ဟိုမိန်းတွင် တရားဝင် နယ်စပ်ကုန်သွယ်ရေးဂိတ် ဖွင့်လှစ်ရန် လွှတ်တော်သို့ မေးခွန်းတင်ပြထား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, May 17, 2026

ဟိုမိန်းတွင် တရားဝင် နယ်စပ်ကုန်သွယ်ရေးဂိတ် ဖွင့်လှစ်ရန် လွှတ်တော်သို့ မေးခွန်းတင်ပြထား

.

၂၀၂၆ ခုနှစ်၊ မေလ ၁၇ ရက်

.

ထိုင်း-မြန်မာနယ်စပ်၊ လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့တွင် တရားဝင် နယ်စပ်ကုန်သွယ်ရေးဂိတ် ဖွင့်လှစ်နိုင်ရေး အတွက် လွှတ်တော်သို့ မေးခွန်းမေးမြန်း တင်ပြထားသည်ဟု လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ထံက သိရသည်။

.

.

“နယ်စပ်ကုန်သွယ်ရေးဂိတ်ဖွင့်ဖို့ မေးခွန်းမေးထားပါတယ်။ လွှတ်တော်ပထမအစည်းအဝေး မပြီးခင် မတ်လ ၂၀ ရက်က စာတင်ထားတာပါ။ လာမယ့်လွှတ်တော် အစည်းအဝေးမှာ ဖြေကြားဖို့တော့ ဝန်ကြီးဌာနတွေက အကုန်လုံးတော့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဆေဟန် က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ဟိုမိန်းဒေသတွင် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ရှိပြီဖြစ်ပြီး နယ်မြေဒေသ တည်ငြိမ်အေးချမ်းသော်လည်း ဒေသဖွံ့ဖြိုးမှုမှာ အခြားဒေသများနှင့် နှိုင်းယှဉ်လျှင် လွန်စွာ နောက်ကျနေ ကြောင်း ၎င်းက ပြောသည်။

.

ယမန်နှစ်က ဟိုမိန်းနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ကုန်ပမာဏတန်ဖိုး ဘတ်သန်းပေါင်း ၁၅၀၀ ခန့်ရှိပြီး တရားဝင်နယ်စပ်ဂိတ် မရှိသဖြင့် နိုင်ငံတော်အတွက် အခွန် ဘဏ္ဍာ ရရှိမှု မရှိဘဲ စားသုံးသူများလည်း နစ်နာနေရကြောင်း သိရသည်။

.

“ရှမ်းပြည်မှာ အသုံးပြုနေတဲ့ ကုန်ပစ္စည်း အများစုက ထိုင်းပစ္စည်းတွေပဲ။ သူတို့ပြောတာက ပေးမဝင်ဘူးလို့ ပြောတယ်။ ဒီပစ္စည်း (ကုန်စည်) တွေက မြေလျှိုးမိုးပျံပြီးတော့ ဝင်လာတာမဟုတ်ဘူး။ လမ်းမကြီးအတိုင်းပဲ လာတာပါ။ ဒါကြောင့် တရားဝင်ကုန်သွယ်ရေးစခန်း ဖွင့်ဖို့ အချိန်တန်ပါပြီ” ဟု စိုင်းဆေဟန် က ဆက်လက် ပြောဆို ခဲ့သည်။

.

ထိုင်းနိုင်ငံဘက်မှလည်း ဟိုမိန်းနယ်စပ်၊ မယ်ဟောင်ဆောင်တွင် ကုန်သွယ်ရေးဂိတ် ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်နေပြီး ၂၀၂၇-၂၀၂၈ ခုနှစ်တွင် လမ်းတိုးချဲ့ရေးအတွက် ဘတ်ဂျက်လျာထားပြီးဖြစ်ကြောင်း သိရသည်။

.

ထိုင်း-မြန်မာနယ်စပ် ဟိုမိန်းမြို့သည် လင်းခေးမြို့မှ ကီလိုမီတာ ၁၅၀ ကျော်သာ ကွာဝေးပြီး နယ်စပ်ကုန် သွယ်ရေးအတွက် အရေးပါလာနိုင်သည့် မြို့တစ်မြို့ဖြစ်ကာ လက်ရှိတွင် လင်းခေး-ဟိုမိန်း လမ်းပေါ်ရှိ တာဆွတ်တိန်း သံလွင်မြစ်ကူးတံတားမှာ တည်ဆောက်နေဆဲဖြစ်သည်ဟု သိရသည်။

.

 

No comments:

Post a Comment

Pages