ဩစတြေးလျမှာ ပိုးဟပ်အကောင် တစ်သိန်းကျော် မွေးထားပြီး ရောင်းစားဖို့ ပြင်ဆင်နေတဲ့သူ အဖမ်းခံရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, June 6, 2026

ဩစတြေးလျမှာ ပိုးဟပ်အကောင် တစ်သိန်းကျော် မွေးထားပြီး ရောင်းစားဖို့ ပြင်ဆင်နေတဲ့သူ အဖမ်းခံရ


ဩစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ်ပြည်နယ်မှာ ပိုးဟပ်ကို စီးပွားဖြစ် မွေးမြူနေသူ တစ်ဦးဆီကနေ အသက်ရှင်နေတဲ့ နိုင်ငံခြားမျိုးစိတ် ပိုးဟပ်ပေါင်း တစ်သိန်းကျော်ကို ဖမ်းဆီးမိခဲ့ပြီး ဩစတြေးလျသမိုင်း တစ်လျှောက် တရားမဝင် နိုင်ငံခြားမျိုးစိတ် ကျောရိုးမဲ့သတ္တဝါတွေ ဖမ်းဆီးမှုထဲမှာ အကြီးမားဆုံး ဖမ်းဆီး ရရှိမှုလည်း ဖြစ်ခဲ့တာပါ။

.
ဩစတြေးလျနိုင်ငံရဲ့ ဇီဝလုံခြုံရေး အရာရှိတွေက နယူးဆောက်ဝေးလ်ပြည်နယ် အနောက်ဖက်မှာရှိ တဲ့ ဘာသပ်စ်မြို့က မွေးမြူရေးလုပ်ငန်း တစ်ခုကို ဝင်ရောက် စစ်ဆေးရာကနေ ဈေးကွက်တန်ဖိုး ဩစတြေးလျဒေါ်လာ ၂ သိန်းလောက် ရှိတဲ့ ပိုးဟပ်တွေ မွေးထားတာကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။
.
ဖမ်းဆီးရမိတဲ့ ပိုးဟပ်တွေက ကမ္ဘာပေါ်မှာ အကြီးဆုံး ပိုးဟပ်မျိုးစိတ်တွေထဲက တစ်ခု ဖြစ်တဲ့ မာဒါဂက်စ်ကာ ပိုးဟပ်မျိုးစိတ်တွေ ဖြစ်နေတာပါ။ ဒီပိုးဟပ်မျိုးစိတ်တွေကို ဩစတြေးလျနိုင်ငံအတွင်း တင်သွင်းခွင့် မရှိသလို ပိုင်ဆိုင်ခြင်း၊ မွေးမြူခြင်းနဲ့ ရောင်းဝယ်ခြင်းတွေကိုလည်း ဥပဒေအရ ကန့်သတ်ထားတာပါ။
.
ဒီလို ပိုးဟပ်မျိုးတွေက ရောဂါ ပျံ့နှံ့မှုတွေကို ပိုပြီး မြန်ဆန်စေသလို၊ တိရစ္ဆာန်တွေနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေကိုလည်း ထိခိုက်စေနိုင်တာမို့ နိုင်ငံတွင်းမှာ တားမြစ်မှုတွေ ပြုလုပ်ထားရတာပါ။
.
အာဏာပိုင်တွေကတော့ ဒီပိုးဟပ်တွေဟာ အိမ်မွေးတိရစ္ဆာန် ဈေးကွက်အတွက် မွေးမြူထားတာဖြစ်ပြီး အိမ်မှာ မွေးမြူထားတဲ့ တွားသွားသတ္တဝါတွေရဲ့ အစာအဖြစ် အသုံးပြုဖို့ ရည်ရွယ်ပြီး မွေးထားတာလို့ ဆိုပါတယ်။ ဩစတြေးလျနိုင်ငံ အတွင်းမှာ ဖော်ထုတ်ထားပြီးတဲ့ ပိုးဟပ်မျိုးစိတ် ၅၀၀ ကျော် ရှိနေပြီး တချို့ ပိုးဟပ်တွေကိုတော့ အိမ်တွေမှာ အလှမွေးသူတွေတောင် ရှိကြတာပါ။
.
ဒီ ဖမ်းဆီးမှုက နိုင်ငံအတွင်း တရားမဝင် မွေးမြူရေး မှောင်ခိုဈေးကွက် ကျယ်ပြန့်နေတယ်ဆိုတာ ပြသလိုက်တာ ဖြစ်ပြီး ဖမ်းမိသူတွေအတွက် ချမှတ်တဲ့ ပြစ်ဒဏ်တွေကလည်း အားရစရာ မရှိဘူးလို့ တိရစ္ဆာန် ထိန်းသိမ်းရေးကောင်စီရဲ့ အရာရှိ ဒေါက်တာကာရိုးလ်က ဆိုပါတယ်။
.
လက်ရှိမှာတော့ ဖမ်းဆီးရမိထားတဲ့ ပိုးဟပ်တွေကို သတ်ဖြတ်ပစ်ခြင်းနဲ့ စနစ်တကျ ဖျက်ဆီးခြင်းဆိုတဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေကြပြီး မသင်္ကာစရာ ကောင်းတဲ့‌ မွေးမြူမှုမျိုးတွေ ပတ်ဝန်းကျင်မှာ တွေ့ခဲ့ရင်လည်း အကြောင်းကြားပေးကြဖို့ အာဏာပိုင်တွေက နှိုးဆော်ထားပါတယ်။

.
Source – theGuardian

No comments:

Post a Comment

Pages