သမီးငယ် မအိမ့်ချစ်သူကို ဂုဏ်ပြု ကြိုဆိုပွဲ ပြုလုပ်မည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, May 30, 2026

သမီးငယ် မအိမ့်ချစ်သူကို ဂုဏ်ပြု ကြိုဆိုပွဲ ပြုလုပ်မည်


မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ (အလယ်တန်းအဆင့်) ၌ ရှမ်းပြည်နယ် ကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ပြီး ပထမဆု ရရှိခဲ့သည့် တောင်ကြီးမြို့၊ အေးမြကရုဏာဓမ္မစကူးလ်မှ သမီးငယ်လေး မအိမ့်ချစ်သူအား စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုနိုင်ရေး ဆောင်ရွက်နေလျက် ရှိကြောင်း သိရသည်။

.

“ ကျောင်းသူ/သားတွေရော ကြိုဆိုလို့ရအောင် ကျောင်းပိတ်တဲ့ လာမယ့် စနေနေ့ (ဇွန်လ ၆ ရက်)မှာ ကြိုဆိုပွဲ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ အစီအစဉ် အသေးစိတ်ကိုတော့ ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။” ဟု ရှမ်းတောင် မြို့နယ်ပေါင်းစုံ ဓမ္မစကူးလ်ကော်မတီ ဥက္ကဌ ဦးစံလင်း က ပြောသည်။

.

တောင်ကြီးမြို့၊ မင်းကျောင်းပရိယတ္တိစာသင်တိုက်ရှိ ခန်းမဆောင်၌ ယမန်နေ့ မေလ ၂၉ ရက်ကလည်း ဂုဏ်ပြုကြိုဆိုပွဲအတွက် ကြိုတင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ယင်း ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် သာသနာရေးမှူးရုံးမှ လက်ထောက်ညွှန်မှူး အပါအဝင် ဘာသာရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းများ၊ ဓမ္မစကူးလ်အသင်းများမှ အဖွဲ့ဝင်များ တက်ရောက်ကြပြီး ဂုဏ်ပြုကြိုဆိုပွဲအတွက် လုပ်ငန်းကော်မတီများ ဖွဲစည်းကာ ဥက္ကဋ္ဌအဖြစ် ဦးစံလင်းအား ရွေးချယ်ခဲ့ကြောင်း သိရသည်။

.



“ အထူး ပြောစရာ မလိုလောက်အောင် တစ်နိုင်ငံလုံးက သောင်းသောင်းဖျဖျ ဂုဏ်ပြု ကျေနပ်နေကြပါတယ်။ ရှမ်းတောင်ဓမ္မစကူးလ်က ပေါ်ပေါက်လာတာ ဖြစ်တဲ့အတွက် သူများထက် ပိုပြီးတော့ ပီတိ ဖြစ်ရတာပေါ့။ ကိုယ့် ဓမ္မစကူးလ် ကပါ ဖြစ်နေတဲ့အတွက် ပိုပြီးတော့ ဝမ်းမြောက်မိပါတယ်။” ဟု ဦးစံလင်း က ဆိုသည်။

.

အဆိုပါ ပြည်နယ်ဂုဏ်ဆောင်နိုင်ခဲ့သည့် သမီးလေး မအိမ့်ချစ်သူအား ဂုဏ်ပြုနိုင်ရေးအတွက် ပါဝင် လှူဒါန်းလိုသူများ အနေဖြင့် ဦးစံလင်း (၀၉၅၁၁၈၄၄၅) နှင့် ရှမ်းတောင်ပရဟိတ ညီနောင်များကွန်ရက် (၀၉ ၄၄၈၅၅၁၂၃၁ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
.

#KBZTai #Shan #Taunggyi

No comments:

Post a Comment

Pages