စာတော်ပြန်ပွဲ (ဆောင်းပါး) - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, May 19, 2026

စာတော်ပြန်ပွဲ (ဆောင်းပါး)



ရှေးတုန်းက စာတော်ပြန်ပွဲကို နယုန်လမှာ ကျင်းပမြဲ ဖြစ်၏။ မျက်မှောက်ခေတ်၌မူ Grade 12 စာမေးပွဲကြီး ပြီးဆုံးလျှင် ရဟန်း ရှင်သာမဏေတို့၏ စာတော်ပြန်ပွဲကို ဆက် ကျင်းပတတ်ကြ၏။ အင်္ဂလိပ် မတ်လ၊ မြန်မာ တပေါင်း၊ နွေဦးကာလ မြူထချိန်ကာလ ဖြစ်၏။ တောင်ကြီးမြို့မှ ပျောက်ကွယ်သွားပြီ ဖြစ်သော ခေါင်းစဉ်ကြီး၏ အောက်၊ ခေါင်းစီးငယ် စာတော်ပြန်ပွဲ အကြောင်း သိကောင်းစရာ အဖြစ် ရေးသားရန် ရည်ရွယ်၏။ မိမိငယ်စဉ်ဘဝ ကန်ရှေ့ရပ်၌ နေခဲ့တုန်းက ၁၉၅၄ မှ ၁၉၅၈ ထိ ပြည်တော်သာခေတ် ဖြစ်၏။ ကန်ရှေ့ရပ်က ရပ်ကွက်သူ၊ ရပ်ကွက်သား အများစု ကိုးကွယ်သော ဘုန်းကြီးကျောင်းမှာ ကံဦးကျောင်း ဖြစ်ပြီး ယခု ထွန်းဆေးရုံကြီး၏ တောင်ဘက် ကပ်လျက် ဝင်းကျယ်ကြီးနေရာတွင်ပါ။ တိုက်ကျောင်းကြီးတွေ၊ ဓမ္မာရုံကြီးတွေ မဖြစ်လာသေးချိန်မို့၊ ရှေးသစ်သစ်သား ကျောင်းအို ရှည်ရှည်ကြီးသည် မြောက်ခြံစည်းရိုး တစ်လျှောက် အရှေ့နှင့် အနောက် တန်းလျား ရှည်ကြီးဟု ခပ်ရေးရေး အတွေးကြေးမုံပြင်၌ ပေါ်လွင်လျက် ရှိဆဲပါ။

.

ရေနံချေး ဝနေသော အဆောင် မှိုင်းမှိုင်းမည်းမည်းကြီးသည် ခြေတံမြင့် အဆောက်အဦ ဖြစ်၏။ လှေခါးအထစ် ငါးထစ် ရှိမည်။ လှေခါးခုံကိုလည်း သစ်သားဖြင့်သာ တည်ဆောက်ထား၏။ လွတ်လပ်ရေး ရပြီးစ ကာလ၌ ဘိလပ်မြေ ရှားပါးသေး၏။ တော်တန်ရုံ အင်္ဂတေ မခင်းနိုင်၊ အုတ်အဆောက်အဦ မတည်ဆောက်နိုင်သေးချိန်၊ မြေနီခဲအုတ်စီ နံရံကိုတောင် အတွင်း/အပြင် မဆလာ အချောမကပ်နိုင်ကြပါ။ ဘုရားနီများကဲ့သို့ပင် နီနီအဆင်း ဆောင်သော အဆောက်အဦမျိုး ဖြစ်၏။ အမှန်တော့ လှေခါးအောက်ခြေခုံသည် အုတ်အင်္ဂတေ ဖြစ်မှသာ ရေရှည် ခိုင်ခံ့နိုင်ပါသည်။ သစ်သားသည် မိုးဒဏ် လေဒဏ်ကို သပ် မခံနိုင်၊ ယိမ်းယိုင်တတ်၏။ မိုးရေကြောင့် ဆွေးမြေ့လွယ်၏။ ခြသတ္တဝါတွေကလည်း သစ်သားဆိုလျှင် ကိုက်ဖြတ်လို့ ကောင်းလှချည့် မဟုတ်လား။ ထို့ကြောင့် ရေနံချေး သုတ်ပေးရ၏။ မိုးပြတ်သည့် ဆောင်းလယ်၊ နတ်တော် ပြာသိုလများတွင် ရေနံချေး သုတ်ကြမြဲ ဖြစ်၏။ နှစ်စဉ် မသုတ်နိုင်သော်မှ တစ်နှစ်ခြားတော့ မှန်မှန် သုတ်ပေးမှ ခြရန်မှ လွတ်နိုင်ပါသည်။

.

ဝါဝင်၊ ဝါထွက် နှစ်ဆန်းရက်များ၌ ဘုန်းကြီးကျောင်း ကန်တော့ သွားကြသော ဓလေ့သည် မိမိတို့ ရှမ်းပြည်ဌာနီ၌ ရှေးထုံးအစဉ်အလာ အတိုင်း ယနေ့ထိတိုင် ထိန်းသိမ်းထားနိုင်ဆဲပါ။ ကန်တော့ကြမည့် ပရိသတ်များ၊ တစ်စုတစ်ဝေးတည်း ရှိရန် စောင့်ဆိုင်းရင်း စကားစမြည် ပြောကြ၏။ ကျောင်းက ဧည့်ခံသော အခါးရေ (ရေနွေးကြမ်း)၊ လက်ဖက်သုပ်၊ ချင်းသုပ်၊ မုန့်ဆီကြော်၊ ကင်ပေါင်းကြော်တို့ကို စားရင်း သတင်းဖလှယ်၏။ ဒေသထွက် ရှမ်းစက္ကူထူ ဖြူဖြူကို လက်ဖက်ပွဲ၊ အကြော်ပွဲအောက်မှာ ခံ၍ ချထားပေးမြဲပါ။ လက်သုတ်၊ နှုတ်ခမ်းသုတ်ရန် လက်သုတ်ပုဝါ မသုံးနိုင်သေးသည့် ကာလ၊ ဆပ်ပြာကလည်း မပေါများသေးတော့ လျှော်ဖွတ်ဖို့လည်း မလိုဘူး မဟုတ်လား။ ကွမ်း၊ ဆေး၊ လက်ဖက်ဆိုသည်များမှာ ဧည့်သည်နှင့် အိမ်ရှင်တို့က ဧည့်ခံကျွေးမွေးစမြဲပင်။ ဆေးလိပ်၊ မီးခြစ်ဗန်း၊ ထွေးခံတို့က မပါမဖြစ်ပေ။

.

ကန်တော့ခံရန် ကျောင်းထိုင်ဘုန်းကြီး ကြွရောက်တော် မူသည်နှင့် ပရိသတ်များ ဝပ်တွားဦးချ ကန်တော့ကြပါပြီ။ ကန်တော့ချိုးကို ညီညီညာညာ ရိုရိုသေသေ ရွတ်ဆိုပူဇော်၏။ ကန်တော့ခံ ဘုန်းကြီးက ဆုချပြီးလျှင် အနည်းဆုံး ငါးပါးသီလ ခံယူကြ၏။ ဥပုသ်စောင့်ကြမည့် ဥပုသ်သီတင်းသည်များကတော့ ရှစ်ပါးသီလ ပေးသနားတော်မူပါ ဘုရား၊ ကိုးပါးသီလ ပေးသနားတော်မူပါ ဘုရား။ အချို့များ ဆယ်ပါးသီလ ပေးသနားတော်မူပါ ဘုရားဟု လျှောက်ထားပန်ကြားကြ၏။ ဘုန်းကြီး သီလ ချပေးနေစဉ် ဥပုသ် မယူသည့် ကျန်ကန်တော့ သမားများတို့ကို လှုပ်လှုပ်ရွရွ မရှိပါဘဲ ငြိမ်သက်စွာ အာရုံခံ ကုသိုလ်ယူ နေကြတတ်၏။ မေတ္တာပို့ အမျှဝေ သာဓုမြိုင်မြိုင်ကြီး ခေါ်ဆိုပြီးသည့်နောက် မိမိတို့၏ အလှူစာ ထည့်ထားသော လင်ပန်း၊ ဒေါင်းလန်း၊ ယွန်းအုပ်များကို ကျက်သရေခန်းသို့ ယူသွားပြီး အလှူစာများကို သူ့တောင်း၊ သူ့သေတ္တာတွင် ဖလှယ်ခဲ့ရပါသည်။

.

ရေးဖိုး ပျိုးတာက စာတော်ပြန်ပွဲအကြောင်း၊ ရေးဖြစ်တာက စစ်ပြီးစခေတ် ဘုန်းတော်ကြီးကျောင်း ကန်တော့သွား ကျောင်းတက်တဲ့ အကြောင်းကို ကလောင်တံ ရှည်မိလို့ စာမျက်နှာဝက်တောင် ခေါက်ချိုး ကျသွားခဲ့ပြီ။ ကန်ရှေ့ရပ်၊ ကံဦးကျောင်း၏ ခြေတံမြင့်ကျောင်းအို တန်းလျားရှည်ကြီးပေါ်မှာပဲ စာတော်ပြန်ပွဲ ကျင်းပခဲ့ရတာပါ။ စုပေါင်းကန်တော့ကြလည်း ဤကျောင်းအိုကြီးပေါ်မှာ၊ ကျောင်းသံဃာကုန် ဆွမ်းကပ်တော့လည်း ဤကျောင်းအိုမှာပင်၊ စာတော်ပြန်ပွဲ စာဖြေပွဲဝင် သံဃာအားလုံးကို ဆွမ်းကပ်တော့လည်း ဤမှာပင် ဖြစ်၏။ ခန်းမကျယ်ရှည်ကြီး ရှိတာလည်း ဤခြေတံမြင့် သစ်သားရေနံမည်း ကျောင်းအို တစ်စောင်တည်း ရှိတာကိုး။ ကြမ်းပြင်ပေါ်တင် ပလ္လင်ခွေ ထိုင်ပြီး တစ်ပေါ် တံတောင်ဆစ်တင်၊ နဖူးလက်မှာ ပဒုမ္မာရွှေကြာဖူးလို လက်အုပ်ချီ၊ မျက်စိစုံမှိတ် ဒေါင်းဒေါင်းပြေး အလွတ် ရွတ်ဆိုကြရပြီးပြီ။ အာဂုံဆောင်မှ ရေးဖြေအဆင့်သို့ တက်လှမ်းရခြင်းပါ။ သဘောတရား ရေးဖြေက ပိုမို ခက်ခဲသည်ဟု သိမှတ်ဖူး၏။

.

နယုန်လ စာပြန်ပွဲကို ရှေးအစဉ်အလာမပျက် ညောင်ရွှေမြို့က ထိန်းသိမ်းထားနိုင်ဆဲ၊ ဆက်လက် ချီတက်နေဆဲဟု သိရှိရပါ၏။ လွန်ခဲ့သော နှစ် ၂၀ ခန့်က မိမိ ဆွမ်းကပ်အလှူ ပြုခဲ့ဖူးရာ နေ့ခင်း အာဂုံပြန်ပုံကို ကြည်ညိုခဲ့ဖူး၏။ ထီးဖြူမိုး စာဖြေခုံပေါ်၌ သဒ္ဒါထက်သန်သော ဒကာမများက စံပယ်ပန်း၊ သနပ်ခါးပန်း၊ မြတ်လေးပန်း စသော လှပမွှေးကြိုင်သော ပန်းများ တင်ထားပေး၏။ သံဃာများ ကြွချီ ဝင်လာသော လမ်းမ တစ်လျှောက်၌လည်း ပန်းမျိုးစုံ အရောင်မျိုးစုံ ကြဲဖြန့်ခင်းကျင်းထား၏။ ခန်းမတစ်ခုလုံး ပန်းတွေနှင့် ဝေကာ မွှေးရနံ့ကြိုင်လှိုင် ကြူသင်းလှပါ၏။ စာဖြေသံဃာများ စိတ်ရွှင် ကိုယ်လန်း ဉာဏ်စွမ်းထက်မြက်လို့ ကောင်းစွာ ဖြေဆိုနိုင်မည်။ အမှတ်များများရ၊ ဂုဏ်ထူးတွေ ထွက်၊ ဂုဏ်ထူးဆောင် သံဃာစာရင်းဝင် အဖြစ် အောင်စာရင်းတွင် မျက်နှာပန်းလှကြမည်မှာ သေချာပါ၏။ စာဖြေချိန် ကျရောက်သည်နှင့် အမြှောက်ပစ်ဖောက် အချက်ပေးသည်ကိုလည်း ထူးဆန်းစွာ ကြုံခဲ့ရ၏။ ညောင်ရွှေစော်ဘွား၊ တော်ဘုရားကြီး ရှိစဉ် ရွှေနန်းတော်က အတိုင်း ဟော်နန်းမှာလည်း ပုံစံတူ ယူမှီးထားတာ ဖြစ်ကြောင်း အစဉ်အလာ သိသူတို့က မိမိအား ရှင်းလင်းပြောပြ ကြသည်ကို ကြားနာ မှတ်သားခဲ့ရ၏။

.

တောင်ကြီးမှာတော့ အမြှောက်ပစ်ဖောက်ခြင်းမျိုး မရှိပါ။ မတွေ့ဖူး၊ မမြင်ဖူး၊ မကြားဖူးပါ။ သံဃာကြွချီ ဝင်ရောက်ရာ လမ်းမတစ်လျှောက်ကိုတော့ ပန်းမွေ့ယာ ခင်းသော နတ်လမ်းဖန်တီး ပူဇော်မှု ရှိ၏။ တောင်ကြီး ကန်အောက်ရပ်ရှိ အိုင်စီအက်စ် ဦးခင်မောင်ဖြူ၊ နောက်တော့ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီး၊ နောက်ဆုံး ရာထူးဝန်အဖွဲ့ ဥက္ကဌ ဖြစ်ခဲ့သူ၏ အစ်မ၊ မိမိဘွားအေကြီး၏ မောင်နှမဝမ်းကွဲ တော်စပ်သော ခြံဝင်းကျယ်ကြီးနှင့် ပျဉ်ထောင်နှစ်ထပ်အိမ်၊ အောက်ထပ်အုတ်စီလျက်၊ ပန်းခြံကျယ်ကြီးမှာ ပန်းမျိုးစုံ ဝေဝေဆာဆာ ဖူးပွင့်မြဲ ဖြစ်၏။ နတ်လမ်းခင်းရန် ပန်းများများ လိုလျှင် လာအလှူခံ၏။ ကြိုက်သလောက်ခူး၊ ကြိုက်သလိုခူးဟု ခွင့်ပြု ပေးလှူမြဲလည်း ဖြစ်၏။ တောင်းကြီး တောင်းငယ် အသွယ်သွယ် ရ၏။ ဝမ်းသာရွှင်ပြုံးစွာ ရွက်ယူ၊ ထမ်းယူ သွားကြ၏။ ဦးဘတင်၊ ဒေါ်တင်ဖြူ တို့အိမ်နှင့် ဝင်းခြံကြီးသည်ကား လမ်းသုံးဖက်ရှိ ပေ ၂၀၀ စီ လေးထောင့်ကျကျ ခြံကျယ်ကြီးပါ။ ရန်ကုန်မြို့၊ သမ္မတအိမ်တော်ဝန် အဖြစ် ဦးဘတင် အမှုတော် ထမ်းခဲ့ဖူးပါသည်။

.

ကန်ရှေ့ရပ်၊ ကံဦးကျောင်းဟု နှုတ်ကျိုးနေသော်လည်း ပုဗ္ဗာရုံကံဦးကျောင်းဟု ဆိုင်းဘုတ်တင်ထားသည်ကို မှတ်မိနေသေး၏။ နောင်သောအခါ တိုက်ကျောင်းကြီးတွေ၊ တိုက်ဓမ္မာရုံကြီးတွေ ကျောင်းဝင်းပြည့်မျှ သာသနာ ထွန်းလင်းလာ၏။ ဖော်ပြပါ ခြေတံရှည် သစ်သားတစ်ထပ်တန်းလျားရှည် ကျောင်းအိုကြီးကို မတွေ့မြင်ရတော့ပါ။ နှစ်ကြာလာ၍ ဆွေးမြေ့ယိုင်လဲလုမတတ်မို့ အန္တရာယ် ကင်းအောင် ဖြိုချလိုက်ရဟန် တူ၏။ စာတော်ပြန်ပွဲကို အုတ်ဓမ္မာရုံကြီး၌ ကျင်းပသည်ကို ဝင်ရောက်ကြည်ညို လှူဒါန်းဖူးပါသည်။ ကံသာရပ်သို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ကန်ရှေ့ရပ်သို့ အရောက်ပေါက် နည်းပါးသွားကြောင်းကို ရိုးသားစွာ ဝန်ခံလိုက်ရပါသည်။ ငယ်ဘဝကို ပြန် မရနိုင်တော့ပြီ။ ဝိုးဝါးမှတ်မိဆဲကို ရေးပြပေးရပါသတည်း။ ။

.

ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)

No comments:

Post a Comment

Pages