.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်
.
အွန်လိုင်းလိမ်လည်မှု အပါအဝင်
တရားမဝင်လုပ်ငန်းများ လုပ်ကိုင်ရန် မြန်မာနိုင်ငံ နယ်စပ်ဒေသများ အတွင်းသို့
အထောက်အထားမဲ့ ဝင်ရောက်လာသူ တရားမဝင်နိုင်ငံသား ၇ သောင်းကျော်အား ရှာဖွေ ဖော်ထုတ်
ဖမ်းဆီးနိုင်ခဲ့ပြီး ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်မှ အများဆုံး ပါဝင်သည်ဟု
သိရသည်။
.
.အဆိုပါ တရားမဝင်နိုင်ငံသားများကို ၂၀၂၃ ခုနှစ်၊
အောက်တိုဘာလ ၅ ရက်မှ ၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်အတွင်း ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး
၎င်းတို့သည် မြန်မာနိုင်ငံနယ်စပ်ဒေသများအတွင်းသို့ တရားမဝင် ဝင်ရောက်၍
အွန်လိုင်းလိမ်လည်မှုပြုလုပ်ခြင်း၊ ကာစီနိုကစားဝိုင်းများ ပြုလုပ်ခြင်း၊
အနှိပ်ခန်းနှင့် တရားမဝင် ပြည့်တန်ဆာလုပ်ငန်းများ ပြုလုပ်ခြင်းနှင့်
စားသောက်ဆိုင်လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်သူများ ဖြစ်ကြောင်း သိရသည်။
.
၎င်းတို့ကို လူသားချင်းစာနာထောက်ထားမှုနှင့်
နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတို့အား ရှေးရှုကာ ပြည်တွင်းဥပဒေ နှင့်အညီ
အရေးယူဆောင်ရွက်ခြင်းမပြုဘဲ သက်ဆိုင်ရာနိုင်ငံအသီးသီးသို့
ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း
ထုတ်ပြန်ထားသည်။
.
ထိုသို့ လွှဲပြောင်းပေးအပ်ရာတွင် ရှမ်းပြည်နယ် အတွင်း
အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများအပါအဝင် တရားမဝင် ဝင်ရောက်လာသည့်
နိုင်ငံခြားသား ၅၆၉၁၈ ဦးတို့အား မုံးအတံတား၊ ရန်လုံကျိုင်းဂိတ်၊ ဘီပီ-၅၈၊
ဘီပီ-၁၂၅၊ နန့်ဖာဟော်ဂိတ်၊ မန်းဝိန်းဂိတ်၊ ပန်ဝိုင်မြို့၊ ရုံဟယ်ဂိတ်၊ တာလော့ဂိတ်၊
ဘီပီ-၂၄၀၊ မယ်ဆိုင်ဂိတ်၊ တာချီလိတ် အမှတ် (၁) တံတား၊ တာချီလိတ် အမှတ် (၂) တံတား၊
လာအိုနိုင်ငံ၊ မိုင်းမောဆိပ်ကမ်းနှင့် ဝမ်ပုံ ဆိပ်ကမ်းတို့မှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံများသို့
ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းသို့
တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာပြီး တရား မဝင် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းလုပ်ကိုင်ခဲ့သော
နိုင်ငံခြားသားများအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှစတင်၍
ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးထိန်းသိမ်း၊ လွှဲပြောင်း
ခြင်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်အထိ တရားမဝင်နိုင်ငံခြားသား
၁၄၆၈၅ ဦးအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ၁၃၅၂၁ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့
ပြည်နှင်ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ခဲ့ပြီးဖြစ်ကာ ၁၁၆၄ ဦး လွှဲပြောင်းရန်
ကျန်ရှိကြောင်း သိရသည်။
.
အမှုဖွင့်အရေးယူမှု အနေဖြင့် ၂၀၂၃ ခုနှစ်၊
ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ် မေလ ၂၈ ရက်နေ့အထိ ကာလအတွင်း အမှုပေါင်း ၁၄၅
မှုမှ မြန်မာနိုင်ငံသား ကျား ၉၂၆ ဦး၊ မ ၈၁၄ ဦး၊ ပေါင်း ၁၇၄၀ ဦး၊ နိုင်ငံခြားသား
ကျား ၁၅၈၅ ဦး၊ မ ၁၀၈ ဦး၊ ပေါင်း ၁၆၉၃ ဦး၊ စုစုပေါင်း ၃၄၃၃ ဦးတို့အား
ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
.
အွန်လိုင်းလိမ်လည်လောင်းကစား ပြုလုပ်သည့်
အဆောက်အဦများနှင့် ပတ်သက်၍လည်း ရှမ်းပြည်နယ် နှင့် ကရင်ပြည်နယ်တို့တွင် အများဆုံး
တွေ့ရှိခဲ့ရပြီး ရှမ်းပြည်နယ်အတွင်း အဆောက်အဦ ၃၀၈ လုံး၊ ကရင်ပြည်နယ်အတွင်း ၇၈၂
လုံး၊ စုစုပေါင်း ၁၀၉၀ ရှိကာ ၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်အထိ စုစုပေါင်း ၉၆၂ လုံး
ဖျက်ဆီးနိုင်ခဲ့ပြီး ကျန် ၁၂၈ လုံးအား ဆက်လက်ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment