.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ပေါ်တွင် မြို့တွင်းပြေးဆွဲနေသည့် စင်းလုံးငှား တက္ကစီယာဉ်ငယ်များ ခရီးသည်ရရှိမှု နည်းပါးလာနေပြီး ဈေးဦးမပေါက်သည့်ရက် များပြားလာနေသည်ဟု ယာဉ်မောင်းများထံက သိရသည်။
.
.
စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာပြီးနောက် ယာဉ်စီးခ တိုးမြှင့်ပြောင်းလဲ ကောက်ခံရခြင်းကြောင့် စင်းလုံးငှား တက္ကစီကား ငှားရမ်းစီးနင်းသူ မရှိသလောက် နည်းပါးသွားခြင်းဖြစ်ပြီး တောင်ကြီးမြို့ပေါ်ရှိ တက္ကစီဂိတ် အများစုတွင် ယင်းကဲ့သို့ ခရီးသည် နည်းပါးနေခြင်းဖြစ်ကြောင်း သိရသည်။
.
“ဆီပုံမှန်ဈေးတုန်းက စီးတဲ့လူတွေလည်း စီးနိုင်ကြတော့ တစ်ရက် နှစ်ခေါက်၊ သုံးခေါက်လောက် ရသေး တယ်။ အခုဆီဈေးနဲ့ကျတော့ တိုးမတောင်းလို့လည်း မရ၊ တောင်းပြန်တော့လည်း စီးတဲ့သူက မစီးနိုင် ဖြစ်ကုန်တာ ။ဆိုင်ကယ်တက္ကစီတောင် ဂိတ်ထွက် ၅၀၀၀ ဖြစ်နေပြီ” ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ကမ္ဘောဇတိုင်းသို့ပြောသည်။
.
တက္ကစီယာဉ် အများစုသည် မြို့တွင်းစီးနင်းအသုံးပြုသည့် ခရီးသည် ရှားပါးလာသည့်အတွက် တောင်ကြီးမြို့ အနီးပတ်လည်ရှိ ကလော၊ ပင်းတယ၊ အင်းလေးနှင့် ဟဲဟိုးလေဆိပ် သွားမည့် ခရီးသည်များကိုသာ မျှော်လင့် အားထားနေရကြောင်း သိရသည်။
.
“ပြီးခဲ့တဲ့ လတုန်းကဆို တစ်လလုံးကိုမှ မြို့တွင်းဆွဲတာ ၃ ခေါက်ပဲရတယ်။ ဟဲဟိုးလေဆိပ်ကို ၂ ခေါက် ရလိုက်လို့ နည်းနည်းလေး ခံသာသွားတာပါ” ဟု အခြားယာဉ်မောင်းတစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ ခရီးသည်ရရှိမှု နည်းပါးလာသည့်အတွက် တက္ကစီယာဉ်မောင်းများအနေဖြင့် ခွဲတမ်းဖြင့် ရသည့် စက်သုံးဆီကိုပင် ထုတ်ယူနိုင်ခြင်း မရှိတော့ကြောင်း ယာဉ်မောင်းအချို့က ပြောဆိုကြသည်။
.

No comments:
Post a Comment