အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက် ဟူသည့် စာအတု ပျံ့နှံ့နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 22, 2026

အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက် ဟူသည့် စာအတု ပျံ့နှံ့နေ



၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်

.
အင်းတိုင်းရင်းသားများသဘောထားထုတ်ပြန်ချက် ဟူသည့် ခေါင်းစဉ်ဖြင့် ထုတ်ပြန်ချက် အတု (အတု) တစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေလျက် ရှိကြောင်း တွေ့ရသည်။

.

ထုတ်ပြန်ချက်အတုတွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ မှ စ၍ ဘုရားပွဲသော်လည်းကောင်း၊ စာတော်ပြန်ပွဲ သော်လည်းကောင်း၊ အင်းတိုင်းရင်းသားမှ လွဲပြီး အခြားတိုင်းရင်းသားများ ဝင်ရောက် အလှူ ပြုလုပ်ခြင်း၊ လာရောက် လည်ပတ်ခြင်း၊ စီးပွားရေး လာရောက် ရင်းနှီး မြုပ်နှံခြင်း၊ စက်လှေ ငှါးရမ်းခြင်း၊ အင်းလေးဒေသနှင့် ပတ်သက်သော ဘယ်ကိစ္စမဆို လုံးဝ(လုံးဝ) ခွင့် မပြုတော့ပါကြောင်းနှင့် အကယ်၍ အတင်း ဝင်ရောက်လာပါက အင်းတိုင်းရင်းသားများက အရေးယူဆောင်ရွက်မည်ဟူသော အဓိပ္ပါယ်မဲ့သည့် အကြောင်းအရာများ ပါဝင်သည်ကို တွေ့ရသည်။

.

ထို့အတူ ထုတ်ပြန်ချက် အတုတွင်လည်း အင်းတိုင်းရင်းသားများ၏ ဥက္ကဌ ဟု လက်မှတ်ရေးထိုးကာ ယင်း အဖွဲ့အစည်း အမည်နှင့် ပတ်သက်သည့် အဖွဲ့အစည်းလည်း မရှိကြောင်း သိရသည်။

.

ယင်းထုတ်ပြန်ချက် အတုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အင်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဒေါ်တင်တင်ရီ အား ဆက်သွယ် မေးမြန်းရာတွင် “ အဲဒီစာ (ထုတ်ပြန်ချက်အတု) နှင့် ပတ်သက်ပြီး ကျွန်မတို့ ဘာမှလည်း ပြောစရာလည်း မဟုတ်ဘူး၊ ဖြေရှင်းစရာလည်း မလိုဘူး။ ကျွန်မတို့ ထုတ်တာလည်း မဟုတ်ပါဘူး။ ကျွန်မတို့ အင်းတိုင်းရင်းသားတွေကရော၊ ကျွန်မတို့ အင်းပါတီဘက်ကရော ထုတ်ပြန်ထားတာ မဟုတ်ပါဘူး။” ဟု မှတ်ချက်ပြုသည်။

.

အင်းသားတိုင်းရင်းသားများသည် ရှေးယခင်ကတည်းက အတူနေ တိုင်းရင်းသားများ အားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ နေထိုင်လာသည့် ကြီးမားသော သမိုင်းအစဉ်အလာ ရှိသော လူမျိုး ဖြစ်ပြီး၊ ယခုစာအတုပါ သဘောထားဆန္ဒမျိုး ယခင်ကလည်း မရှိခဲ့သကဲ့သို့ နောင်တွင်လည်း မည်သို့မျှ ရှိလာမည် မဟုတ်ကြောင်းကိုလည်း အင်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးက ရှင်းပြသည်။

.

ပြီးခဲ့သည့် လအတွင်းကလည်း အင်းလေးဒေသကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းဖွဲ့စည်းရန် ဟူသော စာ အတု တစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ဖူးကာ၊ ယင်း ထုတ်ပြန်ချက် အတုများသည် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပျက်ပြားစေရန် ရည်ရွယ်သည့် ထုတ်ပြန်ချက် အတုများသာ ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages