.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်
.
ကွန်ဂိုနိုင်ငံမှာ အီဘိုလာရောဂါကြောင့်
သေဆုံးသူဦးရေ ဆက်တိုက်မြင့်တက်နေဆဲဖြစ်ပြီး သမိုင်း တစ်လျှောက် အဆိုးရွားဆုံး
အီဘိုလာကူးစက်မှု ဖြစ်လာနိုင်တယ်လို့ အာဖရိက ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ
အကြီးအကဲက သတိပေးလိုက်ပါတယ်။
.
.ကွန်ဂိုနိုင်ငံရဲ့ အဆိုးရွားဆုံး အီဘိုလာ
ကူးစက်မှုက ၂၀၁၈-၂၀၂၀ ခုနှစ်အတွင်းဖြစ်ပွားခဲ့တာဖြစ်ပြီး လူပေါင်း ၃၄၀၀
ကူးစက်ခံခဲ့ရသလို ၂၂၀၀ ကျော် သေဆုံးခဲ့တာပါ။ အဲဒီဖြစ်ရပ်က ကမ္ဘာပေါ်မှာ
ဒုတိယအဆိုးရွားဆုံး အီဘိုလာကူးစက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
.
လက်ရှိမှာတော့
ကွန်ဂိုနိုင်ငံတွင်းထုတ်ပြန်တဲ့စာရင်းတွေအရ အတည်ပြုလူနာအရေအတွက်က ၈၃၇ ဦး အထိမြင့်တက်လာခဲ့ပြီး
သေဆုံးသူ ၁၉၆ ဦး ရှိနေခဲ့ပါပြီ။
.
ဘူရွန်ဒီနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဖရိက
ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာအလှူရှင်တွေရဲ့ အွန်လိုင်း အစည်းအဝေးမှာ အာဖရိက
ရောဂါထိန်းချုပ်ရေး ညွန်ချုပ် ကာဆီယာ က “ဒီရောဂါပြန့်ပွားမှုကို အချိန်တိုအတွင်း
မထိန်းချုပ်နိုင်ခဲ့ဘူးဆိုရင် အနောက်အာဖရိကနဲ့ ကွန်ဂိုအလယ်ပိုင်းမှာ အရင်က
ကြုံတွေ့ခဲ့ဖူးတဲ့ ကပ်ရောဂါတွေထက် ပိုပြီး ဆိုးရွားလာမှာဖြစ်တယ်” လို့
ပြောခဲ့တာပါ။
.
ကွန်ဂိုအစိုးရအနေနဲ့ အီဘိုလာဗိုင်းရပ်စ်နဲ့
ထိတွေ့မိခဲ့တဲ့ လူထောင်ပေါင်းများစွာ ကို အခုချိန်ထိ ခြေရာခံလို့ မရသေးတာကလည်း
ရောဂါပျံ့ပွားမှုကို ပိုပြီး မြင့်တက်လာစေတာပါ။
.
အစိုးရရဲ့ အချက်အလက်တွေအရ ဗိုင်းရပ်စ်နဲ့
ထိတွေ့ခဲ့သူပေါင်း ၂၆၀၀၀ ကျော်ကို ခြေရာခံမရဖြစ်နေပြီး ဘယ်မှာရှိနေတယ် ဆိုတာကို
မသိသလို၊ အခြားသူတွေကို ရောဂါကူးစက်နေခြင်း ရှိ၊ မရှိ ကိုလည်း မသိနိုင်
ဖြစ်နေတာပါ။
.
ရောဂါကူးစက်မှုကို တားဆီးဖို့အတွက် ကုသရေးစင်တာ
မလုံလောက်မှုနဲ့ ဒေသခံပြည်သူတွေက ကျန်းမာရေး လမ်းညွှန်ချက်တွေကို
လိုက်နာခြင်းမရှိတာကြောင့် အခက်အခဲတွေ ပိုပြီး ရှိလာခဲ့တာပါ။ ကျန်းမာရေး တာဝန်ရှိသူတွေကတော့
ရောဂါဖြစ်ပွားကြောင်း ကြေညာပြီး တစ်လကျော် ကြာမြင့်လာပေမဲ့ အမှန်တကယ်
ကူးစက်ခံထားရတဲ့ ပမာဏကို အတိအကျ မသိနိုင်ဘဲ ဖြစ်နေကြပါတယ်။
.
အီဘိုလာရောဂါကြောင့် သေဆုံးသူတွေရဲ့
ရုပ်အလောင်းကို မိသားစုတွေက ရိုးရာဈာပနအခမ်းအနားတွေနဲ့ သင်္ဂြိုဟ်နေတာကလည်း
ရောဂါပျံ့နှံ့မှုရဲ့ အဓိက အကြောင်းရင်းဖြစ်နေတာပါ။
.
ဘူရန်ဒီ သမ္မတ အီဗာရစ်စစတီ ကတော့
ရောဂါထိန်းချုပ်ဖို့အတွက် လိုအပ်တဲ့ အမေရိကန်ဒေါ်လာ ၅၁၈ သန်းရဲ့
ငါးပုံတစ်ပုံကိုတောင် မရသေးတာကြောင့် ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်ချက်တွေအတွက်
ခက်ခဲနေတယ်လို့ ပြောထားပါတယ်။
.
ကွန်ဂိုမှာဖြစ်ပွားနေတဲ့ လက်ရှိ
အီဘိုလာဗိုင်းရပ်စ်ဟာ တရားဝင်အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေး မရှိသေးဘဲ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကာကွယ်ဆေးသစ်ရဖို့အတွက် စမ်းသပ်နေကြဆဲဖြစ်ပါတယ်။
.
ကွန်ဂိုရဲ့အိမ်နီးချင်း ယူဂန်ဒါမှာလည်း
အီဘိုလာရောဂါကူးစက်ခံရသူ ၁၉ ဦးတွေ့ထားပြီး အဲဒီထဲက ၁၄ ဦးက ကွန်ဂိုနိုင်ငံထဲကို
ခရီးသွားခဲ့ကြသူတွေပါ။ လက်ရှိမှာတော့ ယူဂန်ဒါမှာ အီဘိုလာကြောင့် သေဆုံးသူ ၂
ဦီးရှိနေပါပြီ။
.
Source – BBC
.

No comments:
Post a Comment