.
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန်နဲ့ အီရန်အကြား
တိုက်ပွဲတွေကို ရပ်ပြီး ငြိမ်းချမ်းရေး စာချုပ်ကို ဒီနေ့ (ဇွန်လ ၁၄)မှာ လက်မှတ် ရေးထိုးမယ်လို့
အသိပေးလိုက်ပါတယ်။ အီရန်ဖက်ကတော့ ထရမ့်ပြောတဲ့ အချိန်အတိုင်း
ဖြစ်မလာနိုင်သေးဘူးလို့ တုံ့ပြန်ထားပြီး စာချုပ်လက်မှတ် ထိုးမှု ဖြစ်လာဖို့ကိုတော့
အတည် ပြုပေးထားပါတယ်။
.
ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ
သဘောတူညီချက် အတည် ဖြစ်သွားပြီ ဆိုတာနဲ့ ဟောမုဇ် ရေလက်ကြားကို နိုင်ငံအားလုံးအတွက်
ဖွင့်လှစ်ပေးမယ် ဆိုတဲ့အကြောင်းကိုလည်း အသိပေးခဲ့ပါသေးတယ်။
.
အမေရိကန်- အီရန် အရေးကို ကြားဝင် ညှိနှိုင်းပေးနေတဲ့ ပါကစ္စတန်ကလည်း
သဘောတူညီချက်ကို လာမယ့် ၂၄ နာရီအတွင်း အပြီးသတ်နိုင်ဖို့ ရှိနေပြီး အီလက်ထရောနစ်
စနစ်နဲ့ လက်မှတ် ထိုးဖို့ ပြင်နေတယ်လို့ ပြောထားခဲ့တာပါ။ ဒီအချက်က အမေရိကန်နဲ့ အီရန်ခေါင်းဆောင်တွေဟာ
မျက်နှာချင်းဆိုင် တွေ့ဖို့ကို ငြင်းဆိုထားကြပြီး စာချုပ်လက်မှတ် ထိုးဖို့၊
အလုပ်ဖြစ်ဖို့ကိုပဲ ဦးတည်နေတယ်ဆိုတာ တွေ့နိုင်ပါတယ်။
.
ထရမ့်က အီရန်ရဲ့ ယူရေနီယံသန့်စင်ပစ္စည်းတွေကို ယူဆောင်ဖို့
ဆန္ဒရှိနေပြီး သင့်တော်တဲ့အချိန်၊ အခြေအနေ အေးချမ်းသွားရင် နျုကလီးယား အမှုန့်တွေကို
ယူသွားမယ်၊ ပြီးရင် ဖျက်ဆီးပစ်မယ်လို့ ပြောခဲ့ဖူးတာပါ။
အီရန်ဟာ နျူလက်နက် တည်ဆောက်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ စွပ်စွဲချက်ကို
နှစ်ပေါင်းများစွာ ရင်ဆိုင်နေခဲ့ရပြီး အနောက်နိုင်ငံတွေဆီကနေ ဖိအားပေးမှု ပေါင်းစုံကို
ကြံ့ကြံ့ခံခဲ့ရတာပါ။ အီရန်ဖက်ကတော့ သူတို့ရဲ့ နျူကလီးယား အစီအစဉ်က
လျှပ်စစ်ဓာတ်အားထုတ်ဖို့နဲ့ သုတေသနလုပ်ငန်းတွေအတွက် လို့ ပြောဆိုထားပေမယ့်
အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက ယုံကြည်မှု မရှိခဲ့ကြပါဘူး။
.
ထရမ့်ကတော့ ဒီသဘောတူညီချက်ကို လွယ်လွယ်နဲ့ မရဘူးဆိုရင် အမေရိကန်မှာ
နောက်ဆုံး နည်းလမ်းရှိသေးတဲ့အကြောင်း ဖွင့်ဟခဲ့ပြီး ဒီနည်းလမ်းကို ထပ်ပြီး အသုံးမပြုရဖို့
မျှော်လင့်တယ်လို့ တစ်ဖက်လှည့်နဲ့ ခြိမ်းခြောက်ထားတာမျိုးလည်း ရှိပါတယ်။
.
အီရန်နိုင်ငံခြားရေး ဝန်ကြီး အရာချီကလည်း အမေရိကန်နဲ့ သဘောတူညီချက် ရဖို့
နီးစပ်နေပြီ ဆိုတဲ့အကြောင်း ပြီးခဲ့တဲ့ သောကြာနေ့က ပြောဆိုခဲ့ပြီး
အဲဒီသဘောတူညီချက်ထဲမှာ လက်ဘနွန်မှာ ဖြစ်ပွားနေတဲ့ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာအကြား
ပဋိပက္ခတွေကို အဆုံးသတ်နိုင်ဖို့လည်း ပါဝင်လာဖို့ ရှိနေပါတယ်။
.
အရာချီက အီရန်အစိုးရပိုင် ရုပ်သံကို ပြောဆိုရာမှာတော့
ဟောမုဇ်ရေလက်ကြား ပြန်ဖွင့်ရေးနဲ့ အီရန် ဆိပ်ကမ်းတွေအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေ
ရုပ်သိမ်းရေးက သဘောတူညီချက်ထဲမှာ ပါဝင်မှာ ဖြစ်ပြီး နျူကလီးယားနဲ့ ပတ်သက်တဲ့
ဆွေးနွေးမှုတွေကိုတော့ နောက်ပိုင်းမှာ ဆက်လက် ဆွေးနွေးသွားမယ်လို့ အတည် ပြုထားပါတယ်။
.
Source – BBC
.
#KBZTai
#Shan #International #USA #Iran

No comments:
Post a Comment