- Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, May 17, 2026



.
ထိုင်းနိုင်ငံရဲ့ တိုင်းရင်းဆေးနဲ့ အစားထိုးဆေးပညာဌာနက နိုင်ငံတွင်း ဆေးခြောက်အသုံးပြုမှုကို ဆေးဘက် ဆိုင်ရာအတွက်သာ အသုံးပြုရမယ်လို့ ကန့်သတ်လိုက်ပြီး ဆေးခြောက်ရောင်းချမှုတွေကို ပိုမိုတင်းကြပ် လိုက်ပြီဖြစ်ပါတယ်။
.
ဆေးပညာဌာနအကြီးအကဲ ဒေါက်တာ ပေါင်ဆာဒွန်က ဒီအစီအစဉ်တွေဟာ အစိုးရရဲ့မူဝါဒနဲ့အညီ နိုင်ငံ တစ်ဝှမ်း ဆေးခြောက်စီးပွားရေးလုပ်ငန်းတွေကို စနစ်တကျလည်ပတ်စေနိုင်မှာဖြစ်တယ်လို့ ပြောဆို လိုက်ပါတယ်။
.
ထိုင်းနိုင်ငံအတွင်းက ဆေးခြောက်ဆိုင်တွေကို ဆေးခန်းတွေလို ပြောင်းလဲဖွင့်လှစ်စေမှာဖြစ်ပြီး ဆေးခြောက် နဲ့ ပြုလုပ်ထားတဲ့ ထုတ်ကုန်တွေကိုလည်း ဆရာဝန်တွေရဲ့ ခွင့်ပြုချက်ရမှသာ ဝယ်ယူနိုင်ဖို့ စီစဉ်တော့မှာပါ။ စည်းမျဉ်းအသစ်တွေအရ ဒေသဆိုင်ရာ အာဏာပိုင်တွေက စစ်ဆေးမှုတွေကို ပိုမိုတင်းကြပ်လာမှာဖြစ်ပြီး တရားမဝင်ဆေးခြောက်လုပ်ငန်းတွေကို တိုင်ကြားတဲ့သူတွေကိုလည်း ဆုငွေတွေ ပေးသွားဖို့ စီစဉ်ထား တာပါ။
.
ဧပြီ ၃၀ ကနေစပြီး အကျုံးဝင်တဲ့ ဒီစည်းမျဉ်းတွေက စီးပွားရေးရည်ရွယ်ချက်အတွက် စိုက်ပျိုးထားတဲ့ ဆေးခြောက်အပင်တွေ၊ သုတေသနလုပ်ငန်းတွေမှာ အသုံးပြုမယ့် ဆေးခြောက်ပင်တွေကိုတော့ ခွင့်ပြုထား ပါတယ်။
.
ဒေါက်တာ ပေါင်ဆာဒွန်ကတော့ ဒီလုပ်ဆောင်ချက်တွေဟာ ဆေးခြောက်ကို အပန်းဖြေတဲ့အနေနဲ့ အသုံးပြု သူတွေများပြားလာတဲ့အတွက်ကြောင့် လုပ်ဆောင်ရတာဖြစ်ပြီး ဆေးခြောက်ထိန်းချုပ်မှုကို ပိုမိုတင်းကြပ် မယ့် အရေးကြီးတဲ့ခြေလှမ်းတစ်ရပ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
.
စည်းမျဉ်းအသစ်တွေအရ ဆေးခြောက်ဖြန့်ဖြူးခွင့် လိုင်စင်လျှောက်ထားတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဟာ ဆေးဖက်ဆိုင်ရာ ဒါမှမဟုတ် ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေနဲ့ ချိတ်ဆက်ထားရမှာဖြစ်ပြီး အဲဒီ လုပ်ငန်းတွေက ဆေးခန်းတွေ၊ ဆေးဝါးထုတ်လုပ်သူတွေနဲ့ လိုင်စင်ရတိုင်းရင်းဆေးလုပ်ငန်းတွေ ဖြစ်ရမှာပါ။
.
လက်ရှိ ရှိပြီးသားဆိုင်တွေက လိုင်စင်သက်တမ်းမကုန်မချင်း ဆက်လက်ဖွင့်နိုင်ပေမဲ့ သက်တမ်းကုန်သွား ရင်တော့ စည်းမျဉ်းအသစ်တွေအတိုင်း လိုက်နာပြီး ဖွင့်လှစ်ရတော့မှာဖြစ်ပါတယ်။
.
ဘန်ကောက်လို ခရီးသွားမြို့တွေမှာ ဆေးခြောက်ဆိုင်တွေ အများအပြားဖြစ်လာတာကြောင့် ထိုင်းအစိုးရ အနေနဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး အရွယ်မရောက်သေးသူတွေ ဆေးခြောက်အသုံးပြုနေမှုကိုလည်း ထောက်ပြသူတွေရှိနေကြပါတယ်။ ဆေးရုံတွေမှာလည်း ဆေးခြောက်အလွန်အကျွံသုံးစွဲမှုနဲ့ ပတ်သက်တဲ့ လူနာအရေအတွက် တိုးလာခဲ့ကြောင်း အချက်အလက်တွေက ဖော်ပြနေပြန်ပါတယ်။
.
လက်ရှိမှာတော့ ၂၀၂၆ ကနေ ၂၀၂၈ ခုနှစ်အတွင်း ဆေးခြောက်ဖြန့်ဖြူးခွင့်လိုင်စင် ၁၂၀၀၀ အထိပေးထားပြီး အဲဒီလိုင်စင်တွေထဲက တစ်ဝက်ဟာ ၂၀၂၆ ခုနှစ်အတွင်းမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။
.
#KBZTai #International #Thai
.

 

No comments:

Post a Comment

Pages