.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင်
စာသင်ကျောင်းနှင့် လူနေအိမ်များမှ တံခါးရွက်များ လိုက်လံခိုးယူနေသူကို တောင်ကြီးမြို့နယ်တရားရုံးက
ဇွန်လ ၅ ရက်တွင် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
.
.ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေရပ်ကွက်၊ ရန်မျိုးအောင်လမ်းသွယ်တွင်
ပြီးခဲ့သည့် မတ်လ ၃၀ ရက်က အလျား ၆ ပေ၊ အနံ ၂ ပေခွဲခန့်ရှိ ကျွန်းတံခါးရွက်တစ်ချပ်နှင့်အတူ
မသင်္ကာဖွယ် အမျိုးသားတစ်ဦးအား တွေ့ရှိသဖြင့် စစ်ဆေးရာ တင်ထွန်းဦး (ခ) ဘုကြီး ဆိုသူဖြစ်ကြောင်း
သိရပြီး တံခါးရွက်နှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်း သက်သေအထောက်အထား တစ်စုံတစ်ရာ မပြသနိုင်သဖြင့်
ရွှေညောင်မြို့မရဲစခန်းတွင် ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဆက်လက်ပြီး တင်ထွန်းဦး (ခ) ဘုကြီးအား စစ်ဆေးပေါ်ပေါက်ချက်အရ
၎င်းသည် မင်္ဂလာရွှေဗဟိုရပ်ကွက်ရှိ စာသင်ကျောင်းမှ အိမ်သာတံခါးမကြီး၏ တံခါးရွက်များအား
လည်းကောင်း၊ ရတနာရပ်ကွက်ရှိ အိမ်တစ်လုံးမှ တံခါးရွက်များအားလည်းကောင်း၊ မင်္ဂလာရပ်ကွက်၊
ဗိုလ်စိန်မှန်လမ်းရှိ လူမနေသည့်အိမ်မှ တံခါးရွက်များအား လည်းကောင်း ဖြုတ်ခိုးယူပြီး
မင်္ဂလာအောင်မြေရပ်ကွက်ရှိ လယ်တောစပ် ခြုံတစ်ခုအတွင်း ဖွက်ထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့်
ရပ်မိရပ်ဖများအား ခေါ်ယူပြီး သက်သေခံပစ္စည်းများ သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တံခါးရွက်များ ခိုးယူမှုနှင့် ပတ်သက်၍ တင်ထွန်းဦး
(ခ) ဘုကြီး အား ရွှေညောင်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၇၉၊ ပြည်သူပိုင်ပစ္စည်း
ကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆ (၁) တို့ဖြင့် အမှုဖွင့် အရေးယူခဲ့ပြီး တောင်ကြီးမြို့နယ်
တရားရုံးက ဇွန်လ ၅ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆ နှစ် ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.

No comments:
Post a Comment