.
၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊
အေးသာယာမြို့တွင် မေလ ၁၀ ရက်၊ ညနေပိုင်းက လူငယ် အမျိုးသားတစ်ဦးအား အခြားအမျိုးသား
၃ ဦးက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.အေးသာယာမြို့နေ ကိုဒိန်းဒေါင် (ခ) ဝေလင်းသူ
ဆိုသူသည် မေလ ၁၀ ရက်၊ ညနေ ၄ နာရီအချိန်ခန့်က အေးသာယာဆည်ဘောင်ပေါ်သို့
အလုပ်ကိစ္စဖြင့် သွားရောက်စဉ် အမည်မသိ အမျိုးသား ၃ ဦးက ကားတစ်စီး ဖြင့်
ရောက်ရှိလာပြီး ၎င်းတို့ ၃ ဦးမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း
ပြောဆို၍ မူးယစ်ဆေးဝါး သုံးစွဲ/ရောင်းချသူများအား လိုက်လံပြသခိုင်းခဲ့ပြီးနောက်
ဆန် ၂ ပြည် ပေးမည်ဟုဆိုကာ ကားဖြင့် ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့နောက် ၎င်းတို့ ၃ ဦးမှ ကိုဒိန်းဒေါင်အား
လက်ထိပ်နောက်ပြန်ခတ်ကာ ဝိုင်းဝန်းရိုက်နှက် ထိုးကြိတ်ပြီး ဟိုပုံးမြို့နှင့်
လွိုင်လင်မြို့အကြားရှိ တောအတွင်းတစ်နေရာသို့ ခေါ်ဆောင်သွားကာ
ထပ်မံထိုးကြိတ်ရိုက်နှက် ခဲ့ရာ ကိုဒိန်းဒေါင်တွင် ရှေ့ဘက် အပေါ်သွား ၄ ချောင်းကျိုးဒဏ်ရာ၊
ဝဲဘက်ချိုစောင်း ဖူးရောင်ဒဏ်ရာ၊ ယာဘက် လက်မောင်း ညိုမဲနာကျင်ဒဏ်ရာ၊
ကျောကုန်းညိုမဲဒဏ်ရာများများ ရရှိခဲ့ပြီး အေးသာယာရဲစခန်း သို့ ပြန်ပို့မည်ဟုဆိုကာ
တောင်ကြီးမြို့ဘက်သို့ ပြန်လည်ခေါ်ဆောင်လာစဉ် ယင်းနေ့ည ၈ နာရီခွဲခန့်တွင်
တောင်ကြီးမြို့အထွက် ၄ မိုင်စစ်ဆေးရေးဂိတ်၌ ကိုဒိန်းဒေါင်က စစ်ဆေးရေးအဖွဲ့များအား
မတရားဖမ်းဆီး ခံနေရကြောင်း ပြောဆိုခဲ့ရာမှ အေးသာယာနယ်မြေရဲစခန်းသို့
အကြောင်းကြားပြီး ၎င်းတို့အား လာရောက် ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
“မတရားဖမ်းဆီးချုပ်နှောင်တာပေါ့။ သူတို့က
အရပ်သားတွေပါပဲ။ အယောင်ဆောင်ပြီး ဖမ်းတာပါ။ ရိုက်နှက်တာပေါ့။ သွား ၄ ချောင်း
ကျိုးသွားတယ်။ လူတစ်ယောက်ကို ဖမ်းပြီးမှ ကားပေါ်တင်ပြီး ရောင်းစားဖို့ လုပ်တာပေါ့”
ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
အဆိုပါ ဖမ်းဆီးခေါ်ဆောင်သွားသူ ၃ ဦးမှာ
အောင်လွှမ်းဝေ၊ အောင်ကို (ခ) ရန်နိုင်ထက် နှင့် ဇေယျလှိုင် (ခ) ကိုထွေး
တို့ဖြစ်ပြီး ၎င်းတို့အား အေးသာယာရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ- ၃၂၅/၃၆၅ /၁၁၄ ဖြင့်
အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment