နယူးဒေလီ မှာ ၆ ထပ် ဟိုတယ်တစ်လုံး မီးလောင်ပြီး အနည်းဆုံး ၂၁ ဦး သေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, June 4, 2026

နယူးဒေလီ မှာ ၆ ထပ် ဟိုတယ်တစ်လုံး မီးလောင်ပြီး အနည်းဆုံး ၂၁ ဦး သေဆုံး

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်

.

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ၆ ထပ်ဟိုတယ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၁ ဦး သေဆုံးကာ ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြပါတယ်။ မနေ့က မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီ မီးလောင်မှုက နယူးဒေလီမြို့တော်တောင်ပိုင်း မယ်လ်ဗီယာ နာဂါ အနားမှာရှိတဲ့ Flourish Stay ဟိုတယ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မီးသတ်တပ်ဖွဲ့ ၈ ဖွဲ့အထိ စေလွှတ်ခဲ့ရတာပါ။

.

.

မီးသတ်အဖွဲ့တွေက လူ ၂၆ ဦးကို ကယ်တင်နိုင်ခဲ့ပေမဲ့လည်း သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ အများအပြား ရှိခဲ့ပြီး နယူးဒေလီမှာ ပြီးခဲ့တဲ့ ၄ နှစ်အတွင်း အဆိုးဆုံး မီးလောင်မှုလည်း ဖြစ်ခဲ့ပါတယ်။

.

မီးလောင်ကျွမ်းမှု ဖြစ်ရတဲ့အကြောင်းရင်းကိုလည်း အခုချိန်ထိ မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေကြဆဲပါ။

.

အသက် ၄၉ နှစ်အရွယ် ယာဉ်မောင်း အာမက် က မီးလောင်ကျွမ်းမှုကို စတင်တွေ့ရှိခဲ့တာဖြစ်ပြီး မီးဖိုချောင် ကနေ စတင်လောင်ကျွမ်းတယ်လို့ ထင်တဲ့အကြောင်း ပြောဆိုထားပါတယ်။

.

“ဟိုတယ်ထဲမှာ မီးစလောင်နေတာကို တွေ့ခဲ့ရတာပါ။ မီးဖိုချောင်က စပြီးလောင်တယ်လို့ ထင်မိတယ်။ အဲဒီနောက်မှာတော့ လူတွေက ငိုယိုပြီး ပြတင်းပေါက်တွေကို ဖျက်ဖို့ ကြိုးစားနေတာလည်း တွေ့ရတယ်။” လို့ အာမက် က ပြောပါတယ်။

.

ကယ်ဆယ်ရေးနဲ့ မီးသတ်တွေ ရောက်လာချိန်မှာတော့ မီးက အဆောက်အဦးတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ ပါပြီ။ အနီးအနား နေသူတွေက ဆိုင်တစ်ဆိုင်ကနေ မွှေ့ယာနဲ့စောင်တွေကိုယူပြီး ဟိုတယ်အောက်မှာ ခင်းပေးခဲ့ကြသလို ခုန်ချလာသူတွေရဲ့ထိခိုက်မှုတွေကို လျော့ကျပေးဖို့ ကြိုးစားခဲ့ကြတာပါ။ ဟိုတယ်ပေါ် ကနေ ခုန်ချသူ ၁၂ ဦးလောက် ရှိခဲ့ပြီး သူတို့ကတော့ ကြီးမားတဲ့ ဒဏ်ရာတွေ မရှိခဲ့ကြပါဘူး။

.

မီးလောင်မှုဖြစ်ပွားတဲ့ ဟိုတယ်က ပုဂ္ဂလိကဆေးရုံတွေ အများအပြားရှိတဲ့ လမ်းမကြီးတွေနားမှာ ရှိနေတာ ဖြစ်ပြီး ဟိုတယ်မှာ လာတည်းသူ အများစုကလည်း ဆေးကုသမှု လာရောက်ခံယူကြတဲ့ နိုင်ငံခြားသားတွေ ဖြစ်ကြတာပါ။ လူနာတွေနဲ့အတူ သူတို့ရဲ့ဆွေမျိုးတွေပါ ပါလာကြပြီး ဆေးရုံတွေရဲ့အနီးအနားမှာရှိတဲ့ ဈေးသက်သာတဲ့ တည်းခိုခန်းတွေ၊ ဟိုတယ်တွေမှာ တည်းခိုကြတာဖြစ်ပါတယ်။

.

အိန္ဒိယဝန်ကြီးချုပ် မိုဒိ ကတော့ ဒီမီးလောင်မှုဖြစ်စဉ်အတွက် ဝမ်းနည်းကြောင်း လူမှုကွန်ယက်ကနေ ပြောဆိုခဲ့ပြီး မီးလောင်မှုကြောင့် သေဆုံးသွားသူတွေရဲ့မိသားစုတွေကို အမေရိကန်ဒေါ်လာ ၂၀၀၀ နဲ့ ဒဏ်ရာရသူတွေအတွက် တစ်ဦးကို အမေရိကန်ဒေါ်လာ ၅၀၀ ကျော် ထောက်ပံ့ပေးမယ်လို့ အသိပေးထား ပါတယ်။

.

ဒေလီမှာတော့ အဆောက်အဦးလုံခြုံရေးနဲ့ပတ်သက်တဲ့ ပြဿနာတွေ မကြာခဏ ဖြစ်သွားနေပြီး ပြီးခဲ့တဲ့ မေလ ၃၀ မှာပဲ လက်ရှိမီးလောင်မှု ဖြစ်ပွားရာ နေရာနဲ့ တစ်မိုင်အကွာလောက်မှာ အဆောက်အအုံတစ်လုံး ပြိုကျခဲ့ပြီး  လူ ၆ ဦးသေဆုံးတဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါသေးတယ်။

.

Source – New York Times

.

No comments:

Post a Comment

Pages