သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲတွင် တောင်ကြီးမြို့မှ သမီးငယ် မအိမ့်ချစ်သူ ပထမ ရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 29, 2026

သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲတွင် တောင်ကြီးမြို့မှ သမီးငယ် မအိမ့်ချစ်သူ ပထမ ရ

.

၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်

.

တေရသမအကြိမ် မြန်မာ နိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ (ဗဟို) နောက်ဆုံးအဆင့်ပွဲစဉ်၌ ရှမ်းပြည်နယ်ကိုယ်စားပြု တောင်ကြီးမြို့မှ မအိမ့်ချစ်သူ ပထမဆု ရရှိခဲ့ပြီး ဆုကြေးငွေကျပ် သိန်း ၁၀၀၀ ချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။

.


.

“သမီး အိမ့်ချစ်သူက အလယ်တန်းအဆင့်မှာ ပထမရတာပေါ့။ ပထမရဖို့ မြို့နယ်အဆင့် အရင်ဖြေရတယ်။ အဲဒီမှာ ထူးချွန် အမှတ် ၂၀၀ ပြည့်တဲ့ ပုဂ္ဂိုလ်က တိုင်းအဆင့်၊ ပြည်နယ်အဆင့် ဆက်ပြီးဖြေရတယ်။ အဲဒီမှာ ပထမရတဲ့သူက ဗဟိုအဆင့်ကို ဆက်ပြီးဖြေရတယ်။ အားလုံး တိုင်းနယ်ပြည်နယ်က ပထမဆုရှင်တွေ ၉ ဦး ယှဉ်ပြိုင်ရတာပါ။ ပထမဆု ရဖို့ဆိုရင် အဆင့် ၈ ဆင့်၊ ကဏ္ဍ ၈ ခု ကျော်ဖြတ်ရပါတယ်” ဟု အေးမြကရုဏာ ဓမ္မစကူးလ်မှ ဆရာတော် ဦးရေဝတ က ကမ္ဘောဇတိုင်းသို့ မိန့်ကြားသည်။

.

သုတစုံလင်ဗုဒ္ဓဝင် ဗဟိုအဆင့် နောက်ဆုံးပြိုင်ပွဲ အလယ်တန်းအဆင့်ကို မေလ ၂၅ ရက်က ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကဏ္ဍ ၅ ခု ယှဉ်ပြိုင်ခဲ့ရပြီး ယမန်နေ့ မေလ ၂၈ ရက်တွင် ကဏ္ဍ ၃ ခု ထပ်မံဖြေဆို ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲအလယ်တန်း အဆင့်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော မအိမ့်ချစ်သူ သည် တောင်ကြီးမြို့၊ အေးမြကရုဏာဓမ္မစကူးလ်မှ ဖြစ်ပြီး တိုင်းနှင့် ပြည်နယ်အဆင့်တွင် ရှမ်းပြည်နယ်ကိုယ်စားပြု ပထမဆုကို ရရှိခဲ့ပြီးနောက် ရန်ကုန်မြို့သို့ သွားရောက်ကာ ဗဟိုအဆင့်ပြိုင်ပွဲကို ဆက်လက် ယှဉ်ပြိုင် ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

.

သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲအတွက် ရှမ်းပြည်နယ်ကိုယ်စားပြုအနေဖြင့် အလယ်တန်းအဆင့်အတွက် မအိမ့်ချစ်သူ၊ မူလတန်းအဆင့်အတွက် မောင်သူရိန်လင်း တို့က ရွေးချယ်ခံခဲ့ရပြီး ဗဟိုအဆင့်အထိ သွားရောက်ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

.

အေးမြကရုဏာ ဓမ္မရိပ်သာ စာသင်တိုက်ကို ၂၀၁၈ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး သုတစုံလင် ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် ရှမ်းပြည်နယ်မှ အေးမြကရုဏာ ဓမ္မစကူးလ် က ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်တွင် အေးမြကရုဏာ ဓမ္မစကူးလ်နှင့် မဟာဓမ္မိကာရာမ ဓမ္မစကူးလ်တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

မအိမ့်ချစ်သူ သည် တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်နေ Grade 9 ကျောင်းသူ တစ်ဦး ဖြစ်ပြီး ၎င်းကို ဂုဏ်ပြု ကြိုဆိုပွဲ ပြုလုပ်ရန်အတွက် စီစဉ်နေလျက် ရှိကြောင်းလည်း သိရသည်။

.

No comments:

Post a Comment

Pages