■ War Of the Bucket (၁၃၂၅)
၁၃၂၅ ခုနှစ်တုန်းက အီတလီမြို့ ၂ မြို့ ဖြစ်တဲ့ ဘိုလော့ဂ်နာနဲ့ မိုဒီနာ တို့ စစ်ဖြစ်ရတဲ့ အကြောင်းရင်းက ရေပုံး တစ်ပုံးကြောင့်ပါ။ မိုဒီနာဖက်က စစ်သားတွေက ဘိုလော့ဂ်နာ ရေတွင်းက ရေပုံး တစ်ပုံးကို ခိုးသွားကြတာက စပြီး နဂိုရှိပြီးသား နိုင်ငံရေး တင်းမာမှုကို အဆိုးဆုံး ရောက်သွားစေတာပါ။ ရေပုံးကြောင့် စတဲ့ စစ်ပွဲလို့ လူသိ များကြပြီး ရလာဒ်အနေနဲ့ လူထောင်ချီ သေဆုံးခဲ့ရတာပါ။ ဒါပေမယ့် ခိုးသွားတဲ့ ရေပုံးကိုတော့ မိုဒီနာမြို့ရဲ့ ပြတိုက်ထဲမှာ ဒီနေ့အချိန်အထိ သိမ်းဆည်းထားတုန်းပါပဲ။
.
■ The Pastry War (၁၈၃၈-၁၈၃၉)
ပြင်သစ်နဲ့ မက္ကဆီကို နှစ်နိုင်ငံအကြားမှာ စစ်ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းက မုန့်ဆိုင် တစ်ဆိုင်ကနေ စခဲ့တာပါ။
မက္ကဆီကို နိုင်ငံထဲမှာ အဓိကရုဏ်းတွေ ဖြစ်ကြတော့ ပြင်သစ် မုန့်ဖုတ်ဆိုင် ပိုင်ရှင်တစ်ယောက်ရဲ့ ဆိုင် ပျက်စီး သွားခဲ့ပါတယ်။ သူက ပြင်သစ်အစိုးရဆီ တိုင်ကြားပြီး လျော်ကြေး တောင်းရာကနေ ပြင်သစ်အစိုးရက မက္ကဆီကို ကို ဖိအားပေးရင်း စစ်ဖြစ်ခဲ့ကြတာပါ။ မုန့်ဆိုင်ကနေ စတင်ခဲ့တဲ့ စစ်ပွဲမို့ The Pastry War လို့ ခေါ်ကြပါတယ်။
.
■ The Pig War (၁၈၅၉)
အမေရိကန်နဲ့ ဗြိတိန်အကြား ဝက်တစ်ကောင်ကြောင့် စစ် ဖြစ်လုနီးပါး အခြေအနေကို ရောက်ခဲ့ရပါသေးတယ်။
အဲဒီ အချိန်တုန်းက ဆမ်ဟွမ်ကျွန်းဆိုတာ ဘယ်နိုင်ငံ အပိုင်ရယ်လို့ မရှိဘဲ နယ်မြေ ခွဲခြားမှုထဲ မပါဝင်တာမို့ အမေရိကန်တွေရော ဗြိတိသျှတွေရော နေထိုင်ကြတာပါ။ ပြသနာက အမေရိကန် လယ်သမား တစ်ယောက်ရဲ့ အာလူးခင်းထဲကို ဗြိတိန်လူမျိုး တစ်ယောက်ပိုင်တဲ့ ဝက်က ဝင်ဖျက်ဆီးတာကြောင့် လယ်သမားက စိတ်တိုပြီး ဝက်ကို သေနတ်နဲ့ ပစ်သတ်လိုက်တာပါ။
ဗြိတိသျှအာဏာပိုင်တွေက အမေရိကန်လယ်သမားကို ဖမ်းဖို့ ကြိုးစားခဲ့ကြပြီး အမေရိကန်ကတော့ သူတို့ လူကို ကာကွယ်ဖို့ စစ်သားတွေ လွှတ်လိုက်ပါတယ်၊။ ဒီလိုနဲ့ ကျွန်းပေါ်မှာ အမေရိကန်စစ်သား ၄၀၀ ကျော်။ ဗြိတိသျှ စစ်သင်္ဘောတွေနဲ့ အမြောက်တွေ ရောက်လာခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ဝက် တစ်ကောင်ကြောင့် စစ် မဖြစ်သင့်ဘူး ဆိုပြီး နှစ်ဖက်စလုံးက တပ်တွေကို ရုတ်သိမ်းသွားခဲ့ကြတာပါ။
.
■ အန်ဂလို-ဇန်ဇီဘာစစ်ပွဲ (၁၈၉၆)
ဒီစစ်ပွဲက ဗြိတိန်နဲ့ ဇန်ဇီဘာနိုင်ငံတို့ စစ် ဖြစ်ခဲ့ကြတာ ဖြစ်ပြီး သမိုင်းတစ်လျောက် အတိုဆုံး စစ်ပွဲအဖြစ် နာမည် ကြီးပါတယ်။ အကြောင်းရင်းကတော့ စစ်ပွဲ တစ်ခုလုံးအတွက် မိနစ် ၄၀ လောက်ပဲ ကြာမြင့်တာမို့ပါ။
၁၉ ရာစု နှောင်းပိုင်းမှာ ဇန်ဇီဘာက လွတ်လပ်တဲ့ နိုင်ငံ ဖြစ်သွားပေမယ့် ဗြိတိန်ရဲ့ ဩဇာလွှမ်းမိုးမှု အောက်မှာတော့ ရှိနေဆဲပါ။ ၁၈၉၆ မှာ သူတို့ရဲ့ ဘုရင် ကွယ်လွန်သွားပြီး ဘုရင်ရဲ့ ဆွေမျိုး တော်စပ်သူက ဘုရင်ရာထူးကို ရယူလိုက်ပါတယ်။ ဗြိတိန်ဖက်ကတော့ အဲဒီဘုရင်ကို မကြိုက်လို့ နန်းတော်က ဆင်းပေးဖို့နဲ့ လက်နက်ချဖို့ မနက် ဩဂုတ် ၂၇ ရက် မနက် ၉ နာရီအထိ စောင့်မယ်ဆိုပြီး သတိပေးလိုက်ပါတယ်။ ဘုရင်က သတိပေးချက်ကို မလိုက်နာဘဲ နန်းတော်ထဲမှာ စစ်သား ၂၀၀၀ ကျော် စုစည်းပြီး ပြန် တိုက်ဖို့ ပြင်နေခဲ့တာပါ။
မနက် ၉ နာရီထိုးလို့ သတိပေးထားတဲ့အချိန် ကုန်သွားတဲ့အခါမှာတော့ ဗြိတိန်ဖက်က သင်္ဘောတွေ အမြောက်တွေနဲ့ နန်းတော်ကို ပစ်ပါတော့တယ်။ ဇန်ဇီဘာဖက်ကလည်း ပြန်ပစ်ပေမယ့် အင်အားချင်း မမျှတာမို့ စစ်ပွဲက ခဏလေးနဲ့ ပြီးသွားခဲ့ပြီး မိနစ် ၄၀ လောက်ပဲကြာခဲ့တာပါ။
.
■ ၃၃၅ နှစ်ကြာ စစ်ပွဲ (၁၆၅၁-၁၉၈၆)
ဒီစစ်ပွဲက နှစ်ပေါင်း ၃၀၀ ကျော် ကြာခဲ့ပေမယ့် တိုက်ပွဲ တစ်ခါမှ မဖြစ်ဖူးတာမို့ ထူးဆန်းတဲ့ စစ်ပွဲစာရင်းထဲ ပါနေတာပါ။ နယ်သာလန်နဲ့ Isles of Scilly ဆိုတဲ့ ကျွန်းစုအကြားမှာ စစ် ကြေညာထားခဲ့ကြပေမယ့် တိုက်ပွဲ တစ်ခါမှ မဖြစ်ဖူးကြပါဘူး။ တဖြည်းဖြည်းနဲ့ သူတို့ စစ်ကြေညာထားတာကို မေ့သွားခဲ့ပြီး နှစ်ပေါင်း ၃၃၅ နှစ်အကြာ ၁၉၈၆ မှာ ငြိမ်းချမ်းရေး စာချုပ် လက်မှတ်ထိုးပြီး အဆုံးသတ်လိုက်ကြပါတယ်။ ဒါကြောင့်မို့လို့ လူတစ်ယောက်မှ မသေတဲ့ အရှည်ဆုံး စစ်ပွဲလို့ သတ်မှတ်ခံထားရတာပါ။
No comments:
Post a Comment