မြို့တော်လည်းဖြစ်ပါတယ်။ အရီဇိုးနား ပြည်နယ်ဟာ Area 51 စစ်စခန်းတည်ရှိတဲ့ နီဗားဒါးပြည်နယ်နဲ့ ကပ်လျက်တည်ရှိပါတယ်။ ဖီးနစ်
မြို့နဲ့ Area 51 ဟာ မိုင် ၄၅၀ လောက် ကွာဝေးပါတယ်။
.
၁၉၉၇ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ ည ၇ နာရီ ၅၅
မိနစ်အချိန်မှာ နီဗားဒါး ပြည်နယ်ဖက်ကနေ အရီဇိုးနား ပြည်နယ်ဖက်ဆီ
ရွှေ့လျားပျံသန်းလာနေတဲ့ အင်္ဂလိပ် အက္ခရာ V ပုံသဏ္ဍန် ဒါမှမဟုတ်
သုံးမြှောင့် (တြိဂံ) ပုံသဏ္ဌာန်ရှိတဲ့ အရာဝတ္ထုကြီးတစ်ခုကို လူအများ
တွေ့မြင်ခဲ့ကြပါတယ်။ အရာဝတ္ထုကြီးမှာ လိမ္မော်ရောင် မီးလုံး ၅ လုံးကနေ ၆
လုံးပါပြီး အသံတစ်စုံတစ်ရာမထွက်ဘဲ ခပ်နိမ့်နိမ့်အမြင့်ကနေ ပျံသန်းနေခဲ့ တာလို့
မျက်မြင်သက်သေတွေက ပြောပြကြပါတယ်။ ဒီအရာဝတ္ထုကြီးဟာ အချင်း တစ်မိုင်လောက်အထိရှိပြီး
ဖြတ်ကျော်ပျံသန်းသွားတဲ့အခါ ကြယ်တွေကိုပင် ဖုံးကွယ် သွားတယ်လို့လည်း သူတို့က
ပြောကြပါတယ်။
.
အဲဒီနေ့ည ၁၀ နာရီ မှာ ဖီးနစ်မြို့
အနောက်တောင်ဖက် ဆီးရားယား အက်စ်ထရဲလား တောင်တန်း တွေရဲ့ ကောင်းကင်ယံမှာ မရွေ့မလျား
ငြိမ်သက်နေတဲ့ မီးလုံးတွေကို အစုအဝေးတွေကို ဖီးနစ်မြို့သူမြို့သားတွေ
တွေ့ခဲ့ကြရပါတယ်။ ဓါတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေလည်း ရယူခဲ့ကြပါတယ်။ ဖီးနစ်
မြို့သူမြို့သား ၂၀,၀၀၀ ကျော်က ဒီ မီးလုံးအစုအဝေးတွေကို
တွေ့မြင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။
.
ထုံးစံအတိုင်း
အမေရိကန်လေတပ်က ဒီ မီးလုံးတွေဟာ
ဒေးဗစ်မွန်သမ် လေတပ်စခန်း အခြေစိုက် A-10 Warthog တိုက်လေယာဉ် ၅ စီး
အုပ်ဖွဲ့ ပျံသန်းလာတာသာဖြစ်ကြောင်း ရှင်းချက် ထုတ်ပါတယ်။ ဖီးနစ် မြို့အနီး
ကောင်းကင်ယံက မီးလုံးများဆိုတာဟာလည်း လေ့ကျင့်ပျံသန်းနေတဲ့ လေယာဉ်တွေက
ပစ်လွှတ် ခဲ့တဲ့ LUU -2B/ B အချက်ပြမီး ပန်းများသာဖြစ်တယ်လို့
ရှင်းချက်ထုတ်ပါတယ်။
.
အရီဇိုးနားပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးဟောင်း
တစ်ဦးဖြစ်တဲ့ ဖိုက်ဖ်ဆီမင်တန် Fife Symington က ဒီ
မီးလုံးတွေဟာ လေတပ်ကပြောသလို သာမန် စစ်လေယာဉ်တွေရဲ့ မီးရောင်တွေ
မဖြစ်နိုင်ဘူးလို့ နောက်ပိုင်းမှာ ထုတ်ဖော်ပြောကြားသွားပါတယ်။
.
TR-6 TELOS ဆိုတာ Transatmospheric
Electrogravitic Low Observability Surveillance platform - လျှပ်စစ်ဆွဲငင်အား
စနစ်ဖြင့်မောင်းနှင်သော လေထုထဲတွင်သာမက အာကာသဒေသအထိပါ ပျံသန်းနိုင်ပြီး
ရေဒါဖြင့် ခြေရာခံ ထောက်လှမ်း၍မရနိုင်သော
ထောက်လှမ်းရေးယာဉ်/လေယာဉ်ဖြစ်ပါတယ်။
.
TR-6 TELOS လေယာဉ်ကို နော့သ်ရော့
ဂရွမ်းမင်း Northrop Grumman လေယာဉ်ကုမ္ပဏီကြီးက တီထွင်
ထုတ်လုပ်တယ်လို့ ဆိုကြပါတယ်။ TR-6 ဟာ နာမည်ကျော် B-2 Spirit ဗုံးကြဲလေယာဉ်နဲ့ ဆင်တူပေမဲ့ B-2 ထက် သိသိသာသာ ပိုမိုကြီးမားတယ်လို့လည်း လေ့လာသူတွေက ပြောကြပါတယ်။
.
TR-6 ဟာ ကိုယ်ထည်အလျား ၃၀၁ ဒသမ ၂ ပေ၊
တောင်ပံတဖက်ထိပ်ကနေ အခြား ထိပ်တဖက်အထိ ၅၁၉ ပေ၊ အမြင့် ၃၅ ဒသမ ၉ ပေ ရှိပါတယ်။
.
TR-6 လေယာဉ်ကို electromagnetic field disruptor လျှပ်စစ်သံလိုက်စက်ကွင်းကို ဆန့်ကျင် တွန်းအားအဖြစ် ပြောင်းလဲပြီး
အရှိန်ယူပျံသန်းတဲ့ နည်းပညာကို အသုံးပြု ပျံသန်းတယ်လို့ ဆိုပါတယ်။ ဒီ နည်းပညာဟာ
သီအိုရီအရ အမြန်နှုန်း တစ်နာရီ မိုင် ၇၆၀၀ ကျော်ကနေ အလင်းရဲ့ အမြန်နှုန်းနီးပါး
( ၁ စက္ကန့်လျင် မိုင်ပေါင်း ၁၈၆,၀၀၀ / တနာရီလျင် မိိုင်
သန်းပေါင်း ၆၇၀ နီးပါး ) ရှိနေတာဖြစ်ပါတယ်။ အာကာသထဲမှာ ပျံသန်းဖို့အတွက်
တနာရီကို အမြန်နှုန်း ၁၇,၅၀၀ မိုင် ရှိရမှာဖြစ်ပါတယ်။
ဒါကြောင့် TR-6 TELOS ရဲ့
အမြန်နှုန်းဟာ မိုင် ၇၆၀၀ ကနေ မိုင် ၁၈,၀၀၀ နီးပါးအထိ
ယေဘူယျ ရှိမယ်လို့ ခန့်မှန်းနိုင် ပါတယ်။
.
အထက်မှာ ဖော်ပြခဲ့တဲ့ electromagnetic
field disruptor နည်းပညာရဲ့
အားသာချက် တစ်ခုက လေထဲမှာ မရွှေ့မလျားဘဲ
ရပ်တန့်နေရာကနေ စက္ကန့်ပိုင်းအတွင်း အမြန်နှုန်းမြင့်စွာ အရှိန်တင် မောင်းနှင်ပျံသန်း
နိုင်စွမ်းရှိတယ်လို့ ဆိုကြပါတယ်။ ဒီ နည်းပညာ အသုံးပြုတဲ့ အင်ဂျင်စက်တွေဟာ
အသံဆိတ်ငြိမ်ပါတယ်။ ဓါတ်ဆီ သုံး
သာမန် အင်ဂျင်စက်တွေလို အသံဆူညံခြင်း
မရှိပါ။
.
တရားဝင် ထုတ်ပြန်ချက်တွေအရ လက်ရှိမှာ အမေရိကန်
အမျိုးသား လေကြောင်းနဲ့ အာကာသ အေဂျင်စီ NASA ရဲ့ X-43 ဟိုက်ပါဆောနစ်လေယာဉ်က တစ်နာရီကို ၇၃၂၄ မိုင်နှုန်းနဲ့
ကမ္ဘာ့အမြန်ဆုံး စံချိန်လေယာဉ် အဖြစ် စံချိန်တင်ထားပါတယ်။ X-43 ဟာ Scramjet ခေါ် ဟိုက်ပါဆောနစ်အမြန်နှုန်း (အသံထက်
၅ ဆ အမြန်နှုန်း ၃၈၁၅ မိုင်) ရရှိစေတဲ့ လေယာဥ် အင်ဂျင်ဖြစ်ပါတယ်။
.
TR-6 TELOS လေယာဉ်ကို
ရေဒါနဲ့ ခြေရာခံထောက်လှမ်းလို့မရစေအောင် အဆင့်မြင့် အီလက်ထရွန်းနစ် စစ်ရေး
နည်းစနစ်တွေ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မျက်မြင်တွေ့ဖို့ မဖြစ်နိုင်အောင်လည်း လျှပ်စစ်သံလိုက်စွမ်းအင်ကို
အသုံးပြုထားတဲ့ ကိုယ်ပျောက်နည်းပညာ ပါရှိတယ်လို့ဆိုပါတယ်။ Starfield
lightning နည်းပညာကို အသုံးပြုပြီး ကောင်းကင် နဲ့ တသားတည်း
ဖြစ်အောင် ကိုယ်ရောင်ဖျောက် cloaking ထားနိုင်တယ်လို့လည်း
ဆိုပါတယ်။
.
အမေရိကန် အစိုးရအနေနဲ့ သူတို့ရဲ့ ထိပ်တန်းလျှို့ဝှက်
စစ်လက်နက် ထုတ်လုပ်ရေး စီမံကိန်းတွေကို များသောအားဖြင့် ထုတ်ဖော် ကြွားဝါလေ့
မရှိပါ။ ဒါပေမဲ့ ပြိုင်ဖက် နိုင်ငံတွေ ရေလိုက်လွဲအောင်တော့ အမေရိကန်ရဲ့
လွတ်လပ်စွာရေးသားပြောဆိုခွင့်မူကို အသုံးပြုပြီး သတင်းအမှန်တစ်ဝက်၊ အမှားတစ်ဝက်
ထုတ်ပြန်လေ့ရှိပါတယ်။ ဒါကြောင့် TR-6 TELOS တကယ်မရှိပါဘူးလို့ ဘယ်သူမျှ ယတိပြတ်မပြောရဲကြတာ ဖြစ်ပါတယ်။
.
Phoenix မြို့ကောင်းကင်ယံမှာ
မြင်တွေ့ခဲ့ကြရသလို အဲဒီ အရင် ၁၉၈၉ ခုနှစ် အနှောင်းပိုင်းကနေ ၁၉၉၀ ပြည့်လွန်ဆယ်စုနှစ် အစောပိုင်းကာလတွေအထိ
ဥရောပတိုက် အနောက်ပိုင်း ဘဲလ်ဂျီယမ် နိုင်ငံကောင်းကင်မှာ
အမျိုးအမည်မသိယာဥ်ပျံများ ကို ပြည်သူအများ တွေ့မြင်ခဲ့ကြရတဲ့ ဖြစ်ရပ် တွေ
ဖြစ်ခဲ့ပါ တယ်။ ထောင် နဲ့ ချီတဲ့ မျက်မြင် သက်သေတွေထဲမှာ ရဲအဖွဲ့ဝင်တွေ၊
တပ်မတေည်သားတွေပါ ပါဝင်နေခဲ့ကြပါတယ်။
.
ဘယ်လ်ဂျီယမ်တို့တွေ့ခဲ့ကြတဲ့ အမျိုးအမည်မသိ ယာဉ်ပျံတွေဟာ
တြိဂံပုံသဏ္ဌာန်ရှိပြီး တြိဂံပုံ ကိုယ်ထည် အနားထိပ်တဖက်မှာ မီးလုံး တလုံးစီနဲ့ ယာဉ်ပျံကိုယ်ထည်အောက်
အလယ်တည့်တည့်မှာ တဖျတ်ဖျတ် လက်နေတဲ့
မီးအနီပါရှိပါတယ်။
.
ဘယ်လ်ဂျီယမ် လေတပ်က ဒီ အမျိုးအမည်မသိ ယာဉ်ပျံတွေနောက်ကို
F-16 တိုက်လေယာဉ်တွေ စေလွှတ်ပြီး လေ့လာစေခဲ့ပါတယ်။ ဒီ
အမျိုးအမည်မသိ ယာဉ်ပျံတွေဟာ အသံတစုံတရာမျှ မထွက်ဘဲ ဆိတ်ငြိမ်စွာ
ပျံသန်းကြကြောင်း၊ သာမန် လေယာဉ်တွေထက် အဆပေါင်းများစွာ လျှင်မြန်တဲ့
အမြန်နှုန်းတွေ ရှိကြတဲ့အပြင် ရုတ်ခြည်း အထက်-အောက် / ဘယ်- ညာ ပြောင်းလဲ
ပျံသန်းနိုင်တာကို ကြည့်ခြင်းအားဖြင့် လူသားတို့ ထုတ်လုပ်ထားတဲ့ ယာဉ်တွေမဟုတ်ကြောင်း
ဘယ်လ်ဂျီယမ် လေတပ်ရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
.
အချို့က ဒီယာဉ်ပျံတွေဟာ အမေရိကန်တို့
စမ်းသပ်နေတဲ့ TR-3 B Black Manta ခေတ်လွန်
ယာဉ်ပျံ ဖြစ်နိုင်တယ် ဆိုပြီး ယူဆနေခဲ့ကြပေမဲ့ ယနေ့အထိ အဖြေ မပေါ်ပါ။
.
TR-6 ကို နော့သ်ရော့ ဂရွမ်းမင်း လေယာဉ်ကုမ္ပဏီကြီးရဲ့
website မှာ ဖော်ပြထားခြင်းမရှိပါ။ ဒါပေမဲ့ black
project ဆိုတာ မည်သည့်အခါမျှ တရားဝင် ထုတ်ပြန်ဖော်ပြခြင်းမရှိပါ။
.
အကယ်၍သာ TR-3 B
Black Manta နဲ့ TR-6 TELOS ယာဥ်တွေသာ အမှန်တကယ် ရှိနေပြီဆိုရင် အမေရိကန်တို့ရဲ့
နည်းပညာ အဆသ့်အတန်းကို ခန့်မှန်းရခက်မှာဖြစ်ပါတယ်။
.
Area 51 စစ်စခန်း/လေတပ်စခန်းကြီး ကို စတင်
တည်ဆောက် အသုံးပြုခဲ့တာက အမေရိကန် ဗဟို ထောက်လှမ်းရေးအေဂျင်စီ CIA ဖြစ်ပြီး ၁၉၅၀ ပြည့်လွန်ဆယ်စုနှစ်ကာလ အလယ်ပိုင်း နှစ်တွေမှာ လျှို့ဝှက်
လက်နက်စနစ် စမ်းသပ်မှုတွေ စတင်ခဲ့ပါတယ်။ ဒီ စစ်စခန်း တည်ရှိနေကြောင်း ၁၉၇၀ ပြည့်လွန် ဆယ်စုနှစ်ကာလကစတင်ပြီး
သတင်းတွေ ထွက်ပေါ်နေခဲ့ပေမဲ့ အမေရိကန် အစိုးရက ဝန်မခံ၊ မငြင်းဆိုဘဲ ရေငုံ
နှုတ်ပိတ်ပြီးသာ နေခဲ့တာ ၂၀၁၂/ ၂၀၁၃ ခုနှစ်ရောက်တော့မှ CIA ရဲ့ ထုတ်ပြန်ချက်တွေအရ တရားဝင် သိရှိကြရတာ ဖြစ်ပါတယ်။
.
Area 51 ထက် ပိုမို လျှို့ဝှက်တဲ့ S-4 စစ်စခန်းဆိုတာလည်း အဲဒီ အနီးတဝိုက်မှာရှိနေသေးတယ်လို့ သတင်းတွေ
ထွက်ပေါ်နေပြန်ပြီဖြစ်ပါတယ်။ Area 51 နဲ့
မလှမ်းမကမ်းမှာတည်ရှိတဲ့ Papoose ရေကန်ကြီးမှာ
တည်ရှိတယ်လို့ ဆိုကြပါတယ်။ S-4 စစ်စခန်းမှာ အမေရိကန်တို့
သိမ်းဆည်းရရှိထားတဲ့ တခြားဂြိုလ်တွေက
အဆင့်မြင့် ယာဉ်ပျံ (UAP/UFO) တွေကို တစစီဖြုတ်လေ့လာပြီး reverse
engineering နည်းစနစ်နဲ့ ပြန်လည်တည်ဆောက်စမ်းသပ်နေတယ်ဆိုတဲ့
သတင်းတွေ စတင် ထွက်ပေါ်လာတာ ၁၉၉၀ ပြည့်လွန်ဆယ်စုနှစ်အတွင်းဖြစ်ပါတယ်။ S-4 စခန်းက တကယ်ရှိနေတာလား၊ အဲဒီမှာ
သတင်းတွေထွက်နေသလို တကယ်ပဲ လုပ်ကိုင်ဆောင်ရွက်နေကြတာလား၊ ဒါမှမဟုတ် S-4 ကို အယောင်ပြ သတင်းလွှင့်ထားပြီး
တခြား ဘယ်ထိပ်တန်းလျှို့ဝှက်လက်နက်/နည်းပညာစီမံကိန်းတွေကို
လုပ်ကိုင်ဆောင်ရွက် နေကြသလဲ၊ ဘယ်သူမျှ မသိ၊ ညယ်သူမျှ တပ်အပ်သေချာ
မပြောနိုင်သေးပါ။
.
References
Simple Planes website
Sandboxx website
The War Zone
Defense News
AI Researches
.
Photo – espacioenblanco
.
စည်သူစိုးမိုး
.



No comments:
Post a Comment