စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ။
အခြေခံပညာကျောင်းတိုင်း လက်ကိုင် ပြုထားတဲ့ ဆောင်ပုဒ် တစ်ခုပါ။ ကျောင်းတိုင်းရဲ့ ထင်သာမြင်သာ
ရှိတဲ့ နေရာ တစ်ခုမှာ တက်ရောက်ပညာ သင်ကြားနေတဲ့ ကျောင်းသား/ကျောင်းသူတိုင်း
မြင်နိုင်အောင် ချိတ်ဆွဲထားလေ့ ရှိပါတယ်။ အစိုးရအခြေခံပညာ ကျောင်းတွေအပြင် ကိုယ်ပိုင်ကျောင်းတွေမှာလည်း
ဒီဆောင်ပုဒ်ကို လေးစား လိုက်နာကြရပါတယ်။
.
ချိတ်ဆွဲထားတဲ့ ဆောင်ပုဒ်ထဲက စာသားအတိုင်း ပြည့်စုံဖို့က ပညာသင်ကြားနေတဲ့
ကျောင်းသား/ကျောင်းသူများနဲ့ သင်ကြားရေး တာ၀န်ယူကြရတဲ့
ဆရာ/ဆရာမများ အားလုံး လက်တွဲညီမှသာ လိုရာခရီး ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဘက်တစ်ခုက ပျက်ကွက်တာနဲ့
ဆောင်ပုဒ်ထဲက စကားလုံးတွေ ကျိုးပျက်နိုင်ပါတယ်။ ဘက်နှစ်ခု အကျိုးတူ ပျက်ကြပြီဆိုင်ရင်တော့
အတိုင်းထက်အလွန် ပျက်စီးခြင်းလို့ ဆိုရမှာပါ။
.
ပထမဆုံး စာလုံးလေးက စိတ်ဓာတ်ပါ။ ကျောင်းကို ရောက်လာတဲ့ကလေးတွေရဲ့ စိတ်ဓာတ်က
အားလုံး တပြေးညီ ရှိမနေနိုင်ပါဘူး ။ကောင်းမွန်တဲ့ စိတ်ဓာတ်ပိုင်ရှင်လေးတွေ ပါသလို၊
လိုအပ်ချက် ရှိနေတဲ့ စိတ်ဓာတ် ပိုင်ရှင်လေးတွေလည်း ပါကောင်း ပါနိုင်ပါလိမ့်မယ်။ ဒီလို
ဒွန်တွဲနေတဲ့ စိတ်ဓာတ် ပိုင်ရှင်လေးတွေကို တပြေးညီ မဖြစ်ရင်တောင် ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်
အတူတကွ လျှောက်နိုင်အောင် သွန်သင်ရမှာက သင်ကြားရေး တာ၀န်ယူရတဲ့ ဆရာ/ဆရာမများနဲ့ ကလေးမိဘတွေပါ။
.
ဒုတိယ စာလုံးက စည်းကမ်းပါ။ စည်းကမ်းရှိမှ တိုးတက်မယ်ဆိုတဲ့ စကားရပ်ကို
ကဏ္ဍအသီးသီးမှာ လက်ကိုင် ပြုကြပါတယ်။ မိသားစု နေထိုင်တဲ့ အိမ်လေး တစ်လုံး၊ အများနဲ့
စုပေါင်း လုပ်ဆောင်တဲ့ လုပ်ငန်းခွင် တစ်ခု၊ စာသင်ကျောင်းများကနေ နိုင်ငံတော်အဆင့်အထိ
စည်းကမ်းဆိုတဲ့ စကားရပ်လေးနဲ့ အကျွမ်းတ၀င် ရှိကြပါတယ်။ အနာဂတ်နိုင်ငံတော်ကို လက်ဆင့်ကမ်း
သယ်ဆောင်ကြရမယ့် လူငယ် မောင်မယ် စာသင်သားများအနေနဲ့ကတော့ အခြားသော လူပုဂ္ဂိုလ်များထက်
စည်းကမ်းပိုင်း ဆိုင်ရာကို ပိုပြီး အလေးထား လိုက်နာကြဖို့လို အပ်ပါလိမ့်မယ်။
.
တတိယ စာစုကတော့ ပညာပါ။ ပညာမပါရင် မည်မျှကြွယ်၀ပါစေ အရာရာဗလာလို့ ဆိုကြပါတယ်
။ကြွယ်၀တဲ့ အသိုင်းအဝိုင်းက ဖြစ်စေ၊ လိုအပ်ချက်ရှိနေတဲ့ အ၀န်းအဝိုင်းက ဖြစ်ဖြစ် မိဘတိုင်းက
မိမိတို့ သားသမီးများကို ပညာတတ်ကြီးများ ဖြစ်စေချင်ကြပါတယ်။ ကိုယ်တိုင် တံမျက်စည်း
လှဲနေကြရပေမယ့် သားသမီးများကိုတော့ အရိပ် အမိုးအောက်မှာ ဘောပင် ကိုင်စေချင်ကြတာ မိဘတိုင်းရဲ့
ဆန္ဒပါ။
.
ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံဆီသို့ ဆိုတဲ့ စကားစုလေး
ရှိပါတယ်။ ခေတ်မီတဲ့ ဖွံ့ဖြိုးတဲ့ တိုးတက်တဲ့ နိုင်ငံတော်ကောင်း တစ်ခု ဖြစ်ဖို့ ပညာရေးကဏ္ဍက
အလွန် အရေးကြီးတဲ့နေရာမှာ ရှိနေပါတယ်။ ပညာမြင့်မှ လူမျိုးတင့်မည်လို့လည်း ဆိုစမှတ်
ပြုကြပါတယ် ။တင့်တယ်တဲ့ လူမျိုး ဖြစ်ဖို့ ပညာရေး မြင့်မားဖို့လို အပ်ပါတယ် ။မြင့်မားတဲ့
ပညာရေး ဖြစ်လာဖို့ အထက်မှာ ဖော်ပြခဲ့တဲ့ စိတ်ဓာတ် စည်းကမ်းတွေ ကောင်းမွန်ပြည့်စုံနေဖို့ကလည်း
အရေးကြီးလှပါတယ်။
.
လတ်တလော ပညာရေးအသိုင်းအဝိုင်းနဲ့ ပတ်သက်ပြီး စိတ်မကောင်းစရာ အကြောင်းချင်းရာ
တချို့ကို လူမှုကွန်ရက် စာမျက်နှာတွေမှာ မြင်တွေ့ ကြားသိ နေရပါတယ်။ လူမှုကွန်ရက် အသုံးချပြီး
တစ်ဦးနဲ့ တစ်ယောက်၊ အဖွဲ့လိုက် ဖြစ်စေ၊ အသင်းအဖွဲ့ တစ်ခုက တစ်ဦးတစ်ယောက်ကို ရည်ရွယ်ပြီး
ဖြစ်စေ အဆိုးသတင်းများ ဖြန့်ဝေနေခြင်း ကိစ္စရပ်တွေပါ။ ဒီလို အဆိုးသတင်း ဖြန့်ဝေကြတဲ့
နေရာမှာလည်း ကျောင်းသား/ကျောင်းသူချင်း သာမက သင်ကြားရေး တာ၀န်ယူရတဲ့
လူပုဂ္ဂိုလ်အချို့လည်း ပါ၀င် ပတ်သက်မှု ရှိတယ်လို့ ကြားသိရပါတယ်။
.
လက်ကိုင်တယ်လီဖုန်း ယဉ်ကျေးမှု ထွန်းကားလာတာနဲ့
အမျှ ကဏ္ဍအသီးသီးမှာ တယ်လီဖုန်း အရေးပါမှုက အရာ ရောက်လာပါတယ်။ ကျောင်းစာ သင်ကြားမှု
အပိုင်းမှာလည်း လက်ကိုင် တယ်လီဖုန်းက မပါမဖြစ် ရှေ့တန်း ရောက်လာပါတယ်။ သင်ကြားပေးသူနဲ့
သင်ကြားခံသူကြား အရေး ပါလှတဲ့ တယ်လီဖုန်းက မလိုလားအပ်တဲ့ အကြောင်းချင်းရာတွေ အသုံးချခံ
ဖြစ်လာတာမျိုးကတော့ နှစ်ဖက်လုံးအတွက် အကျိုးပျက်စေမယ့် ကိစ္စရပ်မျိုးလို့ ဆိုရမှာပါ။
.
ကျောင်းသား/ကျောင်းသူတွေ ကြားမှာလည်း လူမှုကွန်ရက်
အသုံးချပြီး အသေးစား ရမ်းကားမှု တချို့ကို အုပ်စုဖွဲ့ ပြုလုပ် တတ်ကြပြန်ပါသေးတယ်။ တစ်ဦးနဲ့
တစ်ယောက် လူမြင်ကွင်းမှာ ဆဲဆိုမှု ပြုရခက်တဲ့ အသုံးအနှုန်းတွေကို လူမှုကွန်ရက်က တဆင့်
မကြားဝံ့ မနာသာ ပြုလုပ်ကြတယ်လို့ စိတ် မချမ်းမြေ့ဖွယ် ကြားသိနေရပါတယ်။ လူမှုကွန်ရက်ပေါ်က
အစိုင်အခဲတွေကို စာသင်ကျောင်းထဲမှာ ဖြစ်စေ၊ လူကြီး မိဘ ဆရာသမားအလစ်ကို စောင့်ပြီး ပြင်ပ
တစ်နေရာမှာဖြစ်စေ ဖောက်ခွဲမှု ပြုလုပ်တတ်ကြ ပြန်ပါသေးတယ်။
.
လက်ရှိ Grade 12 ပညာရေးစနစ်အရ ကျောင်းသား လူငယ်တွေရဲ့ကျောင်းသက်က
ပို ရှည်လာပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက် နောက်ကျခဲ့ရတဲ့ ကလေးများလည်း
ရှိခဲ့ရပါသေးတယ်။ အတန်း ငယ်ပြီး အရွယ်ရနေတဲ့ ကလေးတွေနဲ့ သင်ကြားရေး တာ၀န်ယူရတဲ့ ဆရာ/ဆရာမများ
ကြားမှာလည်း ပွတ်တိုက်မှု တချို့ ဖြစ်ပွားတတ်တယ်လို့လည်း ကြားသိရပြန်ပါတယ်။ သင်ကြားရေး
တာ၀န် ယူသူများဘက်ကတော့ သင်ယူသူများ နစ်နာပါစေဆိုတဲ့ စိတ် မရှိနိုင်ကြပါဘူး။ လူ့ သဘောသဘာ၀အရ တင်းမာမှု တချို့ ရှိကောင်း ရှိနိုင်တာမျိုးလောက်ပါပဲ။
.
နောက်ထပ်
မကြာခဏဆိုသလို ကြားသိနေရတာက သင်ကြားရေး ဆရာ/ဆရာမများနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် ပေါ်တင်
အရပ်တကာကို လှည့် တိုင်ချက် ဖွင့်ကြတဲ့ ကိစ္စရပ်ပါ။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး
ပုပ်ရတဲ့ အဖြစ်မျိုးသာ ကြုံရမှာဖြစ်တဲ့အတွက် ဆင်ခြင်တုံတရားနဲ့ ချင့်ချိန်တတ်ကြဖို့
လိုအပ်ပါတယ်။ တချို့သော ကိစ္စရပ်တွေက လက်ခုပ်နှစ်ဖက် တီးလို့ မြည်ကြတာပါ။
.
ပြဿနာတွေရဲ့ အရင်းကို စစ်လိုက်ရင် မျက်နှာချင်းဆိုင် မုန်းကြတာထက် လူမှုကွန်ရက်ပေါ်ကနေ
အမုန်းမီး ပွားကြတာ များပါတယ်။ လူမှုကွန်ရက်ပေါ်ကနေ တစ်ဦးနဲ့တစ်ယောက် နင်ပဲငဆ ပြုတတ်ကြပါတယ်။
ကျောင်းသားကျောင်းသူဆိုတာ အနာဂတ် နိုင်ငံတော်ကို လက်ဆင့်ကမ်း သယ်ဆောင်ရမယ့် လူငယ်လေးများ
ဖြစ်ကြပါတယ်။ ကောင်းမွန်တဲ့ စိတ်ဓာတ်၊ လိုက်နာရမယ့် စည်းကမ်းတွေကို ဦးထိပ်ထားပြီး ပညာရည်
ပြည့်၀အောင် ရွက်ဆောင်ကြဖို့ လိုပါတယ်။
.
ဆရာကြီး ဦးဖေမောင်တင်က ဆရာကြီး ဦးအောင်သင်းကို ပြောဖူးတဲ့စကားလေးကို
မှတ်သားဖွယ် သတိရမိပါတယ်။ စကားလုံးလေးက ရိုးရိုးရှင်းရှင်းလေးပါ။
ကိုယ့်တပည့်ကို ကိုယ့်ထက် တော်အောင် သင်တဲ့။ တစ်ဆင့်ပြီးတဆင့် မြင့်မှ အနာဂတ် နိုင်ငံတော်ကြီးက တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။
.
မကြာခင် ရက်ပိုင်းအတွင်း ကျောင်းခေါင်းလောင်း ထိုးသံတွေ ကြားလာရပါတော့မယ်။ ကိုယ့်တပည့်ကို ကိုယ့်ထက် တော်အောင် သင်မယ့်ဆရာ/ဆရာမများနဲ့ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ပြည့်၀တဲ့ ကျောင်းသား/ကျောင်းသူများကြား မလိုလားအပ်တဲ့ ပွတ်တိုက်မှုတွေ ကင်းဝေးပြီး အနာဂတ် နိုင်ငံတော်ကို တွဲလက်ညီညီ တည်ဆောက် နိုင်ကြပါစေကြောင်း။
.
❏ အောင်ဆန်းဝင်း
.
#KBZTai
#Shan #Article

No comments:
Post a Comment