ဟိုပုံးမြို့၊ အနောက်ရပ်ကွက်ရှိ သရဖီလမ်းကို ပိတ်ဆို့ထားသည့်အတွက် ဒေသခံများ သွားလာရေး အခက်အခဲ ဖြစ်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, May 19, 2026

ဟိုပုံးမြို့၊ အနောက်ရပ်ကွက်ရှိ သရဖီလမ်းကို ပိတ်ဆို့ထားသည့်အတွက် ဒေသခံများ သွားလာရေး အခက်အခဲ ဖြစ်နေ



ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ အနောက်ရပ်ကွက်ရှိ သရဖီလမ်း၏ အစိတ်အပိုင်း တစ်ခုကို အိမ်ရှင်တစ်ဦးက ဝင်းတံခါးပိတ်ဆို့ ကာရံထားသည့်အတွက် ဒေသခံများ သွာလာရေး အခက်အခဲ ဖြစ်ပေါ်နေရကြောင်း သိရသည်။
.
ယင်း သရဖီလမ်းသည်  လမ်းအတွင်း နေထိုင်သူများသာမက အနောက် ရပ်ကွက်နှင့် ဟိုပုံးမြို့ပေါ် ရပ်ကွက်များမှ ဒေသခံပြည်သူများ အသုံးပြု သွားလာနေသော လမ်း ဖြစ်ပြီး ရှေး ယခင်ကတည်းက လမ်းအဖြစ် တည်ရှိခဲ့ခြင်း ဖြစ်ကာ လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်က စတင်၍ အိမ်ရှင် ဖြစ်သူက လမ်း ပိတ်ဆို့၍ သံတံခါး တပ်ဆင်ထားခြင်း ဖြစ်သည်ဟု သိရသည်။

.
ကျွန်တော် ငယ်စဉ်ကတည်းက ဒီမှာ နေလာခဲ့တာပါ။ အဲဒီအချိန်ကတည်းက လမ်း ရှိပါတယ်။ အခု သူတို့ ပိတ်လိုက်တာ တစ်နှစ်ခွဲလောက် ရှိပါပြီ။ ညရေးညတာ တစ်ခုခုဆိုရင်လည်း သွားလာဖို့ဆိုရင် ကားလမ်းမကြီးအတိုင်း အဝေးကြီး ပတ်ပြီး သွားရတော့ အချိန်လည်း ကြန့်ကြာတာပေါ့။ သာရေး၊ နာရေးကအစ အကုန်လုံး ဒုက္ခရောက်နေရတာပါ။ သက်ဆိုင်ရာတွေကိုလည်း စာနဲ့ တင်ပြမှာပါ။” ဟု ဟိုပုံးမြို့၊ အနောက်ရပ်ကွက်နေ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။
.



လမ်းပိတ်ဆို့မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ လာရောက်စစ်ဆေး ဖူးပြီး တစ်စုံရာ ထူးခြားမှု မရှိကြောင်းနှင့် လာစစ်သည့်အချိန်တွင် ရက်ပိုင်းမျှ လမ်းဖွင့်ပေးသော်လည်း နောက်ပိုင်းတွင် ပြန်ပိတ်သည်ဟု ၎င်းက ဆိုသည်။
.
အဆိုပါ သရဖီလမ်းအား လမ်းပိတ်ဆို့ထားမှုကြောင့် နစ်နာသူ နေအိမ်ရှင်များမှာ ဝန်ထမ်း မိသားစုဝင်များ ဖြစ်ပြီး ၎င်းတို့ အနေဖြင့်လည်း အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု သိရသည်။
.
ကျွန်မ သားဆိုရင် မြေစာရင်း ဝန်ထမ်းပါ။ လွန်ခဲ့တဲ့ ၂ လကျော်ကပဲ ဆုံးသွားပါပြီ။ ဘာဖြစ်လို့ အခုမှ ဒီကိစ္စကို ပြောရသလဲ ဆိုတော့ သား ရှိစဉ်တုန်းက သူကလည်း သူ့ရုံးမှာ ပြဿနာ မဖြစ်ချင်တာကြောင့် ဘာမှ မပြောပါနဲ့ ဆိုလို့ ဒီအတိုင်း နေခဲ့ရတာ၊ နောက်ဆုံး သူဆုံးလို့ နာရေးလုပ်ဖို့တောင်မှ လမ်း မရှိလို့ တခြားအိမ်မှာ နာရေး လုပ်ခဲ့ရပါတယ်” ဟု အနောက်ရပ်ကွက်၊ သရဖီလမ်းနေ အိမ်ရှင် တစ်ဦးက ပြောသည်။
.
၎င်းအနေဖြင့် ဟိုပုံးမြို့ဇာတိ စစ်စစ် ဖြစ်ပြီး အဆိုပါလမ်းမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော် ကတည်းက တည်ရှိနေခဲ့ခြင်း ဖြစ်ပြီး အနောက်ရပ်ကွက်ရှိ သက်ကြီးရွယ်အို ဖြစ်သည့် မည်သူ့ကို မဆို မေးမြန်း အတည်ပြုနိုင်သည်ဟု ပြောသည်။
.
သို့ဖြစ်၍ ယင်း သရဖီလမ်း၌ နေထိုင်ခဲ့ဖူးပြီး ဟိုပုံးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့တွင်လည်း ဒုတပ်ရင်းမှူး အဖြစ် တာဝန်ထမ်းဆောင်နေသူ ဦးကျော်သန်းအား တွေ့ဆုံမေးမြန်းရာတွင် ၁၉၈၈ ခုနှစ်လောက် ကျွန်တော် ဟိုပုံးမြို့ကို စ ရောက်ကတည်းက အဲဒီလမ်းတွေကို တာဝန်အရ သွားလာဖူးပါတယ်။ လမ်း ရှိတာ မှန်ပါတယ်။ မီးသတ် တာဝန်ရှိသူ တစ်ယောက် အနေနဲ့ ပြောရရင်တော့ မီးလောင်မှုတွေ ဖြစ်တဲ့ အခါကျရင် လမ်း ပေါင်းစုံကို သုံးရတယ်။ ရေကို ရတဲ့နေရာကနေ ယူရတယ်။ ဖျက်သင့်တဲ့နေရာ ဖျက်ရတယ်။ လမ်းကို ပိတ်ဆို့ထားတော့ မီးငြှိမ်းသတ်ရေး၊ မီးဘေး ကြိုတင်ကာကွယ်ရေး အခက်အခဲ ဖြစ်တာပေါ့” ဟု ပြောသည်။
.



အခြား သက်ကြီးရွယ်အို တစ်ဦးကလည်း သရဖီလမ်းမှာ ၎င်းငယ်စဉ် လွန်ခဲ့သည့် နှစ် ၄၀ ကျော်ကတည်းက အများပြည်သူ သွားလာနေကြသော လမ်း ဖြစ်ပြီး ယခုမှသာ လမ်းကို ပိတ်လိုက်ခြင်း ဖြစ်သည်ကို မြင်တွေ့ရကြောင်း၊ လမ်းအတွင်းရှိ နေအိမ်တစ်ခု၌ နာရေးကိစ္စ ဖြစ်သော်လည်း လမ်း အဆင်မပြေ၍ အခြား မိသားစုဝင်အိမ်တွင် ပြုလုပ်ရသည်ကို မြင်တွေ့ရ၍ စိတ်မကောင်း ဖြစ်ရသည်ဟု ဆိုသည်။

.

ဟိုပုံးမြို့၊ အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးအား တွေ့ဆုံမေးမြန်းရာတွင် ယခင်က လမ်းကို သွား/လာနေကြသည်အား မြင်တွေ့ကြောင်း၊ ဌာနဆိုင်ရာများမှ ကွင်းဆင်းစစ်ဆေးရာတွင် ပါဝင်ဖူးသော်လည်း မည်ကဲ့သို့ ဆုံးဖြတ်သည်ကို မသိရှိရကြောင်း ပြောဆိုခဲ့သည်။

.

ထို့အပြင် ဟိုပုံးမြို့နယ် မြေစာရင်းဦးစီးဌာနမှူးရုံးသို့ သွားရောက် တွေ့ဆုံမေးမြန်းရာတွင် နစ်နာမှုရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းသို့ တိုင်စာရေးပို့ လိပ်မူ တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားလာပါက ကွင်းဆင်းစစ်ဆေးပေးသွားမည် ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

.
လမ်းပိတ်ဆို့ထားသည့် အိမ်ရှင်ဖြစ်သူ ထံသို့ ကမ္ဘောဇတိုင်းမှ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာတွင် အမျိုးသမီး တစ်ဦးက “လမ်း မရှိပါဘူး။ မြေစာရင်းမှာလည်း လမ်း မပေါက်ပါဘူး။ ကျွန်မတို့ တစ်သက်လုံး ပေးသွားလာတာပါ။ ဝင်လိုက်ထွက်လိုက်နဲ့ အဆင်မပြေဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဘက်လုံးက ကျွန်မတို့ အိမ်၊ ကျွန်မတို့ အိမ်ထဲကို ဝင်တဲ့လမ်းပဲလေ။ ကျွန်မတို့က အိမ်ရှင်ဆိုတော့ ကျွန်မတို့ သဘောပေါ့” ဟုသာ ပြန်လည် ဖြေကြားခဲ့သည်။
.
အငြင်းပွားမှု ဖြစ်ပေါ်နေသည့် သရဖီလမ်းသည် ဟိုပုံးမြို့၊ အနောက်ရပ်ကွက်ရှိ သီရိမင်္ဂလာလမ်းနှင့် ပြည်ထောင်စု လမ်းမကြီးအား ဆက်သွယ်ထားသော လမ်းကျဉ်း တစ်ခု ဖြစ်ပြီး လမ်းအတွင်း နေထိုင်သည့် နေအိမ်များ၏ အိမ်ထောင်စုဇယားများတွင်လည်း သရဖီလမ်းဟု ဖော်ပြပါရှိသည်ကို တွေ့ရှိရသည့် အပြင် ကမ္ဘောဇတိုင်းက ဒေသခံ အနည်းဆုံး ၂၀ ဦးထက် မနည်းကို တွေ့ဆုံ မေးမြန်းရာတွင် လမ်းဖြစ်သည်ဟု တစ်ညီတစ်ညွတ်တည်း ပြောဆိုကြသည်။

.
#KBZTai #Shan #HoPong

No comments:

Post a Comment

Pages