စစ်ဆေး‌ရေးဂိတ်အချို့ ဖျက်သိမ်းမှုကို ကြိုဆိုကြောင်းနှင့် ငွေတောင်း ရစ်သည့် ဂိတ်များကြောင့် စိတ် အနှောင့်အယှက် ဖြစ်နေရ ဟု ဆို - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, June 20, 2026

စစ်ဆေး‌ရေးဂိတ်အချို့ ဖျက်သိမ်းမှုကို ကြိုဆိုကြောင်းနှင့် ငွေတောင်း ရစ်သည့် ဂိတ်များကြောင့် စိတ် အနှောင့်အယှက် ဖြစ်နေရ ဟု ဆို

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်

.

ရှမ်းပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်အချို့ကို ဖျက်သိမ်းမှုများ ပြုလုပ်ခဲ့သည့်အတွက် ကြိုဆိုကြောင်းနှင့် စစ်ဆေးမှုကို အကြောင်းပြု၍ ငွေတောင်း၊ ရစ်သည့် ဂိတ်များကြောင့် ခရီးသွားများ စိတ်အနှောင့်အယှက် ဖြစ်ပေါ်နေရသည်ဟု ဒေသခံများနှင့် ယာဉ်မောင်းများထံက သိရသည်။

.

.

“ဂိတ်တွေ ဖျက်သိမ်းလိုက်တဲ့ အတွက် ခရီးသွားတွေ အတွက်တော့ အချိန်ကြန့်ကြာမှု နည်းသွားတာပေါ့။ ပြည်သူတွေလည်း စိုးရိမ် ထိတ်လန့်မှုတွေ လျော့နည်း သွားတာပေါ့။ စစ်ဆေးရေးလုပ်ငန်း လုပ်တာကို ခရီးသည်တွေက နားလည် တယ်၊ သဘောပေါက်တယ်၊ လက်ခံတယ်။ ဒါပေမဲ့ ဒါကိုမူတည်ပြီးမှ ငွေကြေးကောက်ခံမှုတွေ၊ စစ်တာတွေ၊ ရစ်တာတွေ ကြာတော့ ခရီးသွားပြည်သူတွေ အနှောင့်အယှက် ဖြစ်ရတာပေါ့” ဟု ရှမ်းပြည်နယ်အတွင်း ပုံမှန် ခရီးသွားလာနေသည့် ယာဉ်မောင်းတစ်ဦး က ပြောသည်။

.

ရှမ်းပြည်နယ်တောင်ပိုင်းမှ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ ဆက်သွယ်ထားသည့် အဓိက လမ်းမကြီးများရှိ စစ်ဆေးရေးဂိတ်အချို့ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖြုတ်သိမ်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ထို့အတူ လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းဆေဟန် ကလည်း “စစ်ဆေးရေးဂိတ် များရင် ခရီးသွားပြည်သူတွေအတွက် နှောင့်နှေးကြန့်ကြာမှုလည်း ဖြစ်တယ်။ မလိုအပ်တဲ့ ကုန်ကျစရိတ် လည်း များတာပေါ့။ အခု ဒီလိုဖြုတ်ပေးတော့ ပြည်သူတွေ ခရီးသွားလာဖို့ အဆင်ပြေချောမွေ့ တာပေါ့။ ကုန်သည်တွေအတွက်လည်း ကုန်သွယ်မှုလုပ်တဲ့အချိန်မှာ ကုန်ကျစရိတ် ပိုပေးရတော့ ပြန်ရောင်း တဲ့အခါမှာ ဈေးတင်ပြီး ရောင်းမှာပဲ။ မလိုအပ်တဲ့ဂိတ်ကို ဒီလို ဖြုတ်သိမ်းပေးလိုက်တော့ ဝမ်းမြောက်ဂုဏ်ယူ ပါတယ်” ဟု ပြောဆိုခဲ့သည်။

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့မှ မြို့တော် တောင်ကြီးအထိ စစ်ဆေးရေးဂိတ် စုစုပေါင်း ၂၀ ခန့် ရှိပြီး ၁၂ မိုင်၊ ၁၃ မိုင်လျှင် တစ်ဂိတ်ခန့် တည်ရှိနေသည့်အတွက် မလိုလားအပ်ဘဲ အချိန်ကြန့်ကြာမှုနှင့် ငွေကြေး ကုန်ကျမှုများ ရှိကြောင်း ဒေသခံများထံက သိရသည်။

.

“ရှမ်းတောင်နဲ့ ရှမ်းရှေ့က တည်ငြိမ်အေးချမ်းနေတဲ့ ဒေသပါ။ ရွေးကောက်ပွဲလည်း ပြီးလို့ လွှတ်တော်ကိုယ် စားလှယ်တွေလည်း သူ့သက်ဆိုင်ရာ ဒေသအလိုက် တာဝန်ထမ်းဆောင်နေကြပြီဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေ ခရီးသွားတဲ့အချိန်မှာ ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်ကို ခံစားစေဖို့ အတွက် ဒီလိုမျိုး ဖြုတ်ပေးလိုက်တာက အင်မတန်ကောင်းတဲ့ လုပ်ရပ်ပါ” ဟု စိုင်းဆေဟန်က ဆက်လက် ပြောဆိုခဲ့သည်။

.

လက်ရှိတွင် စစ်ဆေးရေးဂိတ်အချို့ကို ဖျက်သိမ်းပြီးဖြစ်သော်လည်း ယခင် ဂိတ်နေရာတွင် ထားရှိခဲ့သည့် Slow Down အတားအဆီးများမှာ ကျန်ရှိနေဆဲ ဖြစ်သဖြင့် ယင်း Slow Down များကို ဖျက်သိမ်းပေးစေ လိုကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။

.

တောင်ကြီးမြို့မှ ဟိုပုံးမြို့ဘက်အထွက် ၈ မိုင် နေမင်းရောင်တိုးလ်ဂိတ်အနီးရှိ စစ်ဆေးရေးဂိတ်မှာ ဖျက်သိမ်းသွားပြီဖြစ်ကာ ၄ မိုင် စုပေါင်းစစ်ဆေးရေးဂိတ်မှာ တည်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages