နိုရိုဗိုင်းရပ်စ် အကြောင်း သိကောင်းစရာ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 29, 2026

နိုရိုဗိုင်းရပ်စ် အကြောင်း သိကောင်းစရာ

.

Norovirus ဆိုတာ ဘာလဲ
နိုရိုဗိုင်းရပ်စ် ဆိုတာက အန်ခြင်းနဲ့ ဝမ်းလျှောခြင်းတွေကို ပြင်းပြင်းထန်ထန် ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်အုပ်စု တစ်ခု ဖြစ်ပါတယ်။ ဒီရောဂါက အလွန် အဖြစ်များပြီး ကူးစက်လွယ်တဲ့ ရောဂါလို့ ပြောရမှာပါ။ နိုရိုဗိုင်းရပ်စ် ဖြစ်ပွားမှုတွေက အေးတဲ့ရာသီတွေမှာ ဖြစ်တတ်ပြီး အမေရိကန်နိုင်ငံမှာတော့ အစားအသောက်တွေကနေ ကူးတဲ့ ရောဂါတွေထဲမှာ နံပတ်တစ် နေရာမှာ ရှိနေပါတယ်။
.
ဘယ်လောက် အဖြစ်များလဲ
နိုရိုဗိုင်းရပ်စ်က အလွန်အဖြစ် များပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဉ် လူသန်းပေါင်း ၆၀၀ ကျော်လောက် ကူးစက်ခံရတယ်လို့ ခန့်မှန်းထားကြပါတယ်။ အဲဒီထဲက ၃ ပုံ ၁ ပုံလောက်က ကလေးတွေ ဖြစ်ပါတယ်။
.
လက္ခဏာတွေက ဘာတွေလဲ
နိုရိုဗိုင်းရပ်စ်ရဲ့ လက္ခဏာတွေကတော့ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်းနဲ့ ဗိုက်နာခြင်းတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ်နဲ့ ထိတွေ့ပြီး ၁၂ နာရီကနေ ၄၈ နာရီအတွင်း လက္ခဏာတွေ ပေါ်လာတတ်ပြီး ၁ ရက်ကနေ ၃ ရက်အထိ ကြာတတ်ပါတယ်။
.
ကလေးနဲ့ လူကြီးတွေမှာ လက္ခဏာတူလား
အများအားဖြင့်တော့ တူပါတယ်။ လူကြီးတွေ ဖြစ်ရင်တော့ ဝမ်းလျှောတာ ပို များနိုင်ပြီး၊ ကလေးတွေ ဖြစ်ရင်တော့ အန်တာ ပိုများကြပါတယ်။
.
ရောဂါဖြစ်ရင် အစား ဘယ်လို စားရမလဲ
နိုရိုဗိုင်းရပ်စ်က အူနဲ့ အစာအိမ်ကို ရောင်ရမ်းစေတဲ့အတွက် အစာ စားခြင်း၊ ရေသောက်ခြင်းတွေမှာ ခက်ခဲ နိုင်ပါတယ်။ ဒါ့ကြောင့်ပဲ အန်ခြင်းနဲ့ ဝမ်းလျှောခြင်းတွေ ဖြစ်ကြတာပါ။ ဒါပေမယ့် အစားစားဖို့နဲ့‌ ရေ သောက်ဖို့ ကိုတော့ ကြိုးစားရပါတယ်။ တစ်နေ့တာအတွင်း အကြိမ်ရေ များများနဲ့ နည်းနည်းစီ စားသောက်ခြင်း။
ဖြည်းဖြည်းချင်း စားခြင်းအစာကို နည်းနည်းစီ ကိုက်စားခြင်းရေကို တစ်ခါတည်း အကုန်မသောက်ဘဲ နည်းနည်းစီ သောက်ခြင်း စတာတွေ လုပ်ကြည့်ရမှာပါ။ အရမ်းမြန်မြန်စားတာ၊ အများကြီးစားတာတွေလုပ်ရင် ကိုယ်ခန္ဓာက လက်မခံဘဲ ပြန် အန်ထွက်နိုင်ပါတယ်။
.
နိုရိုဗိုင်းရပ်စ်လို့ ဘယ်လို သတ်မှတ်မလဲ
ကျန်းမာရေးဝန်ထမ်းတွေက ရောဂါလက္ခဏာတွေကို စစ်ဆေးပြီးရုံနဲ့ နိုင်ရိုဗိုင်းရပ်စ်လို့ သတ်မှတ်လို့ ရပါတယ်။ များသောအားဖြင့် စမ်းသပ်ဖို့ မလိုအပ်ပေမယ့် သေချာချင်တယ် ဆိုရင်တော့ ဝမ်းနမူနာ ကို စစ်ဆေးပြီး အတည် ပြုနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ခံအားစနစ် အားနည်းတဲ့သူတွေက စစ်ဆေးမှု ပြုလုပ်ဖို့ လိုအပ်သူတွေပါ။
.
နိုရိုဗိုင်းရပ်စ်ကို ဘယ်လို ကုသလဲ
နိုရိုဗိုင်းရပ်စ်ကို တိုက်ရိုက်ပျောက်အောင် ကုသပေးနိုင်တဲ့ ဆေး မရှိသေးပါဘူး။ ဆရာဝန်တွေက လက္ခဏာတွေ သက်သာသွားအောင်ပဲ လုပ်ပေးကြတာပါ။ ရောဂါလက္ခဏာတွေကလည်း ၁ ရက်ကနေ ၃ ရက်အတွင်း ပျောက် သွားတတ်ကြပါတယ်။ ရောဂါ ပို ဆိုးမလာဖို့ ရေများများ သောက်ခြင်းကောင်းကောင်း အနားယူခြင်းပျော့ပျောင်းပြီး အစာအိမ် မထိခိုက်တဲ့ အစားအစာများ စားခြင်းတို့ဖြင့် ထိန်းချုပ်နိုင်ပါတယ်။
.
နိုရိုဗိုင်းရပ်စ် ဝင်ရင် ဘာတွေ ဖြစ်နိုင်လဲ
နိုရိုဗိုင်းရပ်စ်ရဲ့ လက္ခဏာတွေက ရုတ်တရက် ပြင်းပြင်းထန်ထန် ဖြစ်တတ်ကြပါတယ်။ ရောဂါ ပျောက်တဲ့အထိ ရက် အနည်းငယ် အန်ခြင်းနဲ့ ဝမ်းလျှောခြင်းတွေ ဖြစ်တတ်ပါတယ်။ ကိုယ်က အဲဒီလို ဖြစ်နေလို့ အစားလည်း မစားနိုင်၊ ရေလည်း မသောက်နိုင်ဆိုရင် ရေဓာတ် ခန်းခြောက်ခြင်း ဖြစ်မှာမို့ ဆေးခန်းကိုသာ သွားပါ။ နိုရိုဗိုင်းရပ်စ်က တစ်ခါ ဖြစ်ဖူးရင်လည်း ထပ် ဖြစ်တတ်တဲ့ ရောဂါမျိုး ဖြစ်ပြီး ယာယီ ဖြစ်တတ်တဲ့ ရောဂါမို့ ရေရှည် ဆိုးကျိုးတွေ ခံစားရတာမျိုး မဖြစ်နိုင်ပါဘူး။
.
နိုရိုဗိုင်းရပ်စ်က ကိုယ်ထဲမှာ ဘယ်လောက် ကြာကြာနေလဲ
နိုရိုဗိုင်းရပ်စ် ခန္ဓာကိုယ်ထဲ ရောက်သွားရင် လက္ခဏာ မပြခင်ကတည်းက ဝမ်းထဲမှာ ရှိနေတတ်ပါတယ်။ ရောဂါ ပျောက်ပြီးတဲ့နောက်လည်း ၂ ပတ်လောက်အထိ ဆက်ပြီး ရှိနေနိုင်သေးတဲ့ ဗိုင်းရပ်စ်ပါ။
.
နိုရိုဗိုင်းရပ်စ်ကို ဘယ်လို ကြိုတင်ကာကွယ်မလဲ
နိုရိုဗိုင်းရပ်စ် ဖြစ်နိုင်ချေကို လျော့ချဖို့ဆိုရင် ဆပ်ပြာနဲ့ရေ သုံးပြီး လက်ကို မကြာခဏဆေးပါအသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို ရေစင်အောင် ဆေးပြီးမှ စားပါအစားအစာတွေကို ကောင်းကောင်းကျက်မှ စားပါ (အထူးသဖြင့် ပင်လယ်စာများ)ညစ်ပတ်နေတဲ့ အဝတ်တွေ ရှိရင် သေချာလျှော်ပါလက်သန့်ဆေးရည် သုံးတာက ဆပ်ပြာနဲ့ ရေနွေး သုံးပြီး လက်ဆေးတာလောက် ထိရောက်မှု မရှိဘူးဆိုတာလည်း သိထားပါ။ တကယ်လို့ ကိုယ်က နိုရိုဗိုင်းရပ်စ် ဖြစ်နေပြီဆိုရင် အစားအစာ ချက်ပြုတ်မှုတွေ မပြုလုပ်သင့်သလို၊ တခြား သူတွေ နားလည်း မကပ်သင့်ပါဘူး။ ဘာလို့လဲ ဆိုတော့ နိုရိုဗိုင်းရပ်စ်က အလွယ်တကူ ကူးစက်နိုင်တာကြောင့်ပါပဲ။

.

[ Ref : Cleveland Clinic ]
.

#KBZTai #Shan #Health #Norovirus

No comments:

Post a Comment

Pages