တောင်ကြီးမြို့ပေါ် ရပ်ကွက်တွေမှာ လျှပ်စစ်မီးကြိုး ဖြတ်ယူ အခိုးခံရတဲ့
သတင်းတွေ မကြာခဏ ဆိုသလို ကြားရတတ်တယ်။ ရပ်ကွက် အစွန်ကျတဲ့ နေရာတွေ၊ လူခြေပြတ်တဲ့ နေရာက
အိမ်တွေမှာ အများဆုံး ခိုးယူခံရမှု ဖြစ်ပွားတတ်ကြောင်း ကြားသိနေရပါတယ်။ မီးကြိုးဖြတ်
ခိုးယူခံရတဲ့ အချိန်တွေကတော့ ညနက် ၁၂ နာရီနဲ့ မနက် ၄ နာရီကြား အချိန်တွေမှာ အများဆုံး
ဖြစ်ပွားတတ်တယ်လို့ သိရပါတယ်။
.
လူနေအိမ်နဲ့ လျှပ်စစ်မီးတိုင် အလှမ်းဝေးတဲ့ နေရာတွေမှာ သွယ်တန်းထားတဲ့
မီးကြိုးတွေက သူခိုး ကြိုက် အလွန်အင်မတန် စန်းပွင့်တဲ့ အနေအထားတွေလို့ ဆိုကြပါတယ်။
အဲဒီလိုနေရာတွေမှာ တပ်ဆင်ထားတဲ့ မီးကြိုးတွေက ပေရှည်တွေ ဖြစ်တဲ့ အတွက် သူခိုးလက်ခံဈေးကွက်
အတွင်းမှာလည်း ဈေးကောင်း ရကြတယ်လို့ ပြောဆိုမှုတွေ ရှိပါတယ်။
.
မီးကြိုးဖြတ် ခိုးယူသူတွေက အချိန်ကို စနစ်တကျ အသုံးချပြီး ခိုးယူကြတယ်လို့
သိရပါတယ်။ သက်ဆိုင်ရာက လျှပ်စစ်မီး ခွဲဝေဖြန့်ဖြူးမှုနဲ့ ပတ်သက်ပြီး အချိန်ဇယားနဲ့
အများပြည်သူတွေ သိရှိအောင် အွန်လိုင်း ပလက်ဖောင်းကနေ အသိပေးတာတွေ ရှိပါတယ်။ အဲဒီလို
ထုတ်ပြန်ပေးတဲ့ အချိန်ဇယားကို အသုံးချပြီး မီးကြိုးဖြတ် သူခိုးများက အရပ်တကာလှည့်ပြီး ခိုးကြတယ်လို့ သိရပါတယ်။
.
အများပြည်သူ လျှပ်စစ်မီး အသုံးပြုရတာ အဆင်ပြေအောင် ကျွန်တော်တို့က အချိန်ဇယားနဲ့
အွန်လိုင်းကနေ ဖြစ်စေ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးတွေကို ဖြစ်စေ အကြောင်းကြားပြီး ထုတ်ပြန်ပေးတာတွေ ရှိခဲ့ပါတယ်။ သူခိုးတွေက
အဲဒီအချိန်ဇယားကို ကြည့်ပြီး မီးပျက်တဲ့ အချိန်တွေ၊ ညပိုင်း မီးပျက်နေတဲ့ နေရာတွေမှာ
မီးကြိုးတွေ ဖြတ်ခိုးနေတာမျိုး တွေကြုံရတယ်လို့ သက်ဆိုင်ရာ တာ၀န်ရှိသူတစ်ဦးက ပြောဆိုပါတယ်။
လျှပ်စစ်မီးကြိုးဖြတ် ခိုးယူခံရမှု အများဆုံး ဖြစ်ပွားတဲ့ ရပ်ကွက်တွေအနေနဲ့
ကျောင်းကြီးစု၊ ကံကြီး၊ ဘုရားဖြူနဲ့ ချမ်းသာရပ်ကွက်တွေက အမှတ်ပေးဇယားထိပ်မှာ ရှိနေကြတယ်လို့လည်း
သိရပါတယ်။ လျှပ်စစ်မီးတိုင်ကနေ လူနေအိမ်ကို သွယ်တန်းထားတဲ့ ဆားဗစ်ကြိုးတွေကို အများဆုံး
ခိုးယူနေကြခြင်း ဖြစ်ပါတယ်။
.
ဒီလို ခိုးယူခံရတဲ့ လျှပ်စစ်မီးကြိုးတွေ ပြန်လည်ရောင်းချနိုင်ဖို့ သူခိုးလက်ခံ
ဈေးကွက်ကလည်း တိတ်တခိုး ဖွံ့ဖြိုးတိုးတက်နေတယ်လို့ သုံးသပ်ပြောဆိုမှုတွေ ရှိပါတယ်။
ခိုးယူလာတဲ့ပစ္စည်းကို လက်ခံမယ့် နေရာမရှိရင်တော့ လျှပ်စစ်မီးကြိုး ခိုးယူမှုတွေ ကင်းစင်သွားမယ်လို့တော့
ယူဆနိုင်ပါလိမ့်မယ်။ နှစ်ဦးနှစ်ဖက် လက်ရည်တပြင်တည်း ဖြစ်ကြလို့သာ မီးကြိုးဖြတ် ခိုးတဲ့ကိစ္စက
ကြီးထွားနေဆဲလို့ ဆိုရမှာပါ။
.
မီးကြိုးဖြတ် သူခိုးတွေက အတင့်ရဲလာတယ်လို့တောင် ဆိုကြပါတယ်။ နေအိမ်ကို
သွယ်တန်းထားတဲ့ ဆားဗစ်ကြိုးတွေ အပြင် ဓာတ်တိုင်နှစ်တိုင် ကြားက လျှပ်စစ်ကေဘယ်ကြိုးတွေကိုတောင်
ဖြတ်ယူ ခိုးကြတဲ့ အထိပါ။ ဒီလိုပစ္စည်းတွေ အတွက်လည်း ဈေးကွက်ကြီး တစ်ခု ခိုင်ခိုင်ခံ့ခံ့
ရှိနေတဲ့ အတိုင်းပါ။
.
လျှပ်စစ်သမားတွေ သုံးတဲ့ ဓာတ်တိုင်တက် ဖိနပ်ဆိုတာမျိုးကို တချို့သော ဈေး၀ယ်စင်တာကြီးတွေမှာ လွယ်လွယ်ကူကူ ၀ယ်လို့ ရနေတာလည်း ပြဿနာ တစ်ခုပေါ့။ ကြီးကြီးမားမား ခိုးတဲ့လူတွေက အဲဒီလို ပစ္စည်းတွေ သုံးပြီး ခိုးလို့ ဖမ်းဆီး အရေးယူ အပြစ်ပေးထားတွေရှိပါတယ်လို့ တာ၀န်ရှိသူ တစ်ဦးက ဆိုပါတယ်။
.
သက်ဆိုင်ရာ အနေနဲ့ အများပြည်သူ လျှပ်စစ်မီးသုံးစွဲမှုနဲ့ ပတ်သက်ပြီး အချိန်ဇယား ထုတ်ပြန်တာမျိုး ပြုလုပ်ပေးနိုင်ပေမယ့် သူခိုးလမ်းပြ ဖြစ်မှာ စိုးရိမ်လာရတဲ့အတွက် ထုတ်ပြန်ပေးဖို့ ခက်ခဲနေကြောင်းလည်း သိရပါတယ်။ လွန်ခဲ့တဲ့ လပိုင်းက ချမ်းသာရပ်ကွက်၊ ရှုခင်းသာလမ်းထဲမှာ ဓာတ်တိုင်ချင်း ချိတ်ဆက် သွယ်တန်းထားတဲ့ လျှပ်စစ်ကေဘယ်ကြိုး ဖြတ်ယူ ခိုးခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
.
ညနက်ပိုင်း လျှပ်စစ်မီး ပျက်တဲ့အချိန်မှာ ဓာတ်တိုင်ပေါ်အထိ တက်ပြီး မီးကြိုးဖြတ် ခိုးယူသွားကြတယ်လို့ ဆိုပါတယ်။ လျှပ်စစ်ကေဘယ်ကြိုးနဲ့ အိမ်သုံး ဆားဗစ်ကြိုးတွေကို မူးယစ်ဆေး သုံးစွဲသူတွေနဲ့ လောင်းကစားဂိမ်း ကစားတဲ့သူ အများဆုံး ပြုလုပ် ကျူးလွန်ကြတယ်လို့ ဆိုကြပါတယ်။
.
“မီးပုံမှန်လာတဲ့ အချိန်ဆို ကိစ္စမရှိဘူး။ ညပိုင်း မီးပျက်တဲ့ အချိန်တွေဆို မီးကြိုးဖြတ် ခိုးမှာ ကြောက် နေရတယ်။ အိမ်နဲ့ မီးတိုင်က ဝေးတော့ တစ်ခါ အခိုး ခံရပြီးပြီ။ ပေ ၂၀၀ လောက် ပါသွားတယ်။ ပစ္စည်း ၀ယ်တာနဲ့ ပြန်တပ်ရတာနဲ့ ပိုက်ဆံတော်တော် ကုန်သွားတယ်။” လို့ ကံကြီးရပ်ကွက်အတွင်းက မီးကြိုး ဖြတ် သူခိုးနှိပ်စက်ခံရသူ တစ်ဦးကလည်း ပြောဆိုပါတယ်။
.
အလင်းမှာ မြင်ရပြီး အမှောင်ကျတာနဲ့ ပျောက်သွားတဲ့ သဘောတရားလို့ ဆိုရလေမလား။ သူခိုးဆိုတာမျိုးက ခေါင်းမှာ ချိုတပ်ပြီး သွားနေတာမျိုး မဟုတ်တော့ ပါသွားတော့မှ ခိုးယူခံလိုက်ရပြီဆိုတာ သိနိုင်တဲ့အဖြစ်။ ခိုးယူသူနဲ့ သူခိုးလက်ခံတွေ ငြိမ်းချမ်းရေး ရနေသမျှ ဒီလိုမီးကြိုးဖြတ် သူခိုးရန်က ပူနေကြရဦးမယ့် အနေအထား တစ်ရပ်ပါ။ ၂၄ နာရီ လျှပ်စစ်မီး အချိန်ပြည့် ရရင်တော့ မီးကြိုးဖြတ် သူခိုးများ ဇာတ်သိမ်းမလား ဆိုတာတော့ ပိတ်ကားထက် စောင့်ကြည့်ယုံသာ။ ။
.
❏ အောင်ဆန်းဝင်း

No comments:
Post a Comment