၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကိုယ်ပိုင်ကျောင်း အချို့၌ စီမံအုပ်ချုပ်သူ အဖြစ် တာဝန်ယူထားရသော
ကျောင်းအုပ်ကြီးများသည် ၎င်းတို့၏ တာဝန်များကို အပြည့်အဝ တာဝန်ယူ ထမ်းဆောင်ရမှု မရှိဘဲ
ကျောင်း တည်ထောင်သူများ၏ ခြယ်လှယ်နေမှုကြောင့် လုပ်ပိုင်ခွင့်များ ပျောက်နေရသည်ဟု သိရသည်။
.
အခြေခံပညာအဆင့်
ကိုယ်ပိုင်ကျောင်းများကို အရင်းအနှီး ထည့်ဝင်ပြီး တည်ထောင် ဖွင့်လှစ်သော ပုဂ္ဂိုလ်
သို့မဟုတ် အဖွဲ့အစည်းကို တည်ထောင်သူဟု သတ်မှတ်ပြီး စီမံအုပ်ချုပ်သူ သို့မဟုတ် ကျောင်းအုပ်မှာမူ
ကျောင်း၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ သင်ကြားရေးဆိုင်ရာ ကိစ္စများကို တာဝန်ခံ ဆောင်ရွက်ရသူ
ဖြစ်ကြောင်း သိရသည်။
.
“ အခု
ကိုယ်ပိုင်ကျောင်း တချို့မှာက Founder တွေက ဘယ်လိုမျိုး တွေးနေကြလဲ ဆိုတော့ အလုပ်ရှင်နဲ့
အလုပ်သမား ဆိုပြီး တွေးနေကြတဲ့ သဘောမျိုး ရှိနေတာ။ ကျောင်းအုပ်ချုပ်ရေးပိုင်းကို သူတို့ကပဲ
ခြယ်လှယ်နေကြတာ။ ဖြစ်သင့်၏၊ မဖြစ်သင့်၏ မစဉ်းစားတော့ဘူးပေါ့။ သူတို့ လက်မှတ် ထိုးလို့
မရလို့သာ ခေါ်ထားတာ။ ဒီတော့ ကျောင်းအုပ်တွေက လုပ်ပိုင်ခွင့် မရှိဘူးဆိုတာထက် ဟန်ပြ
သဘောမျိုး ဖြစ်နေတယ်။” ဟု ကိုယ်ပိုင်ကျောင်း ဝန်ထမ်း တစ်ဦးက ပြောသည်။
.
ကိုယ်ပိုင်ကျောင်း
စီမံအုပ်ချုပ်သူ သို့မဟုတ် ကျောင်းအုပ်များသည် အနည်းဆုံး ပညာရေးဘွဲ့ (B.Ed) ရရှိပြီး
ဖြစ်သည့် ပင်စင်စားများ ဖြစ်သည့်အတွက် ဂုဏ်သိက္ခာအရ မြင့်မားသည်ဟု ဆိုလိုနိုင်ကာ လုပ်ပိုင်ခွင့်
မရရှိပါက အလုပ်မှ နှုတ်ထွက်သူများ ရှိသကဲ့သို့ စားဝတ်နေရေးအတွက် နေသာသလို နေသူများလည်း
ရှိသည်ဟု ၎င်းက ဆိုသည်။
.
“ ကိုယ်ပိုင် ကျောင်းတွေမှာ ပညာရေးဌာန အငြိမ်းစားတွေ၊ ဆရာအတတ်ပညာ
ရှိပြီးသားသူတွေကိုပဲ ကျောင်းအုပ် ခန့်ခွင့် ရှိတာပါ။ ဒါပေမဲ့ တည်ထောင်သူတွေကပဲ
တစ်ကျောင်းလုံးကို လွှမ်းမိုးထားတယ်။ ကျောင်းအုပ်ကြီးတွေက ရုပ်ပြဖြစ်နေတယ်။ ပညာရှင်ကို
ပညာရှင်နေရာမှာ ထားပါ။ ကျောင်းအုပ်က ကျောင်းအုပ် အလုပ် လုပ်လိမ့်မယ်။ တည်ထောင်သူ က
တည်ထောင်သူ အလုပ် လုပ်လိမ့်မယ်။ ဌာနရဲ့ အချိန်နဲ့ တပြေးညီ ညွှန်ကြားချက်တွေကို
လိုက်နာဖို့၊ ကျောင်း လုပ်ထုံးလုပ်နည်းတွေ လုပ်ဖို့ဆိုတာ ကျောင်းအုပ်တွေက
တာဝန်ရှိတာပါ” ဟု ပညာရေးဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးက ထောက်ပြထားသည်။
.
ထို့အပြင်
ကိုယ်ပိုင်ကျောင်း အချို့တွင် စာသင်ခန်းအလိုက် ကျောင်းသား
ဝင်ဆံ့နိုင်မှု ဦးရေ ပိုနေခြင်းများ ရှိသည့် အပြင် ကျောင်းသားများအတွက် ထားရှိသည့်
ဘော်ဒါဆောင်များတွင်လည်း ဝင်ဆန့်နိုင်မှု ပမာဏမှာ သတ်မှတ်ချက်ထက် ကျော်လွန် ထားရှိနေမှုများလည်း
ရှိနေသည်ဟု သိရသည်။
.
“စာသင်ခန်းတွေ၊ အဆောင်တွေက ဒီလောက်အထိ ကြပ်ညှပ်နေတော့ ကူးစက်ရောဂါလိုဟာတွေ၊
နောက်ပြီး တခြား မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်လာဘူးဆိုတာ မပြောနိုင်ဘူး။
တချို့ကျောင်းတွေကလည်း ငွေ ရရင်ပြီးရော ကျောင်းသား ရသလောက်ထည့်ကြ၊ မိဘတွေကလည်း
ဒီကျောင်း နာမည်ကြီးတယ် ဆိုရင် ဘယ်လောက်ပဲ ကြပ်ကြပ် ပို့ကြတာပဲ။ သတ်မှတ်
စည်းကမ်းအတိုင်းဆိုရင်တော့ အကောင်းဆုံးပါ” ဟု တောင်ကြီးမြို့နေ ကျောင်းသား မိဘတစ်ဦးက
ဆိုသည်။
.
ယင်း အခြေအနေများနှင့်
ပတ်သက်၍ ရှမ်းပြည်နယ်ပညာရေးမှူးရုံးသို့ ဆက်သွယ် မေးမြန်းရာတွင်
တာဝန်ရှိသူ တစ်ဦးက “အစိုးရကျောင်းတွေမှာ စံကိုက်စာသင်ခန်းတစ်ခုက
သတ်မှတ် အကျယ်အဝန်း၊ ကျောင်းသား တစ်ဦးချင်း ရ ရမယ့် ဧရိယာအကျယ် သတ်မှတ်ချက်
ရှိပါတယ်။ အဲဒီထက် ပိုထည့်ခွင့် မရှိပါဘူး။ ပိုထည့်/မထည့် စိစစ်ဖို့ ကျတော့
ကျွန်မတို့မှာ တာဝန်ရှိတာပေါ့။ မိဘတွေပေါ်လည်း မူတည်ပါတယ်။ မိဘကိုယ်တိုင်က
တစ်ယောက် ရရ အဲဒီကိုယ်ပိုင်ကျောင်းကို အပ်ခွင့်ရတာကို ကျေနပ်ကြတဲ့ အတွက်ကြောင့်
ထားကြတာပဲ။ ကျွန်မတို့ အခါ အားလျော်စွာ သွားစစ်ကြရတာပဲ။ သွားစစ်တဲ့အခါ
စည်းမျဉ်းစည်းကမ်း ဖောက်တယ်ဆိုရင်တော့ အရေးယူမှု တွေ ရှိတာပေါ့” ဟု ရှင်းပြသည်။
.
အစိုးရအခြေခံပညာကျောင်းများတွင် သတ်မှတ်ချက် အနေဖြင့် အံကိုက် စာသင်ခန်းတစ်ခန်းလျှင် ပေ ၃၀ x ၂၄ ပေနှင့် ဝရန်တာ ၆ ပေ သတ်မှတ်ထားပြီး ကျောင်းသားတစ်ဦးချင်း ရပိုင်ခွင့်ရှိသော စတုရန်းပေ အနေဖြင့် မူလတန်းအဆင့်တွင် ၁၂ စတုရန်းပေ၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တွင် ၁၈ စတုရန်းပေ သတ်မှတ် ထားကာ ပုဂ္ဂလိက အဆင့်မြင့်ပညာကျောင်းများ၏ ကျောင်းသား တစ်ဦးအတွက် စာသင်ခန်းကြမ်းပြင် ဧရိယာသည် အနည်းဆုံး ၁၉ စတုရန်းပေ၊ စာသင်ခန်းအကျယ်အဝန်း အနည်းဆုံး အနံ ပေ ၂၀ ရှိရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။

No comments:
Post a Comment