ကွန်ဂိုမှာ အီဘိုလာ ဗိုင်းရပ်စ်အသစ်ကြောင့် လူပေါင်း ၈၀ ကျော် သေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, May 17, 2026

ကွန်ဂိုမှာ အီဘိုလာ ဗိုင်းရပ်စ်အသစ်ကြောင့် လူပေါင်း ၈၀ ကျော် သေဆုံး

.

၂၀၂၆ ခုနှစ်၊ မေလ ၁၇ ရက်

.

ကွန်ဂိုနိုင်ငံရဲ့ အရှေ့ပိုင်းမှာ ရှိတဲ့ အီတူရီပြည်နယ်မှာ အီဘိုလာရောဂါ အသစ်ကြောင့် လူပေါင်း ၈၀ ကျော် သေဆုံးခဲ့ရတယ်ဆိုတဲ့ အကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ကျန်းမာရေးဝန်ကြီး မူလန်ဘာ က ကြာသပတေးနေ့မှာ စစ်ဆေးခဲ့တဲ့ နမူနာတွေအရ အီဘိုလာဗိုင်းရပ်စ်ရဲ့ မတူညီတဲ့ မျိုးကွဲ တစ်ခုကို ကူးစက်ခံရသူ ၈ ဦီး တွေ့ရှိခဲ့ကြောင်း အတည်ပြုထားပါတယ်။

.

.

လက်ရှိ အချိန်အထိ ဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ သံသယရှိသူ ၂၄၆ ဦး ရှိနေပြီး ပထမဆုံး သံသယလူနာက ဘူနီယာမှာ ရှိတဲ့ ကျန်းမာရေးစင်တာ တစ်ခုက သူနာပြုတစ်ဦး ဖြစ်ခဲ့တာပါ။ သူမက အဖျား တက်ခြင်း၊ သွေးယိုခြင်း၊ အန်ခြင်း၊ အလွန်အားနည်းခြင်း စတဲ့ လက္ခဏာတွေကို ပြပြီး သေဆုံးသွားခဲ့တာပါ။

.

ကွန်ဂိုအစိုးရက ဒီဗိုင်းရပ်စ်အတွက် ပြည်သူ့ကျန်းမာရေး အရေးပေါ်စင်တာကို ဖွင့်လှစ်ထားပြီး ရောဂါကူးစက်မှုနဲ့ ဓာတ်ခွဲ စမ်းသပ်မှုတွေကိုလည်း တိုးမြှင့်လုပ်ဆောင်၍ စောင့်ကြည့်နေပါတယ်။

.

အာဖရိက တိုက်ရဲ့ အဓိက ပြည်သူ့ကျန်းမာရေး အဖွဲ့အစည်းဖြစ်တဲ့ CDC ကလည်း အီတူရီမှာ အီဘိုလာရောဂါ ဖြစ်ပွားနေတဲ့ အကြောင်းနဲ့ သေဆုံးသူ ၆၅ ဦး ရှိပြီး ထပ်မံ မြင့်တက်နေတဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။

.

CDC က ကွန်ဂို၊ ယူဂန်ဒါ၊ တောင်ဆူဒန်အပါအဝင် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ အရေးပေါ် အစည်းအဝေး ကျင်းပနေပြီး နယ်စပ်ဖြတ်ကျော် စောင့်ကြည့်မှု လုပ်ငန်းတွေကိုပါ ဆောင်ရွက်နေတာပါ။

.

အီဘိုလာဗိုင်းရပ်စ်ကို စတင် တွေ့ရှိခဲ့တဲ့ ကွန်ဂိုဗိုင်းရပ်စ် ပညာရှင် မူယန်ဘီ က ယခင် တွေ့ရှိခဲ့တဲ့ အီဘိုလာဗိုင်းရပ်စ် ၁၆ ကြိမ်နဲ့ မတူညီတဲ့ မျိုးကွဲတစ်ခု ဖြစ်တယ်လို့လည်း သတိပေးထားပါတယ်။ ရောဂါ မျိုးကွဲအသစ်တွေ ဖြစ်ပေါ်နေတာကြောင့် ရောဂါတုံ့ပြန်ရေး လုပ်ငန်းတွေမှာ ပိုမို ခက်ခဲလာနိုင်ပြီး ကုသဆေးနဲ့ ကာကွယ်ဆေးတွေကို အသစ် ထပ်မံစမ်းသပ်နေကြရတယ်လို့ မူယန်ဘီက ပြောဆိုထားပါတယ်။

.

No comments:

Post a Comment

Pages