ဘရာဇီးတို့ ပေါက်ကွဲမယ့် ဇွန်လ ၁၉ ရက်အတွက် ကမ္ဘာ့ဖလားခန့်မှန်းချက်များ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, June 19, 2026

ဘရာဇီးတို့ ပေါက်ကွဲမယ့် ဇွန်လ ၁၉ ရက်အတွက် ကမ္ဘာ့ဖလားခန့်မှန်းချက်များ



၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်
.
အမေရိကန် - ဩစတြေးလျ (နံနက် ၁-၃၀)
.

နှစ်သင်းစလုံးက အုပ်စုတွင်းမှာ ၃ မှတ်စီ ရထားတဲ့ အသင်းတွေ ဖြစ်ကြတာမို့ ဒီပွဲမှာ အနိုင် ရတဲ့အသင်းက နောက်တစ်ဆင့် တက်ဖို့ အားသာချက်တွေ ရှိသွားမှာပါ။ အမေရိကန်က ပါရာဂွေးကို ဂိုးပြတ် နိုင်ခဲ့ပြီး ဩစတြေးလျကလည်း ဒီအုပ်စုထဲမှာ အင်အား အကြီးဆုံးလို့ ပြောလို့ရတဲ့ တူရကီ ကို ၂ ဂိုးပြတ် သွင်းပြီး နိုင်ခဲ့တာပါ။
.
ဒီပွဲမှာ အမေရိကန်ရဲ့ အဓိက တိုက်စစ်ကစားသမား ပူလီဆစ် နာနေတာကို သတိထားရမှာ ဖြစ်ပြီး ဘာလိုဂန်၊ ရေးနား၊ တေးလ်မန်း တို့က တိုက်စစ်ဖန်တီးသူ မရှိတာမို့ တစ်ကိုယ်တော် ရုန်းကန်ရဖို့ များပါတယ်။
.
ဩစတြေးလျက ထင်သလောက် တိုက်စစ် အားကောင်းတဲ့ အသင်းမျိုး မဟုတ်ဘဲ ခံစစ်ကို အားပြု ကစားတတ်တာမို့ အမေရိကန်သာ တိုက်စစ်လိုက်လွန်းရင် တန်ပြန် တိုက်စစ်တွေနဲ့ ဒုက္ခရောက်သွားမယ့် သဘောရှိတယ်။
.
ပူလီဆစ် မပါနိုင်တာ တစ်ခုတည်းနဲ့တင် အမေရိကန်က ရွေးချယ်လို့ မကောင်းတဲ့ အသင်း ဖြစ်သွားပါပြီ။ ဩစတြေးလျအသင်း အမှတ် ရသွားနိုင်တဲ့ ပွဲပါ။
.
စကော့တလန် - မော်ရိုကို (နံနက် ၄-၃၀)
.
ပထမပွဲမှာ ဟေတီကို နိုင်ခဲ့တဲ့ စကော့တလန်က ဒီပွဲမှာ ခက်ခဲတဲ့ ပြိုင်ဖက်နဲ့ ရင်ဆိုင်ရမှာပါ။ အုပ်စုတွင်း အင်အားကြီးတဲ့ အသင်းဖြစ်တဲ့ ဘရာဇီးဆီကနေ အမှတ် ခွဲယူထားတဲ့ မော်ရိုကို ကို တိုမီနေး၊ မက်ဂင်းတို့ ယှဉ်ရမှာ ဖြစ်ပြီး ဒီနေ့ရဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာနိုင်တာပါ။
.
ထိပ်တိုက် တွေ့ဆုံမှုတွေမှာတော့ မော်ရိုကို က စကော့တလန်အပေါ် အသာရထားပြီး နောက်ဆုံးတွေ့ဆုံမှုမှာ မော်ရိုကိုက ၃-၀ နဲ့ နိုင်ထားတယ်။ စကော့တလန်က ကွင်းလယ်ကို အားပြုပြီး အထိုင်ချ ကစားတတ်တဲ့ အသင်းဖြစ်ပြီး မော်ရိုကိုကတော့ အသင်းလိုက် ကစားပုံ ကောင်းတဲ့ အသင်းပါ။
,
စကော့တလန်ရဲ့ ချီအဒမ်၊ ရှန်ကာ တိုက်စစ်အတွဲလောက်နဲ့တော့ မော်ရိုကိုရဲ့ ဟာကီမီ၊ မက်ဇာရာဝီ တို့ကို ကျော်ဖို့ ခက်မှာပါ။ ဒီပွဲက မော်ရိုကို အနိမ့်ဆုံး သရေတစ်မှတ် ရမယ့်ပွဲ ဖြစ်ပြီး ၃ မှတ် အပြည့်အဝလည်း ရသွားနိုင်ပါတယ်။
.
ဘရာဇီး - ဟေတီ (နံနက် ၇-၀၀)
.
ဘရာဇီးမှာ နေမာ မပါနိုင်သေးတဲ့အကြောင်း အသင်း တာဝန်ရှိသူတွေက အတည် ပြုထားကြပါတယ်။ ဘရာဇီး တိုက်စစ်မှာ ကွန်ညာ၊ ဗီနီးရှပ်၊ ရာဖင်ညာ တို့ ကစားမှာ ဖြစ်ပြီး ကက်ဆီမီရို ကို ဒီပွဲမှာ အနားပေးဖို့ များတာမို့ ကွင်းလယ်မှာ ဂွီမာရေ့စ်နဲ့ ဖာဘင်ညို တို့ကစားကြမှာပါ။ ဟေတီ ကတော့ ဘရာဇီးဆီကနေ ဘာမှ မျှော်လင့်လို့ ရနိုင်မှာ မဟုတ်ပါဘူး။
.
ဟေတီနဲ့ ဘရာဇီး ထိပ်တိုက်တွေ့ခဲ့တဲ့ နောက်ဆုံး ၃ ပွဲမှာ ဘရာဇီးက ၃ ပွဲစလုံး ၆ ဂိုး ပြတ်နဲ့ နိုင်ထားတာမို့ ဟေတီ ဆိုရင် ဘရာဇီးက ငယ်နိုင်လို ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ ပွဲတုန်းက အမှတ် လျော့ထားတာရယ်၊ ဂိုး ရဖို့ ရုန်းကန်နေရတာကို ပေါက်ကွဲပြချင်နေတာရယ်ကြောင့် ဒီပွဲမှာ ဘရာဇီး ခြေပြတ် ဂိုးပြတ်နဲ့ နိုင်သွားဖို့ ရှိနေပါတယ်။
.
တူရကီ-ပါရာဂွေး (နံနက် ၉-၃၀)
.
တူရကီအတွက်တော့ ဒီပွဲက အဆုံးအဖြတ်ပွဲလို့တောင် ပြောရမလိုပါ။ ဩစတြေးလျကို မထင်မှတ်ဘဲ ရှုံးခဲ့တာမို့ ဒီပွဲမှာသာ အမှတ် ထပ်လျော့ရင် တူရကီအတွက် မျှော်လင့်ချက် ကုန်ပါပြီ။ ပါရာဂွေးက အန်ဆီယိုနဲ့ အယ်လ်မီရွန် နှစ်ယောက်တည်းကိုပဲ မှီပြီး ကစားနေရတဲ့ အသင်း ဆိုတာကို အမေရိကန်နဲ့ ပွဲမှာ မြင်ခဲ့ပြီးပြီမို့ အထွေအထူး သုံးသပ်နေစရာတောင် မလိုတော့ပါဘူး။
.
အမေရိကန်ရဲ့ တိုက်စစ်ကိုတောင် ဂိုး အများကြီးပေး ခဲ့ရတဲ့ ပါရာဂွေးက အမှတ် လိုနေတဲ့ တူရကီရဲ့ အက်တာကော့ဂလူ၊ ယီလ်ဒစ်၊ အာဒါဂူလာ တို့ရဲ့ တိုက်စစ်ကိုလည်း ယှဉ်နိုင်ဖို့ မရှိတာ သေချာပါတယ်။ တူရကီ အမှတ်ပြည့် ရသွားမယ့် ပွဲပါ။

.
#KBZTai #Shan #Sports #Football #WC2026

No comments:

Post a Comment

Pages