လာအိုကျောက်ဂူထဲ ပိတ်မိနေတဲ့ ရွာသား ၅ ဦးကို ရှာတွေ့ပေမယ့်လည်း ကယ်ထုတ်ဖို့ ခက်နေဆဲ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, May 28, 2026

လာအိုကျောက်ဂူထဲ ပိတ်မိနေတဲ့ ရွာသား ၅ ဦးကို ရှာတွေ့ပေမယ့်လည်း ကယ်ထုတ်ဖို့ ခက်နေဆဲ


လာအိုနိုင်ငံမှာ ရွှေကြော လိုက်ရှာရင်းနဲ့ ဂူထဲကို ရေတွေ ဝင်ပြီး ပိတ်မိသွားတဲ့ ရွာသား ၇ ဦးအဖွဲ့ထဲက ၅ ဦးကို ကယ်ဆယ်ရေး အဖွဲ့တွေက ရှာတွေ့သွားကြပါပြီ။ ဒါပေမယ့် သူတို့ ရှိတဲ့ နေရာကို သွားပြီး လူတွေကို ကယ်ထုတ်ဖို့ကတေ့ ခက်ခဲနေဆဲပါ။ ရွာသားတွေက ဖျားနာတာတွေ၊ ဒဏ်ရာတွေ မရှိကြဘဲ ကျန်းကျန်းမာမာ ရှိနေကြပေမယ့် အာဟာရ ပြတ်ပြီး အားနည်းနေကြတာကတော့ အထင်အရှားပါ။

.
၂၀၁၈ ခုနှစ်တုန်းကလည်း ထိုင်းနိုင်ငံမှာ ဆယ်ကျော်သက် လူငယ်ဘောလုံးအသင်း တစ်သင်း ရေဝင်နေတဲ့ ဂူထဲမှာ ပိတ်မိသွားခဲ့ဖူးပြီး ဒီ လာအိုဖြစ်စဉ်ကလည်း ထိုင်းလူငယ်တွေလိုပဲ ဖြစ်ခဲ့တာပါ။ လက်ရှိ လာအိုက ပိတ်မိနေသူတွေကို လိုက်ရှာတဲ့ လုပ်ငန်းစဉ်မှာ ထိုင်းကျောင်းသားတွေတုန်းက ကယ်ဆယ်ခဲ့တဲ့ အဖွဲ့တွေလည်း လာရောက် ပူးပေါင်း ကူညီပေးနေကြပါတယ်။
.
လာအိုနိုင်ငံ ရှေဆွန်ဘွန်ပြည်နယ်ထဲမှာ မေလ ၂၀ ရက်က ရွာသားတွေ ဂူထဲ ဝင်သွားတဲ့အချိန် မိုးသည်းထန်စွာ ရွာသွန်းရာကနေ မြေပြိုပြီး ဂူပေါက် ပိတ်သွားခဲ့တာပါ။ သူတို့ထဲက တစ်ယောက်က လွတ်သွားခဲ့ပြီးနောက် ရွာကို ပြန်လာပြီး အကြောင်းကြားခဲ့တာမို့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
.
ရွာသားတွေ ပိတ်မိပြီး တစ်ပတ် အကြာမှာပဲ ထိုင်းရေငုပ်သမား ကန်ကက် ဦးဆောင်တဲ့အဖွဲ့က ပျောက်ဆုံးနေသူတွေထဲက ၅ ဦးကို တွေ့ရှိပြီလို့ လူမှုကွန်ယက်မှာ ကြေညာခဲ့ပြီး ဗီဒီယိုဖိုင်တွေကိုပါ တင်ပေးခဲ့တာပါ။ နောက်ထပ် ပျောက်ဆုံးနေသူ ၂ ဦးကိုတော့ ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။
.
ကယ်ဆယ်ရေး အဖွဲ့တွေက ၂ ပေလောက်သာ မြင့်တဲ့ ကျဉ်းမြောင်းတဲ့ နေရာတွေကို ဖြတ်သန်းခဲ့ရတာ ဖြစ်ပြီး ပေပေါင်း ၁၁၀၀ ကျော်လောက် ခရီး ပေါက်အောင် ရေငုပ်လိုက်၊ လမ်းလျှောက်လိုက် လုပ်ခဲ့ရတာပါ။ တချို့ နေရာတွေမှာဆိုရင် ဝင်ဖို့ခက်အောင် ကျဉ်းလွန်းတာကြောင့် ရေငုပ်သမားတွေက ရေငုပ် ကိရိယာတွေကို ချွတ်ပြီး လူကို တခြားဖက်ဆီ ရောက်အောင် ဝင်တိုးတာမျိုး လုပ်ခဲ့ကြရပါတယ်။
.
ဒေသတွင်းမှာ မိုးတွေ ဆက်တိုက်ရွာနေပြီး မြေထပ် ပြိုနိုင်သေးတဲ့ အခြေအနေတွေလည်း ရှိနေတာမို့ ကယ်ဆယ်ရေး လုပ်ငန်းတွေအပေါ် အားလုံးက စိတ်ပူနေကြပြီး ကျန်နေသူ ၂ ဦးကိုလည်း အမြန်ဆုံး ပြန် တွေ့နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

.
Source : CNN

.
#KBZTai #Shan #Laos #International

No comments:

Post a Comment

Pages