တိုင်းနှင့် ပြည်နယ် ၇ ခုရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အောက် ကလေးသူငယ်များကို ထောက်ပံ့ကြေး ပေးမည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, May 13, 2026

တိုင်းနှင့် ပြည်နယ် ၇ ခုရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အောက် ကလေးသူငယ်များကို ထောက်ပံ့ကြေး ပေးမည်


ရှမ်းပြည်နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၇ ခုရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ် အောက် ကလေးသူငယ်များကို ထောက်ပံ့ကြေး ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (စစ်ကိုင်းတိုင်း)၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ၂၀၂၆ ခုနှစ်၊ မေ ၂၆ ရက်အထိ ကိုယ်ဝန်ဆောင်အဖြစ် ရှိနေသူများအနေဖြင့် MCCT အစီအစဉ်တွင် အကျိုး ခံစားခွင့် ရရှိရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး သို့မဟုတ် နီးစပ်ရာ လူမှုဝန်ထမ်းရုံးများသို့ မေ ၃၁ ရက် နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

.

“ထောက်ပံ့နေတာကတော့ အရင်ကတည်းကပါ။ ဘတ်ဂျက်သစ်၊ အစိုးရသစ်မို့ စာရင်းဟောင်း ပြန်စိစစ်၊ အသစ်ထပ်တိုး ကောက်တာပါ။ မူလ ကိုယ်ဝန်ထောက်ပံ့ကြေး ရထားသူတွေက အခု ကလေးမွေးသွားကုန်ပြီ ဆိုတော့ ကိုယ်ဝန်စာရင်းပယ်ဖျက်၊ ၂ နှစ်အောက် ကလေးစာရင်း ပြောင်းတင်ရမှာပေါ့” ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

.

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အကျိုးခံစားခွင့်ရှိသူများကို သုံးလပတ် နှစ်ကြိမ် ခြောက်လစာ ထောက်ပံ့ သွားမည်ဖြစ်ပြီး ဖုန်းသို့ငွေလွှဲခြင်းဖြင့် ထောက်ပံ့မည်ဖြစ်၍ ထုတ်ယူလိုသည့် ငွေလွှဲဝန်ဆောင်မှုများအား မိမိတို့၏ လက်ကိုင်ဖုန်းများတွင် ဖွင့်လှစ်ထားရန် လိုအပ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

.

ထို့အပြင် အသက် ၈၅ နှစ်ပြည့်ပြီး သက်ကြီးပုဂ္ဂိုလ်များကိုလည်း လူမှုရေးပင်စင် ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး ၁၉၄၁ ခုနှစ် ဧပြီ ၁ ရက် (၁၃၀၂ ခုနှစ်၊ ဦးတန်ခူးလဆန်း ၆ ရက်) မတိုင်မီ မွေးဖွားခဲ့သည့် အသက် ၈၅ နှစ်ပြည့်ပြီးသော သက်ကြီးပုဂ္ဂိုလ်များအနေဖြင့် လူမှုရေးပင်စင်အစီအစဉ် အကျိုးခံစားခွင့်ရရှိရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး သို့မဟုတ် နီးစပ်ရာ လူမှုဝန်ထမ်းရုံးများသို့ မေ ၃၁ ရက် နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်ကြောင်းလည်း လူမှုဝန်ထမ်းဦးစီးဌာနက ထုတ်ပြန်ထားသည်။

.

အဆိုပါ ထောက်ပံ့ခြင်းအစီအစဉ်နှင့်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို လူမှုဝန်ထမ်းဦးစီးဌာန Help Line ဖုန်းနံပါတ် 1566 ၊ 09889900033 သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

.

#KBZTai #Local

.

No comments:

Post a Comment

Pages