ဧဝရတ်တောင်ပေါ် ၃၂ ကြိမ်မြောက် တက်နိုင်သူအဖြစ် နီပေါလ်တောင်တက်လမ်းပြ စံချိန်တင် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, May 18, 2026

ဧဝရတ်တောင်ပေါ် ၃၂ ကြိမ်မြောက် တက်နိုင်သူအဖြစ် နီပေါလ်တောင်တက်လမ်းပြ စံချိန်တင်


အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နာမည်ကျော် နီပေါလ်တောင်တက်လမ်းပြ ကာမီ ရီတာ ဟာ ဧဝရတ် တောင် ပေါ်ကို ၃၂ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့တဲ့ ပထမဆုံးတောင်တက်သမားအဖြစ် မှတ်တမ်းသစ် တင်သွားခဲ့ ပါတယ်။ အရင်တုန်းက ၃၁ ကြိမ်မြောက်အဖြစ် စံချိန်တင်ထားတဲ့သူကလည်း ရီတာပဲမို့ သူ့စံချိန်ကို သူပြန်ချိုး သွားခဲ့တယ်လို့ ပြောရမှာပါ။
.
သူနဲ့အတူ ဧဝရတ်တောင်ပေါ်တက်ခဲ့တဲ့ နီပေါလ်အမျိုးသမီး လက်ဖာ ကလည်း ဧဝရတ်တောင်ထိပ်ကို ၁၁ ကြိမ်အထိ တက်နိုင်ခဲ့တဲ့ ပထမဆုံးအမျိုးသမီးအဖြစ် စံချိန်တင်သွားခဲ့ပါတယ်။
.
အသက် ၅၆ နှစ်အရွယ် ရီတာ ဟာ ၁၉၉၄ ခုနှစ်မှာ စီးပွားရေးတောင်တက်ခရီးစဉ်တစ်ခုအတွက် အလုပ် လုပ်နေချိန်မှာပဲ ဧဝရတ်တောင်ထိပ်ကို ပထမဆုံး ရောက်ခဲ့တာပါ။ အဲဒီအချိန်ကနေစလို့ ဧဝရတ်တောင် တက်မယ့် ဖောက်သည်တွေကို နှစ်စဉ်လမ်းပြပေးခဲ့ပြီး တောင်ထိပ်ကိုရောက်ခဲ့ရတာပါ။ တချို့နှစ်တွေ မှာတော့ ၂ ကြိမ်အထိ တက်ခဲ့ရတာမို့ သူ့ရဲ့စံချိန်က တဖြည်းဖြည်းမြင့်မားလာခဲ့တာပါ။
.
ရီတာနဲ့ လက်ဖာ တို့က ရှာပါလူမျိုးစုတွေဖြစ်ကြပြီး နီပေါလ်နိုင်ငံရဲ့ တောင်တန်းဒေသမှာ နေထိုင်ကြသူ တွေပါ။ သူတို့က တောင်တက်ကျွမ်းကျင်မှုနဲ့ ကမ္ဘာကျော်ကြသူတွေဖြစ်ပြီး မြင့်မားတဲ့ ဒေသမှာ နေလာကြ သူတွေမို့ အောက်ဆီဂျင်နည်းပါးမှုကို ခံနိုင်ရည်ရှိကြသလို၊ နှင်းတောင်၊ ရေခဲတောင်တွေကြား သွားလာရာမှာ လည်း အတွေ့အကြုံတွေများကြပါတယ်။
.
ဒါဟာ နီပေါလ်တောင်တက်သမိုင်းအတွက် နောက်ထပ်မှတ်တိုင်တစ်ခုပါပဲ” လို့ နီပေါခရီးသွား လုပ်ငန်းအဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟီမယ်ကပြောပါတယ်။
.
အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လက်ဖာ ကလည်း လမ်းပြတစ်ဦးပဲဖြစ်ပြီး ၂၀၀၀ ခုနှစ်မှာ ဧဝရတ်တောင် ပေါ်ကို ပထမဆုံး စတင်ရောက်ဖူးခဲ့တာပါ။ အခုဆိုရင် သူ့ရဲ့စံချိန်က ၁၁ ကြိမ်အထိ ရှိသွားခဲ့ပါပြီ။
.
သူတို့ရဲ့စံချိန်တွေက တခြားတောင်တက်သမားတွေကို ပိုပြီး အားတက်စေပါတယ်၊ တောင်ပေါ်မှာ ကျန်းမာတဲ့ပြိုင်ဆိုင်မှုနဲ့ စံချိန်တွေ ချိုးနိုင်ခြင်းက တောင်တက်လုပ်ငန်းဟာ လုံခြုံမှုရှိတယ်ဆိုတာကို ပြသနေတာပါပဲ” လို့ ဟီမယ်က ဆိုပါတယ်။
.
နီပေါလ်နိုင်ငံဟာ ဒီနှစ် မတ်လကနေ မေလအထိ တောင်တက်ရာသီအတွက် ဧဝရတ်တောင်တက်ခွင့် ပါမစ် ၄၉၂ ခုအထိ ခွင့်ပြုပေးထားတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဧဝရတ်တောင်ထိပ်ကို လူပေါင်း ၈၀၀၀ ကျော် တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး အများစုကတော့ တစ်ကြိမ်ထက်ပိုပြီး တက်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။
.
#KBZTai #International #Nepal

No comments:

Post a Comment

Pages