.
၂၀၂၆ ခုနှစ်၊ မေလ ၁၇ ရက်
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၌ လက်ရှိ
အသုံးပြုသည့် အမှိုက်သိမ်းစနစ် အစား သတ်မှတ်နေရာတွင် အမှိုက်ပုံးများ ထားရှိ၍
အမှိုက်သိမ်းသည့် စနစ်ကို ပြောင်းလဲ အသုံးပြုရန် ဒေသခံများက လိုလားနေလျက် ရှိသည်။
.
.“ခု လက်ရှိစနစ်က အမှိုက်ကား လာရင် ကိုယ်တိုင်
အမှိုက်ကို ကားရှိရာ သွားပြီး ပစ်ရတာ။ အဲဒီလို အစား သတ်မှတ်နေရာမှာ
အမှိုက်ပုံးလိုမျိုး ထားလိုက်မယ်ဆိုရင် ကားလည်း စောင့်စရာ မလိုတော့ဘူး၊ ပြီးတော့
အမှိုက်သိမ်း ကားကလည်း အဲနေရာမှာပဲ သိမ်းရတော့ အဆင်ပြေမယ်လို့ ထင်ပါတယ်။” ဟု ဒေသခံ
တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့ပေါ် လမ်းကြားအချို့၌
အမှိုက်သိမ်းကား လာရောက်ခြင်း မရှိကြောင်းနှင့် အမှိုက်ကား နောက်လိုက်သည်
ကူညီလုပ်ဆောင်မှု မရှိဘဲ ရပ်ကြည့်နေသည်ဟု ဒေသခံအချို့က ပြောဆိုနေကြပြီး
ယင်းပြောဆိုမှု အပေါ် ကုမ္ပဏီဘက်ကလည်း QR Code ပါ နံပါတ် ၆
လုံးနှင့်တကွ၊ ရပ်ကွက်၊ လမ်း၊ နေ့ရက်၊ ယာဉ်အမှတ်ဖြင့် တိုင်ကြားနိုင်ကြောင်း
တုံ့ပြန်ထားသည်ကို တွေ့ရသည်။
.
ယင်းကဲ့သို့ အငြင်းပွားမှုများ
မဖြစ်ပေါ်စေရန်အတွက် သတ်မှတ်နေရာတွင် အမှိုက်စွန့်ပစ်ခြင်း၊ သိမ်းဆည်း ခြင်း
စနစ်ကို ဆောင်ရွက်ရန် စဉ်းစားမိသော်လည်း အားနည်းချက် အချို့ ရှိနေသည်ဟုလည်း
စည်ပင်သာယာရေးဌာနက ဆိုသည်။
.
“ အဲဒီစနစ်ကို စဉ်းစားထားတယ်။ ဒါပေမယ့်
အမှိုက်ပုံးတွေ ထားရင် ခိုးယူခံရတာမျိုး ရှိနေတော့ အခက်အခဲ ဖြစ်နေတယ်။” ဟု
တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
ထို့အပြင် အမှိုက်သိမ်းကုမ္ပဏီက ကိုယ်တိုင်
အမှိုက်ပစ်သည့်စနစ်ကို ကျင့်သုံးရခြင်းနှင့် ပတ်သက်၍ ကား ဘော်ဒီ မြင့်သည့်
တစ်ပါယာဉ်များကို အသုံးမပြုဘဲ၊ ခေတ်မီ အမှိုက်ကြိတ်ယာဉ် (GCT) များကို ရည်ရွယ်ချက် ရှိရှိ အသုံးပြုထားခြင်း ဖြစ်ပြီး အဓိက
ရည်ရွယ်ချက်မှာ မိဘပြည်သူများ ကိုယ်တိုင်ကိုယ်ကျ အလွယ်တကူနှင့်
အန္တရာယ်ကင်းရှင်းစွာ စနစ်တကျ စွန့်ပစ်နိုင်ရန်အတွက် ဖြစ်သည်ဟုလည်း ဆိုထားသည်။
.
တောင်ကြီးအီကို ကုမ္ပဏီသည်
တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနနှင့် သဘောတူစာချုပ် ချုပ်ဆို၍
တောင်ကြီးမြိုပေါ် ရပ်ကွက်များအတွင်း အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေး လုပ်ငန်းကို
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်ကတည်းက စတင်ဆောင်ရွက်နေခြင်း ဖြစ်သည်။
.

No comments:
Post a Comment