.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဈေးမရောင်းချရန်
သတ်မှတ်ထားသော နေရာများ၊ လမ်းမများ ပေါ်၌ ရောင်းချနေသည့် ဈေးသည်များကို ဖယ်ရှားရှင်းလင်း
ဆောင်ရွက်ထားသည်ဟု သိရသည်။
.
.“လမ်းဘေးမှာ ရောင်းချနေတဲ့ ဈေးသည်တွေကို စည်းကမ်းထိန်းသိမ်းတဲ့
အနေနဲ့ ဆောင်ရွက်ထားတာ ဖြစ်ပါ တယ်။ ဟောင်လိတ်ကျောင်း ရှေ့က ပျံကျဈေးသည်တွေကိုတော့ ကျောင်းဖွင့်တဲ့အချိန်မှာ
ကြို/ပို့ ကျောင်း ကားတွေ ရှိတာကြောင့် ပေးမရောင်းတော့ဘူး။ တခြားသင့်လျော်တဲ့ နေရာတွေမှာ
ရောင်းချဖို့ ညွှန်ကြားထား ပါတယ်” ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ
ဦးကျော်မင်းထိုက် က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်း ညဈေး အပါအဝင်
ကျန် နေရာများတွင် ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချပေး လျက်ရှိပြီး ဈေးမရောင်းချရန်
သတ်မှတ်ထားသည့် နေရာများတွင် ဖွင့်လှစ်ရောင်းချနေသည့် ဈေးသည်များ ကိုသာ စည်းကမ်းနှင့်အညီ
စီမံကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်သာယာရေးဝန်ကြီး လာရောက်ရန်
ရှိသည့်အတွက် တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ ရှမ်းရိုးမကွင်းရှေ့ အပါအဝင်
ဟောင်လိတ်ကျောင်းရှေ့နှင့် ဂေါက်ကွင်းလမ်းမပေါ် ဖွင့်လှစ်ရောင်းချနေသည့် လမ်းဘေးဈေးသည်များကို
ဈေးရောင်းချခွင့် ၂ ရက် ပိတ်ပင်ထားကြောင်း ဒေသခံများက ပြောဆိုကြသည်။
.
တာချီလိတ်မြို့သည် ထိုင်း-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်သည့်အတွက်
ရွှေ့ပြောင်းသွားလာသူ၊ အခြေချ လာသူ များပြားလာပြီး လမ်းဘေး ဈေးရောင်းချမှုများလည်း
ပိုမိုများပြားလာသည့်အတွက် စနစ်တကျ ထိန်းသိမ်းကြီးကြပ်ရန် လိုအပ်နေကြောင်း ဒေသခံများထံက
သိရသည်။
.

No comments:
Post a Comment