.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်၊
ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် ယမန်နေ့ ဇွန်လ ၃ ရက်၊ ညပိုင်းက ကားရပ်နားသည့်ကိစ္စ အချင်းများရာမှ
နှစ်ဘက်ခိုက်ရန်ဖြစ်ပွားပြီး အမျိုးသမီး တစ်ဦး ဓားခုတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်နေ ကိုမြတ်သူရထွန်းသည်
ယမန်နေ့ ဇွန်လ ၃ ရက်၊ ည ၈ နာရီခန့်က ၎င်းနေထိုင်သည့် နေအိမ်၏ တစ်အိမ်ကျော် နေခြည်စတိုးနှင့်
အောင်ဆေးခန်း၏ မျက်စောင်းထိုး လမ်းပေါ် တွင် ကားရပ်နားထားခဲ့ရာ နေခြည်စတိုး ပိုင်ရှင်၏
အမျိုးသမီးဖြစ်သူက ထွက်လာပြီး ကားအားရပ်ထားသည့် နေရာမှ ဖယ်ပေးရန် ပြောသဖြင့် ၎င်းက
ဖယ်ပေးမည်ဟုပြောဆိုခဲ့ရာ အဆိုပါအမျိုးသမီး၏ ခင်ပွန်းဖြစ်သူ ဦးဝင်းလှိုင်က ဆဲဆိုသဖြင့်
အပြန်အလှန် အချင်းများခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘောဇတိုင်းမှ ရရှိထားသည့် မှုခင်း မှတ်တမ်းများအရ
သိရသည်။
.
ထို့နောက် ဘေးလူများက ဝင်ရောက်ဖျန်ဖြေရာ ဦးဝင်းလှိုင်နှင့်
သားများဖြစ်သော အောင်ကျော်ထွန်း၊ အောင်နိုင်ထွန်းတို့က တုတ်/ဓားများကိုင်ဆောင်ကာ အလိမ္မာစတိုး
ရှေ့တွင် ကိုမြတ်သူရထွန်း၏ ညီမ အိသဇင်အောင်အား ဆောင့်ဆွဲသဖြင့် အိသဇင်အောင်မှာ ဆိုင်အတွင်းသို့
ပြေးဝင်ရာ ဦးဝင်းလှိုင်၊ အောင်ကျော်ထွန်းနှင့် အောင်နိုင်ထွန်းတို့ ၃ ဦးက အိသဇင်အောင်အား
ဓား/တုတ်တို့ဖြင့် ဝိုင်းဝန်းရိုက်နှက်/ခုတ်ခဲ့ခြင်းဖြစ်ကြောင်း မှတ်တမ်းများတွင် ပါရှိသည်။
.
ယင်းကဲ့သို့ ရိုက်နှက်/ဓားဖြင့်ခုတ်ခံရမှုကြောင့်
အိသဇင်အောင်တွင် ဦးခေါင်းအလယ်၊ အထက် နှုတ်ခမ်း၊ ဝဲမျက်ခုံး၊ ဝဲလက်ခလယ်၊ ဝဲလက်သန်း၊
ဝဲပခုံး၊ ဝဲခြေသလုံး တို့တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး ကိုမြတ်သူရထွန်းတွင်
ဝဲဘက်လက်ဖျံပြတ်ရှဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
“ကျွန်မတို့ကို ဘယ်သူ့ခွင့်ပြုချက်နဲ့
ကားရပ်တာလဲလို့ ထွက်ဆဲတယ်။ ကျွန်မက ကားဖယ်ပေးပါ့မယ် ဆိုပြီး
ကားသော့သွားရှာတော့လည်း ကျွန်မကို တောက်လျှောက် လိုက်ဆဲတယ်။ သူ့သားတွေက ကျွန်မကို
ရိုက်မယ်၊ နှက်မယ်ဆိုပြီး သောင်းကျန်းတယ်။ ကျွန်မက မဆဲပါနဲ့၊ ကားဖယ်ပေးပါ့မယ် လို့
ပြောပြီး ဆိုင်ထဲ ဝင်လာတဲ့အချိန်မှာ ဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်ရယ်၊ သူ့အစ်ကိုရယ်၊
အဖေရယ်က ကျွန်မကို ဓားနဲ့ခုတ် တာပါ” ဟု ဓားဖြင့်ခုတ်ခံရသူ အမျိုးသမီးက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အချင်းများမှုနှင့် ပတ်သက်၍ တောင်ကြီးမြို့မရဲစခန်းတွင်
နှစ်ဘက် အပြန်အလှန် အမှုဖွင့် တိုင်ကြား ထားပြီး ဓားခုတ်ခံရသူ မအိသဇင်အောင် မှာ တောင်ကြီးမြို့၊
စဝ်စံထွန်းဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
.
“(ဓားခုတ်ခံရတဲ့) ကောင်မလေးက အသက်အန္တရာယ်တော့ မရှိပါဘူး။
နှုတ်ခမ်း နည်းနည်းပြတ်ရှဒဏ်ရာနဲ့ ခေါင်းမှာ ပြတ်ရှဒဏ်ရာ ရထားပါတယ်” ဟု တောင်ကြီးမြို့၊
စဝ်စံထွန်းဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
ထိုအတူ ဓါးခုတ်မှု ကျူးလွန်သည်ဟု
အမှုဖွင့်ခံရသူဘက်သို ဆက်သွယ်မေးမြန်းရာတွင် “ဓါးခုတ်မှုတော့ မဟုတ်ဘူး၊
အိမ်ရှေ့ကို လာသောင်းကျန်းတဲ့ အမှုပါရှင့်။ အဆင်မပြေနေသေးလို နေ့လယ်လောက်မှ
ပြောပေးပါမယ်” ဟုသာ ဖြေဆိုခဲ့သည်။
.
အဆိုပါ အချင်းများမှုနှင့် ပတ်သက်၍ ကိုမြတ်သူရထွန်းက
ဦးဝင်းလှိုင်နှင့် ကိုအောင်ကျော်ထွန်း၊ ကိုအောင်နိုင်ထွန်းတို့ ၃ ဦးအား ရာဇသတ်ကြီးပုဒ်မ
၄၅၂/၃၂၄/၃၅၄/၂၉၄/၁၁၄ ဖြင့် လည်းကောင်း၊ ကိုအောင်ကျော်ထွန်းက ကိုမြတ်သူရထွန်းအား ရာဇသတ်ကြီး
ပုဒ်မ ၂၉၄/၃၂၃/၁၁၄ ဖြင့် လည်းကောင်း တောင်ကြီးမြို့မရဲစခန်းတွင် အသီးသီး အပြန်အလှန်
အမှုဖွင့်တိုင်တန်းထားကြောင်း သိရသည်။
.
တောင်ကြီးမြို့မရဲစခန်း တာဝန်ရှိသူကလည်း “ဓားခုတ်ခံရတာ
ဟုတ်ပါတယ်။ အမှုဖွင့်လှစ်ထားပါတယ်” ဟု အတည်ပြု ပြောဆိုခဲ့သည်။
.

No comments:
Post a Comment