.
၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်
.
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ကတော့
နယူးယော့ခ်တိုင်းမ်သတင်းစာရဲ့ ဆောင်းပါးရှင် နီကိုးလပ်စ် ခရစ်တော့ဖ်ကို
အသရေဖျက်မှုနဲ့ တရားစွဲဖို့ ပြင်ဆင်နေပါပြီ။ ဝန်ကြီးချုပ် နေတန်ယာဟုနဲ့
နိုင်ငံခြားရေး ဝန်ကြီး ဂီဒီယွန်ဆာတို့က နာမည်ကျော် နယူးယော့ခ်တိုင်းမ်သတင်းစာနဲ့
ဆောင်းပါးရှင် ခရစ်တော့ဖ် တို့ကို တရားစွဲမယ့်အကြောင်း ကြာသပတေးနေ့က
ကြေညာလိုက်ပါတယ်။
.
.ဒီ တရားစွဲဆိုမှုက ခရစ်တော့ဖ်ရဲ့ ဆောင်းပါးတစ်ပုဒ်ကြောင့်
ဖြစ်ပြီး အဲဒီဆောင်းပါးမှာ အစ္စရေးစစ်သားတွေ၊ ထောင်စောင့်တွေနဲ့
အခြေချနေထိုင်သူတွေအပေါ် မေးမြန်းမှုတွေပါဝင်ပြီး ပါလက်စတိုင်းအကျဉ်းသားတွေ
အပေါ်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပြုလုပ်နေတဲ့အကြောင်း ဖော်ပြထားတာပါ။
.
“ပါလက်စတိုင်းလူမျိုးများ အဓမ္မအကျင့်ခံရမှုကို
နှုတ်ဆိတ်နေကြခြင်း” ဆိုတဲ့ အဲဒီဆောင်းပါးမှာ အကျဉ်းသားဟောင်းတွေနဲ့
အခြားသတင်းရင်းမြစ်တွေရဲ့အင်တာဗျူးတွေကို အခြေခံထားပါတယ်။
.
ဆောင်းပါးထဲမှာတော့ ရက်စက်တဲ့အကြမ်းဖက်မှုတွေကို
ဖော်ထုတ်ပြထားတာတွေ၊ အရာဝတ္တုတွေနဲ့ အဓမ္မပြုကျင့်တာတွေ၊ မျိုးပွားအင်္ဂါတွေကို
ညှဉ်းပန်းနှိပ်စက်တာတွေ၊ ခန္ဓာကိုယ်ကို ထိပါးနှောင့်ယှက် တာတွေအပြင် လေ့ကျင့်ပေးထားတဲ့
ခွေးတွေကိုအသုံးပြုပြီး လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းတွေ ပါဝင်ပါတယ်။
.
ခရစ်တော့ဖ်ရဲ့ရေးသားချက်အရ Sde Teiman လို အကျဉ်းစခန်းတွေမှာ ဒီလိုနှိပ်စက်မှုတွေက ပုံမှန်သာ ဖြစ်ပြီး
လူ့အခွင့်အရေးအဖွဲ့အစည်းတွေက တိုင်ကြားပေမဲ့လည်း တာဝန်ယူပေးမှု
သိပ်မရှိတဲ့အကြောင်း ဖော်ပြထားတာပါ။
.
အစ္စရေးဖက်ကတော့ ဒီဆောင်းပါးက အခြေအမြစ်မရှိတဲ့
လုပ်ကြံစွပ်စွဲမှုသာဖြစ်ပြီး သူတို့ရဲ့ ဥပဒေအကြံပေး တွေကို ဥပဒေကြောင်းအရ
အပြင်းထန်ဆုံး အရေးယူမှုတွေပြုလုပ်ဖို့ ညွှန်ကြားထားတာပါ။
.
နယူးယော့ခ်တိုင်းမ်ရဲ့ဆောင်းပါးရှင်
ခရစ်တော့ဖ်ဟာ သတင်းလောကမှာ အမြင့်ဆုံးဖြစ်တဲ့ ပူလစ်ဇာဆု ၂ ကြိမ် ရရှိထားသူဖြစ်ပြီး
ဒီဆောင်းပါးက ပါလက်စတိုင်းအမျိုးသားနဲ့ အမျိုးသမီးအများအပြားရဲ့ ထွက်ဆိုချက် တွေအပေါ်
အခြေခံထားတာလို့ သတင်းစာဖက်က တုန့်ပြန်ထားပါတယ်။
.

No comments:
Post a Comment