မူဆယ်တွင် ပျောက်ဆုံးနေသည့် မိန်းကလေးငယ်မှာ အခန်းတစ်ခုအတွင်း ပိတ်လှောင်ခံထားရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, May 16, 2026

မူဆယ်တွင် ပျောက်ဆုံးနေသည့် မိန်းကလေးငယ်မှာ အခန်းတစ်ခုအတွင်း ပိတ်လှောင်ခံထားရ

.

၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက်

.

မူဆယ်မြို့ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်ခံရပြီး ပျောက်ဆုံးနေသော အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်မှာ မူဆယ်ကားကြီးကွင်း အနီးရှိ အခန်းတစ်ခုအတွင်း ပိတ်လှောင် ခံထားရသည်ဟု ၎င်း၏ မိခင်ဖြစ်သူထံက သိရသည်။

.

.

“သမီးက မူဆယ်ကားကြီးကွင်းမှာ ရှိနေတယ်တဲ့။ မနေ့ညတုန်းက Viber ကနေ ဖုန်းပေးပြော တာလို့ ပြောပါတယ်။ ဒီဖုန်းက ခဏပဲ ပေးပြောတာတဲ့။ သူကတော့ အဆင်ပြေတယ်လို့ ပြောတယ်။ ဒါပေမဲ့ ကလေးမျက်နှာက မကောင်းပါဘူး။ အခန်းထဲမှာ ပိတ်လှောင်ခံထားရတယ်။ မေကြီးတို့လည်း လာခေါ်လို့ ရမှာမဟုတ်ပါဘူးလို့ ပြောပါတယ်” ဟု မိန်းကလေး၏ မိခင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ပျောက်ဆုံးနေသည့် မိန်းကလေးငယ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကျောက်တန်းကြီး ကျေးရွာအုပ်စု၊ ပျံချီကျေးရွာနေ မခင်သီတာစန်း ဆိုသူဖြစ်ပြီး ၎င်းသည် ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံမှ တစ်ဆင့် မူဆယ်တွင် လစာများသည့်အလုပ် ရမည်ဟုဆိုသဖြင့် အလုပ်လုပ်ကိုင်ရန် မူဆယ်မြို့သို့ သွားရောက်ပြီး ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မိန်းကလေးငယ်သည် ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည်မှာ တစ်နှစ်ခန့် ရှိပြီဖြစ်ပြီး မလီလီ ဆိုသူ အမျိုးသမီးတစ်ဦးက မူဆယ်မြို့ရှိ စက်ရုံတွင် ရန်ကုန်ထက် လစာ ကောင်းသည်ဟု ဆိုသဖြင့် အလုပ်လုပ်ကိုင်ရန် လိုက်ပါသွားခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ မူဆယ်မြို့ရှိ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူး မင်းနိုင် က “ကျွန်တော်တို့တော့ အကြောင်းကြားထားပါတယ်။ သူတို့က ရန်ကုန်မှာလည်း အမှုမဖွင့်ရသေးဘူးထင်တယ်။ ရှာဖို့လောက်ပဲ အကြောင်းကြားထားသေးတာပါ။ လူတွေ့မှ စိစစ်ပြီး လူကုန်ကူးခံရတာ ဟုတ်/မဟုတ် စိစစ်ပြီးမှ အမှုဖွင့်ရမှာပါ။ သူ့အမေကတော့ ပိတ်လှောင်ခံထားရ တယ်လို့ ပြောပါတယ်။ ကျွန်တော်တို့လည်း သွားရှာနေတုန်းပါ။ မတွေ့သေးပါဘူး” ဟု ပြောဆိုခဲ့သည်။

.

ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်မည့် သူများအနေဖြင့် မိမိလုပ်ကိုင်မည့် အလုပ် တကယ်ရှိ/မရှိ၊ အလုပ်ချိန်၊ လုပ်ခလစာ၊ အလုပ်သမားအခွင့်အရေး စသည်တို့ကို မသွားမီ သေချာလေ့လာစုံစမ်း မေးမြန်း ပြီးမှသာ သွားရောက်လုပ်ကိုင်သင့်ကြောင်း ရဲမှူး မင်းနိုင်က အကြံပြု ပြောဆိုခဲ့သည်။

.

အဆိုပါ ပျောက်ဆုံးအမျိုးသမီးငယ်အား တွေ့ရှိပါက မိန်းကလေး၏ မိခင် (09 424 070 251) ထံသို့ ဆက်သွယ် အကြောင်းကြား ပေးရန် မိသားစုက အကူအညီ တောင်းခံထားသည်။

.

 

No comments:

Post a Comment

Pages