ဘိုလီးဗီးယားမှာ လမ်းပိတ်ဆန္ဒပြမှုတွေကြောင့် နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 21, 2026

ဘိုလီးဗီးယားမှာ လမ်းပိတ်ဆန္ဒပြမှုတွေကြောင့် နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်

.

ဘိုလီးဗီးယားနိုင်ငံတွင်းမှာ ဆန္ဒပြမှုတွေ ရက်ပေါင်းများစွာ ဖြစ်ပေါ်နေပြီးတဲ့နောက် သမ္မတ ရိုဒရီဂို ပက်ဇ် က နိုင်ငံကို အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ပါတယ်။ ဒီကြေညာချက်ကြောင့် စစ်တပ်က ဝင်ရောက် လာမှာဖြစ်ပြီး ဆန္ဒပြသူတွေကို နှိမ်နင်းခွင့် ရရှိသွားတာပါ။

.

.

ဘိုလီးဗီးယားနိုင်ငံအတွင်းမှာ လူနေမှုစရိတ် မြင့်တက်လာမှုနဲ့ စီးပွားရေး ဖိအားတွေကြောင့် ဆန္ဒပြမှုတွေက နိုင်ငံတစ်ဝှမ်းမှာ စတင်ဖြစ်ပွားနေခဲ့ပြီး လမ်းမကြီးတွေ ပိတ်ဆို့နေခဲ့ကြရတာပါ။

.

အလုပ်သမားတွေ၊ လယ်သမားသမဂ္ဂတွေနဲ့ သမ္မတဟောင်း အီဗို မိုရာလက်စ်ကို ထောက်ခံသူတွေက ဒီဆန္ဒပြမှုတွေကို ဦးဆောင်နေကြပြီး ပက်ဇ်ကို ရာထူးကနေ နှုတ်ထွက်ဖို့ တောင်းဆိုနေကြတာပါ။ လမ်း ပိတ်ဆို့ပြီး ဆန္ဒပြမှုတွေကြောင့် ဒေသတချို့မှာ အစားအသောက်၊ လောင်စာဆီနဲ့ ဆေးဝါးပြတ်လပ်မှုတွေကို ဖြစ်ပေါ်စေခဲ့ပြီး ပြီးခဲ့တဲ့ ရက် ၅၀ အတွင်းမှာ စီးပွားရေးလုပ်ငန်းတွေလည်း ရပ်တန့်သွားခဲ့တာပါ။

.

ဒါ့အပြင် ဆန္ဒပြမှုကနေ သေဆုံးသူ ၁၄ ဦးအထိလည်း ရှိလာခဲ့ပါတယ်။

.

“နိုင်ငံရဲ့လမ်းမကြီးတွေ ပြန်ပွင့်လာစေဖို့အတွက် အရေးပေါ်အခြေအနေကို အကောင်အထည်ဖော်မှာပါ။ ဘိုလီးဗီးယားပြည်သူတွေအနေနဲ့ အလုပ်လည်းမလုပ်နိုင်၊ ကျောင်းလည်းမတက်နိုင်၊ ဆေးကုသမှုတွေနဲ့ မိသားစုအတွက် လိုအပ်တဲ့ပစ္စည်းတွေကိုတောင် မရနိုင်ပဲဖြစ်နေကြပါပြီ” လို့ ပက်ဇ်က ဆိုပါတယ်။

.

အရေးပေါ်အခြေအနေ ကြေညာချက်ကြောင့် စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို နှိမ်နင်းတော့မှာ ဖြစ်ပြီး အခြေအနေကို ပြန်လည်ထိန်းသိမ်းဖို့ ပက်ဇ်က လမ်းဖွင့်ပေးလိုက်တာပါ။

.

ပက်ဇ်ဟာ ပြီးခဲ့တဲ့လက ပြည်တွင်းပဋိပက္ခတွေမှာ စစ်တပ်ဝင်ရောက်ပြီး ထိန်းသိမ်းနိုင်ဖို့အတွက် ဥပဒေ တစ်ရပ်ကို လက်မှတ်ထိုးထားခဲ့ပေမဲ့လည်း ဆွေးနွေးမှုတွေ လုံးဝမအောင်မြင်မှသာ အရေးပေါ်အခြေအနေ ကြေညာမယ်လို့ အသိပေးထားတာပါ။

.

ဒါပေမဲ့လည်း စနေနေ့မိန့်ခွန်းမှာတော့ ဆွေးနွေးမှုအားလုံးကို လုပ်ဆောင်ပြီးပြီဖြစ်ကြောင်းနဲ့ ဘိုလီးဗီးယားကို မတည်ငြိမ်အောင်လုပ်သူတွေကို ရှင်းလင်းတော့မှာဖြစ်တဲ့အကြောင်း ပြောဆိုသွားခဲ့တာပါ။

.

ဘိုလီးဗီးယားသမ္မတအဖြစ် ပြီးခဲ့တဲ့ ၇ လ အကြာက တာဝန်ယူခဲ့တဲ့ ပက်ဇ် ဟာ ၂၀၀၆ ခုနှစ်ကစပြီး ဘိုလီးဗီးယားကို အုပ်ချုပ်ခဲ့တဲ့ MAS ပါတီကို ကျော်ဖြတ်ပြီး သမ္မတ ဖြစ်လာခဲ့သူပါ။ ပက်ဇ်ရဲ့လက်ထက်မှာ ၂၀၀၉ ခုနှစ်ကတည်းက တင်းမာနေခဲ့တဲ့ အမေရိကန်နဲ့ သံတမန်ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားခဲ့ပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ အမေရိကန်နဲ့ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်ကို လက်မှတ်ထိုးနိုင်ခဲ့တာပါ။

.

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယို က ဇွန်လ ၄ ရက်နေ့မှာ ပက်ဇ် ဆီကို ဖုန်းခေါ်ခဲ့ပြီး အမေရိကန် ပြည်ထောင်စု အနေနဲ့ ပက်ဇ် ကိုထောက်ခံကြောင်းနဲ့ နိုင်ငံကို ပြန်လည်တည်ဆောက်ဖို့ လုပ်နေတဲ့ စီမံကိန်းတွေကိုလည်း ကြိုဆိုတဲ့အကြောင်း ပြောဆိုခဲ့ဖူးတာပါ။

.

Source – BBC

.

No comments:

Post a Comment

Pages