တရုတ်သို့ ခရီးနှင်ခြင်းကနေ ထရမ့်တစ်ယောက် ဘာတွေရသွားခဲ့လဲ [ဆောင်းပါး] - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, May 16, 2026

တရုတ်သို့ ခရီးနှင်ခြင်းကနေ ထရမ့်တစ်ယောက် ဘာတွေရသွားခဲ့လဲ [ဆောင်းပါး]

 


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တစ်ယောက် တရုတ်ကနေ အမေရိကန်ကို ပြန်ပါပြီ။ ၂ ရက်ကြာ ဆွေးနွေးပွဲအပြီးမှာ အောင်မြင်တဲ့ဆွေးနွေးပွဲတစ်ခု ဖြစ်ခဲ့တယ်လို့ ထရမ့် က ကြေညာခဲ့ပြီး ရှီကျင့်ဖျင် ကိုလည်း လာမယ့်အောက်တိုဘာမှာ အိမ်ဖြူတော်ကိုလာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီတော့ အောင်မြင်တဲ့ ဆွေးနွေးပွဲကနေ ထရမ့်တစ်ယောက် ဘာတွေ အမြတ်ထွက်သွားခဲ့လဲ ကြည့်ရအောင်။
.
ထရမ့်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ အရေးပါတဲ့ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့အတွက် ဘေဂျင်းကို ရောက်လာခဲ့တာဖြစ်ပြီး စိုက်ပျိုးရေး၊ လေကြောင်း၊ လျှပ်စစ်ကားနဲ့ AI လုပ်ငန်းတွေက ထင်ရှားတဲ့ စီးပွားရေးသမားတွေကိုပါ ခေါ်ချလာခဲ့တာပါ။ အီရန်စစ်ပွဲနဲ့ပတ်သက်လို့ တင်းမာမှုတွေရှိနေပေမဲ့လည်း ဒီဆွေးနွေးပွဲမှာတော့ ထရမ့်က စီးပွားရေးကိစ္စတွေကို ပိုအာရုံထားပုံရပြီး စီးပွားရေးလုပ်ငန်းတွေရဲ့ အရေးကြီး သဘောတူညီချက်တွေ၊ နိုဝင်ဘာမှာသက်တမ်းကုန်မယ့် အခွန်စည်းကြပ်မှု သဘောတူညီချက်တွေကို သက်တမ်းဆက်တိုးနိုင်ဖို့ မျှော်လင့်ချက်တွေကို သယ်ဆောင်လာတာပါ။
.
ထရမ့်ရဲ့ ခရီးစဉ်တစ်လျောက်လုံးကို ခြုံကြည့်လိုက်ရင် အောင်မြင်တဲ့ ခရီးစဉ်တစ်ခုလို့ ပြောရမှာဖြစ်ပြီး အဆင်ပြေတဲ့ ဆွေးနွေးမှုတွေ၊ သင်္ကေတဆန်တဲ့ အခမ်းအနားတွေနဲ့ တရုတ်က သူ့ကိုကြိုဆိုခဲ့တာပါ။ ထရမ့်ကို ကြိုဆိုဖို့ ဂုဏ်ပြုစစ်တပ်ရဲ့တန်းစီမှု၊ နိုင်ငံတော်ညစာစားပွဲတွေနဲ့ တရုတ်ကွန်မြူနစ်ပါတီဝင်တွေ နေထိုင်အလုပ်လုပ်တဲ့ သီးသန့်အဆောက်အဦးဆီ ဖိတ်ကြားခြင်း စတဲ့အစီအစဉ်တွေနဲ့ တရုတ်က ပြင်ဆင် ထားခဲ့တာပါ။
.
FOX News နဲ့ အင်တာဗျူးမှာတော့ ထရမ့်က တရုတ်နိုင်ငံအနေနဲ့ တရုတ်ကိုလိုက်ပါလာတဲ့ စီးပွားရေးသမား တွေနဲ့အတူ ဒေါ်လာဘီလီယံရာချီတဲ့ ရင်းနှီးမြုပ်နှံမှုတွေ လုပ်သွားမှာလို့ပြောခဲ့ပါတယ်။ ဒါပေမဲ့ အသေးစိတ် ကိုတော့ မပြောခဲ့တာကြောင့် ဘာတွေဘယ်လိုမြုပ်နှံမယ်ဆိုတာ မသိကြရပြန်ပါဘူး။
.
ဒါ့အပြင် တရုတ်က အမေရိကန်ရဲ့ ဘိုးအင်းလေယာဉ် ၂၀၀ ဝယ်ယူဖို့ သဘောတူညီခဲ့ပါသေးတယ်။ တရုတ် အနေနဲ့တော့ အမေရိကန်ရဲ့ကုန်သွယ်ရေးလေယာဉ်တွေကို ဆယ်စုနှစ်တစ်ခုအတွင်း ပထမအကြိမ် ပြန်လည် ဝယ်ယူတာဖြစ်ပြီး အမေရိကန်ဖက်က မျှော်မှန်းထားတဲ့ အရေအတွက်ထက်တော့ နည်းနေပါတယ်။
.
ထရမ့်ရဲ့တရုတ်ခရီးစဉ်မှာ လူတွေစိတ်ဝင်စားမှုအရှိဆုံးက ထရမ့်နဲ့အတူပါလာတဲ့ အီလွန်မာ့စ်၊ Nvidia ရဲ့ အမှုဆောင်ချုပ် ယန်ဆန် ဟောင်း တို့ပါပဲ။ ဒီလူတွေပါလာတာကိုက ထရမ့်အနေနဲ့ တရုတ်နဲ့ပတ်သက်ပြီး အရေးကြီးတဲ့ စီးပွားရေးအစီအစဉ်တွေရှိတယ်ဆိုတာ သိသာမြင်သာ ဖြစ်သွားစေပါတယ်။ ဟောင်းရဲ့ ပါဝင်မှု က ပိုလို့စိတ်ဝင်စားစရာကောင်းခဲ့တာပါ။ သူက ထရမ့်ရဲ့ကိုယ်စားလှယ်အဖွဲ့စာရင်းမှာ ပါဝင်ခြင်းမရှိခဲ့ပေမဲ့ နောက်ပိုင်းမှာမှ လိုက်ပါဖို့ဖြစ်လာခဲ့တာပါ။ သူ ပါလာတာကြောင့် တရုတ်အနေနဲ့ AI နဲ့ ချစ်ပ် နည်းပညာ အသုံးပြုမှုမှာ ပိုပြီး ရင်းနှီးမြုပ်နှံဖို့ဖြစ်လာလိမ့်မယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိလာခဲ့ပါတယ်။ အီလွန်မာ့စ်ရဲ့ တက်စလာ ကလည်း တရုတ်ဈေးကွက်ကို အရမ်းမှီခိုနေရတာဖြစ်တာမို့ တရုတ်နဲ့ ဆက်ဆံရေး ကောင်းမွန်ခြင်းက သူ့အတွက် ပိုကောင်းတဲ့အခွင့်အရေးတွေ ဖြစ်လာဖို့ရှိနေတာပါ။ တရုတ်နဲ့ အမေရိကန်ရဲ့ ဆွေးနွေးပွဲမှာ AI က အဓိက အကြောင်းအရာတစ်ခု ဖြစ်လိမ့်မယ်လို့ အားလုံးက မျှော်မှန်းထားခဲ့ပေမဲ့လည်း AI နဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေကတော့ ဘာတစ်ခုမှ ပေါ်ထွက်မလာခဲ့ပါဘူး။
.
ပြီးခဲ့တဲ့နှစ်က အပြန်အလှန် အခွန်တိုက်ပွဲဆင်နွှဲနေကြတာကြောင့် အမေရိကန်စိုက်ပျိုးမွေးမြူရေးသမားတွေ ထိခိုက်ခဲ့ပြီး ပဲ၊ ကြက်သားနဲ့ အမဲသားတွေကို တရုတ်နိုင်ငံကို ပိုပြီးတင်ပို့ချင်နေကြတာပါ။ ဒီဆွေးနွေးပွဲမှာ တရုတ်ဖက်က အမေရိကန်ကုန်စည်တွေကို ပိုဝယ်မယ်လို့ ကတိပေးခဲ့ပေမယ့် တရုတ်နိုင်ငံရေး ဝန်ကြီးဌာန ကတော့ သဘောတူညီချက်အသစ်တွေကို အတည်မပြုခဲ့ပဲ တည်ငြိမ်တဲ့ကုန်သွယ်ရေးကိုသာ ကြိုးစားသွားမှာဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။
.
အမေရိကန်ကုမ္ပဏီတွေ တရုတ်ဈေးကွက်ထဲ ဝင်ရောက်ဖို့နဲ့ တရုတ်ရင်းနှီးမြုပ်နှံမှုတွေကို အမေရိကန်စက်မှု လုပ်ငန်းတွေမှာ တိုးမြှင့်ဖို့ကိုလည်း ထရမ့်က အောင်အောင်မြင်မြင်ပဲ ဆွေးနွေးနိုင်ခဲ့ပါတယ်။ အမေရိကန်ရဲ့ တရုတ်နဲ့ ပတ်သက်တဲ့တစ်ခုတည်းသော ပြသနာက များပြားတဲ့စည်းကမ်းချက်တွေနဲ့ စာရွက်စာတမ်း လုပ်ငန်းစဉ်တွေဖြစ်ပြီး စီးပွားရေးလုပ်ဖို့ ထင်သလောက် မလွယ်ဘူးလို့ အမေရိကန်စီးပွားရေးသမားတွေက မှတ်ချက်ပေးထားကြတာပါ။
.
ရှီကျင့်ဖျင်ကတော့ စီးပွားရေးဆွေးနွေးမှုတွေမှာ အပြုသဘောဆောင်တဲ့ သဘောထားကိုပြသခဲ့ပြီး အမေရိကန် စီးပွားရေးခေါင်းဆောင်တွေအတွက် တရုတ်ရဲ့တံခါးတွေကို ပိုဖွင့်ပေးသွားမယ်လို့ ပြောဆိုခဲ့ တာပါ။ တရုတ်နဲ့အမေရိကန်တို့ကြားမှာ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် ခရီးသွားလုပ်ငန်းတွေကိုပါ ပူးပေါင်းဆောင်ရွက်သွားဖို့ ညှိနှိုင်းခဲ့ကြပြီး အဆင်ပြေတဲ့ ဆွေးနွေးမှုတွေ ဖြစ်သွား ခဲ့ပါတယ်။
.

ဒီဆွေးနွေးပွဲရဲ့ အဓိကအချက်တစ်ချက်ဖြစ်တဲ့ ဟောမုရေလက်ကြားပြသနာကိုလည်း တရုတ်က မီးစိမ်း ပြသွားပြီး ရှီကျင့်ဖျင်က “ဟောမုရေလက်ကြားဖွင့်ထားတာကို မြင်ချင်ပါတယ်၊ ကျွန်တော်ကူညီနိုင်တာရှိရင် ကူညီချင်ပါတယ်” လို့ ပြောခဲ့တဲ့အကြောင်း ထရမ့်က ပြန်လည်ဖောက်သည်ချပါတယ်။
.
ပြောရရင်တော့ ထရမ့်ဟာ တရုတ်ကို ပါးနပ်စွာနဲ့ပဲ သွားခဲ့ပြီး စီးပွားရေးအရ အခွင့်အလမ်းတွေကို အများကြီး ရအောင် ဆွေးနွေးပြီး ပြန်နိုင်ခဲ့တာပါ။ ဒါ့အပြင် ဟောမုရေလက်ကြားနဲ့ပတ်သက်ပြီး တရုတ်က မီးစိမ်းပြ လိုက်တာ၊ အီလွန်မာ့စ်၊ ဟောင်း တို့လို စီးပွားရေးခေါင်းဆောင်တွေ အလုပ်ဖြစ်သွားတာတွေက အကောင်းဆုံး အကျိုးအမြတ်တွေပါပဲ။
.
ဒါ့ကြောင့်ပဲ ထရမ့်ဟာ သူအရမ်းပြောချင်နေတဲ့ ထိုင်ဝမ်ကိစ္စကို အောင့်အီးပြီး မပြောပဲနေခဲ့တာ ဖြစ်ပြီး အဲဒါရဲ့ နောက်ဆက်တွဲ အနေနဲ့တော့ တော်တော်လေး အဆင်ပြေသွားခဲ့တယ်လို့ပဲ နိဂုံးချုပ်နိုင်ပါတယ်။
.
#KBZTai #International #USA #China
.

 

No comments:

Post a Comment

Pages