ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေး တတိယနေ့ ဆက်လက် ပြုလုပ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Thursday, June 11, 2026

ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေး တတိယနေ့ ဆက်လက် ပြုလုပ်


၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်

.
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ တတိယနေ့ကို ယနေ့ ဇွန်လ ၁၁ ရက်၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ဆက်လက် ပြုလုပ်လျက် ရှိကြောင်း သိရသည်။
.
အစည်းအဝေးတွင် ရပ်စောက်မြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ဦးအောင်ကျော်ညွန့်က တောင်သူ လယ်သမားများ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) လျှောက်ထားခြင်း လုပ်ငန်းစဉ်များ ပိုမို မြန်ဆန် ပွင့်လင်းမြင်သာအောင် မည်ကဲ့သို့ ပြုပြင်ပြောင်းလဲမည် နှင့် စပ်လျဉ်းသည့် မေးခွန်း အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးတို့က ကြယ်ပွင့်ပြမေးခွန်း ၁၈ ခု မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များက ပြန်လည် ဖြေကြားခြင်းတို့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
.



ထို့အပြင် လွှတ်တော်အစည်းအဝေးတွင် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီနှင့် တရားဥပဒေစိုးမိုးရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် တိုင်ကြားစာများ စိစစ်ရေးကော်မတီများ၏ လျာထားချက်နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူပြီး ယင်းကော်မတီများကို အတည်ပြု ဖွဲ့စည်းသွားရန် ရှိနေကြောင်း သိရသည်။
.
အလားတူ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာ ကော်မတီ၊ ပြည်နယ်သစ်တော၊ သတ္တု၊ သယံဇာတနှင့် သဘာဝပတန်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လျှပ်စစ် ရေးရာကော်မတီတွင် ထည့်သွင်းဖွဲ့စည်းမည့် ကိုယ်စားလှယ်များ၏ အမည်စာရင်းကို လွှတ်တော်သို့ တင်သွင်းသွားရန် ရှိနေကြောင်း သိရသည်။
.
တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၃၂ ဦး ရှိသည့်အနက် ယနေ့ အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ် ၁၁၇ ဦး တက်ရောက်ခဲ့ပြီး ၁၅ ဦး ခွင့်ပန်ကြားကာ ရာခိုင်နှုန်းအားဖြင့် တက်ရောက်သူ ၈၈ ဒသမ ၆၄ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
.
#ShanGazette #Taunggyi #Hluttaw

No comments:

Post a Comment

Pages