ကင်ညာမှာ ဆီဈေးတက်လို့ ဆန္ဒပြရာကနေ လူ ၄ ဦး သေဆုံးပြီး၊ ၃၀ ကျော် ဒဏ်ရာရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, May 19, 2026

ကင်ညာမှာ ဆီဈေးတက်လို့ ဆန္ဒပြရာကနေ လူ ၄ ဦး သေဆုံးပြီး၊ ၃၀ ကျော် ဒဏ်ရာရ



ကင်ညာနိုင်ငံထဲမှာ ဆီဈေး အဆမတန် တက်သွားတာမို့ နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ဖြစ်နေပြီး လက်ရှိ အချိန်အထိ လူ ၄ ဦး သေဆုံးကာ ၃၀ ဦးကျော် ဒဏ်ရာ ရရှိထားပါတယ်။ ပြည်ထဲရေးဝန်ကြီး မာကိုမန်ရဲ့ ပြောစကားအရ တနင်္လာနေ့မှာ ဆန္ဒပြမှုတွေကနေ လူပေါင်း ၃၄၈ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ကင်ညာနိုင်ငံတွင်းက လူပေါင်း များစွာဟာ အများပြည်သူ သယ်ယူပို့ဆောင်ရေး သပိတ်ကို ထောက်ခံဖို့အတွက် လမ်းတွေပေါ် ထွက်လာခဲ့ကြတာပါ။
.
ဒီနေ့ ဆန္ဒပြမှုတွေက တဆင့် ဖြစ်လာတဲ့ အကြမ်းဖက်မှုတွေကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၃၀ ကျော် ဒဏ်ရာ ရခဲ့ပါတယ်” လို့ မာကိုမန်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့တာပါ။ ကင်ညာနိုင်ငံရဲ့ မြို့တော် နိုင်ရိုဘီ အလယ်ပိုင်းလမ်းတွေမှာ လူသူ ကင်းမဲ့နေကြပြီး ရဲတွေက ဆန္ဒပြသူတွေကို မျက်ရည်ယို ဗုံးတွေ သုံးပြီး ဖြိုခွင်းခဲ့ကြတာပါ။ ဆန္ဒပြသူတွေက ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး မီးရှို့ထားတဲ့ တာယာတွေနဲ့ အဓိက လမ်းမကြီးတွေကို ပိတ်ထားခဲ့ကြတာပါ။
.
သပိတ်တွေကြောင့် မြို့တော် အပါအဝင် တောင်ပိုင်းမှာ ရှိတဲ့ မွန်ဘာဆာ လို မြို့ကြီးတွေမှာပါ သက်ရောက်မှုတွေ ရှိခဲ့ပြီး တချို့မြို့တွေမှာ အလုပ်နဲ့ ကျောင်းကို သွားဖို့ လူတွေ ခရီးရှည် လမ်းလျှောက်နေရတာပါ။ သယ်ယူပို့ဆောင်ရေး သမဂ္ဂက မကြာသေးမီက တိုးမြှင့်ခဲ့တဲ့ လောင်စာဆီ ဈေးနှုန်းတွေကို ပြန်လည် လျော့ချပေးဖို့ အစိုးရကို တောင်းဆိုထားပါတယ်။ ကင်ညာနိုင်ငံဟာ ပြီးခဲ့တဲ့ တစ်ပတ်မှာ လောင်စာဆီ ဈေးကို ၂၃ ဒသမ ၅ ရာခိုင်နှုန်းအထိ မြှင့်တင်ခဲ့ပြီး အဲဒီမတိုင်ခင် လွန်ခဲ့တဲ့ လကလည်း ၂၄ ဒသမ ၂ ရာခိုင်နှုန်းအထိ ဈေး တက်ထားသေးတာပါ။
.
နိုင်ရိုဘီရဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေက သူတို့ရဲ့ ဘတ်စ်ကား ပြေးဆွဲနေမှုတွေကို ရပ်တန့် ဆန္ဒပြခဲ့ပြီးတဲ့နောက် သယ်ယူ ပို့ဆောင်ရေးစနစ်တွေ ရပ်တန့်သွားခဲ့ပြီး ပြည်သူတွေ အခက်အခဲ ဖြစ်ကုန်ကြတာပါ။
.
ကင်ညာနိုင်ငံမှာတော့ ဆန္ဒပြမှုတွေဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းမှာ အကြမ်းဖက်တဲ့ ပုံစံဆီ ပြောင်းလဲလာခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ လက်နက်ကိုင် ပြည်သူအဖွဲ့တွေ မကြာခဏ ဆိုသလို ထိပ်တိုက်တွေ့ခဲ့ကြတာပါ။ ရဲတွေရဲ့ အကြမ်းဖက်မှု၊ အစိုးရရဲ့ အကျင့်ပျက်ခြစားမှုနဲ့ အခွန် မြင့်တက်မှုတွေအပေါ် ဆန္ဒပြပွဲတွေ အများကြီး ပေါက်ပေါက်ခဲ့ပြီး သေဆုံးသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။
.
အတိုက်အခံ ခေါင်းဆောင် ဂါချာဂွာက ကင်ညာသမ္မတ ရူတိုနဲ့ သူ့ရဲ့စီးပွားရေးမိတ်ဖက်တွေဟာ ကင်ညာ ပြည်သူတွေအပေါ် အမြတ်ထုတ်နေကြပြီး အမြတ်အစွန်းတွေ တိုးဖို့ ဈေးနှုန်းတွေကို လွှမ်းမိုးနေကြတယ်လို့ စွပ်စွဲထားပါတယ်။

.
#KBZTai #Shan #International #Kenya

 

No comments:

Post a Comment

Pages