စက်သုံးဆီ ရည်ညွှန်းဈေးနှုန်း ဆက်တိုက်ကျဆင်းနေသော်လည်း တရားဝင်ဆီပန့်အချို့တွင် ဈေးတင် ရောင်းချမှုများ ရှိနေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, June 27, 2026

စက်သုံးဆီ ရည်ညွှန်းဈေးနှုန်း ဆက်တိုက်ကျဆင်းနေသော်လည်း တရားဝင်ဆီပန့်အချို့တွင် ဈေးတင် ရောင်းချမှုများ ရှိနေ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်

.

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ က ထုတ်ပြန်ထားသည့် စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများ ဆက်တိုက် ကျဆင်းနေသော်လည်း ဒေသအချို့တွင် ပြည်သူများ အနေဖြင့် စက်သုံးဆီကို ဈေးကြီးပေး ဝယ်ယူနေရပြီး တရားဝင် စက်သုံးဆီဆိုင်ကြီး အချို့၌ပင် ဈေးတင်ရောင်းချမှုများ ရှိနေသည်ဟု သိရသည်။

.

.

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ယမန်နေ့ ဇွန်လ ၂၆ ရက် ထုတ်ပြန်သည့် သတ်မှတ်ဈေးနှုန်းများအရ တောင်ကြီးမြို့၏ စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းမှာ အောက်တိန်း 92 တစ်လီတာလျှင် ၃၈၇၀ ကျပ်၊ 95 တစ်လီတာလျှင် ၃၈၅၀ ကျပ်၊ ဒီဇယ် ရိုးရိုး တစ်လီတာလျှင် ၃၆၈၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၄၃၄၅ ကျပ် ဖြစ်သော်လည်း ရှမ်းတောင် ဒေသအချို့တွင် စက်သုံးဆီကို သတ်မှတ်နှုန်းထားထက် ၂ ဆခန့် ပေး၍ ဝယ်ယူနေရသည်ဟု သိရသည်။

.

“တရားဝင် ဆီပန့်ဖြစ်ပေမဲ့ မှောင်ခိုဈေးနဲ့ ကြိုက်သလောက်တယ်၊ ကျသလောက်ရှင်း ရောင်းနေတာတွေ လည်း ရှိတယ်။ တတ်နိုင်ရင်ထည့်၊ မတတ်နိုင်ရင် မထည့်နဲ့ ဆိုတဲ့ပုံစံနဲ့ ရောင်နေကြတဲ့ ဆိုင်တွေကြောင့် တရားဝင် ရည်ညွှန်းဈေးနဲ့ ရောင်းချနေတဲ့ ဆိုင်တွေက နစ်နာရပါတယ်” ဟု စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။

.

ထို့အပြင် စက်သုံးဆီဈေးနှုန်း ကျဆင်းလာသော်လည်း ဆိုင်ကြီးများတွင် ဆီရောင်းချိန်ကို လျှော့ချလာသဖြင့် ဝယ်ယူသူများအတွက် ခက်ခဲလာနေရသည်ဟု သိရသည်။

.

“ဆီဈေး ကျတာ မကျတာထက် ပုံမှန် ရောင်းပေးဖို့ လိုပါတယ်။ မြို့ပေါ်က ဆီဆိုင်ကြီးတွေမှာတောင် နေ့တစ်ဝက်လောက် ဆိုရင် မရောင်းကြတော့ဘူး” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန တာဝန်ရှိသူထံ ဆက်သွယ်းမေးမြန်းရာတွင် စည်းကမ်းချက်နှင့် မညီသော ဆိုင်များ၊ သတ်မှတ်နှုန်းထားထက် ပိုမိုရောင်းချ သော ဆိုင်များကို တိတိကျကျ သတင်းပေးပါက အ‌ရေးယူသွားမည်ဖြစ်ကြောင်းနှင့် ဝယ်ယူသူ ကိုပါ အရေးယူနိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

.

ထို့အပြင် စက်သုံးဆီဈေးနှုန်းများ ဆက်တိုက်ကျဆင်းလာနေသော်လည်း ကုန်ဈေးနှုန်းများ ကျဆင်းလာခြင်း မရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

No comments:

Post a Comment

Pages