.
၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခြင်း မရှိသေး သည့်အတွက် တောင်သူများအခက်အခဲဖြစ်ပေါ်နေရကြောင်း သိရသည်။
.
.
လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ရက် ၁၀၀ စီမံချက်တွင် မပါဝင်သည့်အတွက် မိုးနဲမြို့နယ်အတွင်းရှိ တောင်သူ များအတွက် စိုက်ပျိုးစရိတ်ချေးငွေကို ဩဂုတ်လမှသာ ထုတ်ချေးနိုင်မည်ဟု ဆိုသဖြင့် တောင်သူများအတွက် စိုက်ပျိုးချိန် အမီမရရှိနိုင်ဘဲ များစွာနောက်ကျမည်ဖြစ်ကြောင်း မိုးနဲမြို့နယ် တောင်သူလယ်သမားအဖွဲ့ ထံက သိရသည်။
“အရင်းအနှီးက မရှိလို့ စိုက်ဘဏ်ကို အားကိုးမယ်ဆိုတော့လည်း စိုက်ဘဏ်က ရက် ၁၀၀ စီမံချက်ထဲမှာ မပါလို့ ၇ လပိုင်း၊ ၈ လပိုင်းလောက်မှ ထုတ်ချေးပေးမယ်လို့ ပြောပါတယ်။ အဲဒီအချိန်က အရမ်းနောက်ကျ သွားပါတယ်” ဟု မိုးနဲမြို့နယ် တောင်သူလယ်သမားအဖွဲ့ အတွင်းရေးမှူး စိုင်းမောင်အေး က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
မိုးနဲမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်က ရေလွှမ်းမိုးမှု ခံခဲ့ရသဖြင့် လယ်ဧက ၇၀၀၀ ကျော် ပျက်စီးဆုံးရှုံး ခဲ့ရပြီး ၂၀၂၅-၂၀၂၆ ခုနှစ်တွင်လည်း ဒေသထွက်ကုန်များ ဈေးနှုန်းကျဆင်းသည့်အပြင် လုပ်သားခနှင့် စိုက်ပျိုးကုန်ကျစရိတ် မြင့်တက်လာသည့်အတွက် အရှုံးပေါ်ခဲ့ရပြီး တောင်သူများ အနေဖြင့် အရင်းအနှီးမရှိ ဖြစ်နေရကြောင်း ၎င်းထံက သိရသည်။
.
“လယ်သမားတွေက လယ်ကို ဒီအတိုင်း လစ်လပ်ထားဖို့ပဲ များမယ်။ ဘာလို့ဆို အရင်းမရှိတော့ဘူး။ အရင်း ပြန်မရတာ ၂ နှစ်၊ ၃ နှစ်လောက်ရှိပြီ။ အဲဒီတော့ ကျွန်တော်တို့က ရပ်တည်နိုင်ဖို့ ခက်ခဲတယ်” ဟု စိုင်းမောင်အေး က ပြောသည်။
.
မိုးနဲမြို့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မရှိဘဲ လွိုင်လင်ခရိုင် လယ်ဖွံ့ဘဏ်တွင်သာ ချေးငွေ ထုတ်ချေး ပေးခြင်းဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် မေလ ၁၆ ရက်က လွိုင်လင်မြို့ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လွိုင်လင်ခရိုင်ဘဏ်ခွဲတွင် ၂၀၂၆ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲ ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး ကိုယ်တိုင်တက်ရောက်ပြီး စိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
.
“ရက် ၁၀၀ စီမံချက်ထဲမှာ ပါရင်တော့ အဆင်ပြေတာပေါ့။ အခု ကျွန်တော်တို့က အရင်းမရှိတော့ဘူး။ အပြင်မှာ ချေးငှားရင်လည်း ခက်ခဲတယ်။ အတိုးများတယ်။ ဒီနှစ်က ကြက်သွန်ဖြူလည်း အရင်းပြန်မရဘူး။ ပဲပုပ်တစ်မျိုးပဲ အားကိုးရတော့မယ်။ ပဲပုပ်က ဈေးကောင်းတယ်။ ဒါပေမဲ့ အခုက ဖျက်မိုးများနေတယ်” ဟု တောင်သူတစ်ဦးက ပြောသည်။
.
ထို့အပြင် လယ်ယာသုံးစက်ကိရိယာအတွက် ချေးငွေများကို ကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၅၀၀၀ အထိ ချေးယေူနိုင်ကြောင်း ထုတ်ပြန်ထားသော်လည်း ချေးငွေထုတ်ယူနိုင်ရန်အတွက် ညွှန်ကြားချက်များ၊ ကန့်သတ်ချက်များကြောင့် တောင်သူလယ်သမားများအတွက် ထုတ်ချေးနိုင်ရန် ခက်ခဲနေပြီး ယင်း အကန့်အသတ်များကို ဖြေလျှော့ပေးစေလိုကြောင်း တောင်သူများထံက သိရသည်။
.
မိုးနဲမြို့နယ်အတွင်း လယ်ဧကပေါင်း ၁၀၀၀၀ ကျော်၊ ယာဧကပေါင်း ၁၀၀၀၀ ကျော်ရှိပြီး ရှမ်းပြည်နယ် အတွင်း လယ်ဧက အများဆုံးမြို့နယ်တစ်ခုဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment