တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ
ပီတာဘားဆိုင်တွင် ဆိုင်ပိုင်ရှင်၏ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်မှုကြောင့်
သေဆုံးသွားသည့် မိန်းကလေးငယ် အမှုနှင့် ပတ်သက်၍ စောင့်ကြည့်နေပြီး
အမှန်တရားအတိုင်း ဖြစ်စေရန် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အင်းသားစာပေ၊
ယဉ်ကျေးမှုနှင့် ဒေသ ဖွံ့ဖြိုးရေးအသင်း ထံက သိရသည်။
.
“ကျွန်မတို့ စောင့်ကြည့်နေပါတယ်။ ကျွန်မတို့ဒေသက ကျွန်မတို့
လူမျိုးအတွက် ပစ်မထားပါဘူး။ အမှု တည်ဆောက်နေတဲ့ ကာလအတွင်း တစ်ခုခု
ခြေလှမ်းပျက်ရင်လည်း ကျွန်မတို့က ငြိမ်နေမှာ မဟုတ်ပါဘူး။ အမှန်တရားအတိုင်း
ဖြစ်အောင် လုပ်ပေးပါမယ်” ဟု အင်းသားစာပေ၊ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း
ဗဟိုအလုပ်အမှုဆောင် ဒေါ်သန္တာစိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အင်းသားစာပေ၊ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း အနေဖြင့်
မှုခင်း ဖြစ်ပွားကြောင်း သိသိချင်း သေဆုံးသူ မိန်းကလေးငယ်၏ မိသားစုကို
သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ပြီး ငွေ ၁၀ သိန်း ကျပ် ထောက်ပံ့
ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
.
“သေဆုံးသူ မိန်းကလေးငယ်က အင်းတိုင်းရင်းသူ အစစ်ဖြစ်တယ်။ အမှု
တည်ဆောက်နေတဲ့အချိန်မှာ တစ်လလောက်တော့ စောင့်ကြည့်ရမယ်။ တရားခံဟာ အရင်ကလည်း အိမ်တွင်း
အကြမ်းဖက်မှုတွေကို ကျူးလွန်နေတာပါ။ အရင်တုန်းက ခံခဲ့ရတဲ့ သူတွေက အမှု ပြန်စွဲမှ
ရမှာပေါ့။ ထွက်ဆိုချက် ထွက်တဲ့သူကလည်း သူသည် အိမ်တွင်း အကြမ်းဖက်မှုတွေကို
အမြဲတမ်း ကျူးလွန်နေတယ် ဆိုတာကို ပုံဖော်ပေးနိုင်ရင်လည်း အပြစ်က ပိုကြီးပါတယ်။” ဟု
ဒေါ်သန္တာစိုးက ပြောသည်။
.
ပီတာဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာ သည် မေလ ၄ ရက်၊
ညပိုင်းက သေဆုံးသူ အမျိုးသမီးငယ် အား စားသောက်ဆိုင်အတွင်း လာရောက် စားသောက်သည့်
ဧည့်သည်မှ မုန့်ဖိုး ပေးအပ်ခဲ့သည်ကို ၎င်းအား ပြောပြမှု မရှိခြင်းကြောင့်ဟုဆိုကာ
ထိုးကြိတ်၊ ရိုက်နှက် ညှဉ်းပန်းခြင်းများ ပြုလုပ်ခဲ့ရာမှ အမျိုးသမီးငယ်မှာ
ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ မိန်းကလေးသည် ညောင်ရွှေမြို့နယ်၊ မင်းချောင်းလယ်ကျေးရွာဇာတိ
အင်းတိုင်းရင်းသူ တစ်ဦး ဖြစ်ပြီး ပီတာ ဘားဆိုင်တွင် ဝန်ထမ်းအဖြစ်
လုပ်ကိုင်နေသည်မှာ ရက်ပိုင်းသာ ရှိသေးကာ ၎င်း သေဆုံးမှုနှင့် ပတ်သက်၍
ကျူးလွန်သူအား ထိထိရောက်ရောက် အရေးယူပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။
.
လက်ရှိတွင် ကျူးလွန်သူ အောင်မျိုးသူ (ခ) ပီတာကို လူသတ်မှု
ရာဇသတ်ကြီးပုဒ်မ ၃၀၂ အပြင် ကလေး သူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ
၁၀၀ (က)၊ ၁၀၁ (ခ) နှင့် ယစ်မျိုးဥပဒေပုဒ်မ ၇၄ (ဃ) တို့ဖြင့် အမှုဖွင့်ထားပြီး
ဆိုင်ကိုလည်း ယာယီချိတ်ပိတ်ထားကြောင်း သိရသည်။
.
#KBZTai #Shan #Taunggyi #InLe
.
Link
-

No comments:
Post a Comment