.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက်
.
ခိုးရာပါ MK အမျိုးအစား နာရီအား
ဝတ်ဆင်ကာ TikTok ဆော့ရာမှ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ
နေအိမ်ဖောက်ထွင်းမှု ပေါ်ပေါက်ခဲ့ပြီး တရားခံများကို ဖမ်းဆီးရမိမှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊
ပန်းတင်လမ်းမကြီးရှိ နေအိမ်တစ်လုံးတွင် မေလ ၃ ရက်၊ နေ့လယ်ပိုင်းက နေအိမ်ဖောက်ထွင်းခိုးယူခံရပြီး
ရွှေလက်ဝတ်ရတနာများနှင့် လက်ကိုင်ဖုန်းများ ပျောက်ဆုံးခဲ့သဖြင့် အိမ်ရှင်ဖြစ်သူက တောင်ကြီးနယ်မြေ
ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖောက်ထွင်းခိုးယူခံရမှုတွင် ရွှေ၊ လက်ဝတ်ရတနာများနှင့်
နာရီ ၄ လုံး၊ ဆိုင်ကယ် ဦးထုပ် ၁ လုံး၊ Samsung S21 Ultra အမျိုးအစား
ဖုန်း ၁ လုံး၊ iPhone 8 Plus ဖုန်းတစ်လုံးတို့ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
.
အမှုမှ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက်
ဆောင်ရွက်နေစဉ် မေလ ၂၇ ရက်၊ ညနေပိုင်းက Mi Poe TikTok အကောင့်မှ
ခိုးယူခံရသည့် MK အမျိုးအစား နာရီအား ဝတ်ဆင်၍ TikTok ဆော့ထားသည်ကို တွေ့ရှိသဖြင့် စုံစမ်းခဲ့ရာ အဆိုပါနာရီမှာ ၎င်း၏ ရည်စားဖြစ်သူ
အေးသာယာမြို့နေ ရဲနောင်မှ ခဏပေးဝတ်၍ TikTok ဆော့ထားခြင်း ဖြစ်ပြီး
နာရီမှာ ရဲနောင်ထံတွင် ရှိနေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
.
သို့ဖြစ်၍ တောင်ကြီးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည်
သက်သေများနှင့်အတူ မေလ ၂၇ ရက်၊ ညနေပိုင်း တွင် အေးသာယာမြို့နေ ရဲနောင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ
၎င်းအား အသင့်တွေ့ရပြီး ၎င်းထံမှ အမှုမှ ပျောက်ဆုံးသွားသည့် ဆင်းကဒ်မပါ iPhone
8 plus အမျိုးအစားခဲရောင်ဖုန်း ၁ လုံး၊ MK အမျိုးအစား
နာရီ ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဆက်လက်ပြီး ဖမ်းဆီးရမိသူ ရဲနောင်အား စစ်ဆေးမေးမြန်းချက်အရ
၎င်းသည် မိတ္ထီလာမြို့နေ နန်းအောင်ဝင်း၊ ကျော်ခိုင်ထွန်း၊ ဇော်ပိုင်တို့နှင့်အတူ မေလ
၃ ရက်၊ နေ့လယ်ပိုင်းတွင် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ပန်းတင်လမ်းမကြီးဘေးရှိ
တံခါးပိတ်ထားသည့် နေအိမ်တစ်လုံးအား ဝင်ရောက်ကာ ရွှေထည်ပစ္စည်းများ၊ ဖုန်း ၂ လုံး၊
နာရီ ၃ လုံး၊ ဆိုင်ကယ်ဦးထုပ် ၁ လုံးတို့အား ခိုးယူခဲ့ပြီး ၄ ဦး ခွဲဝေကာ ၎င်းမှ MK
အမျိုးအစား နာရီ ၁ လုံးနှင့် iPhone 8 Plus ခဲရောင်ဖုန်းတစ်လုံးတို့အား
ခွဲတမ်းအဖြစ် ရရှိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ ၎င်းနှင့်အတူ ခိုးမှုကျူးလွန်သူများဖြစ်သော
နန်းအောင်ဝင်း၊ ကျော်ခိုင်ထွန်းနှင့် ဇော်ပိုင် တို့အား ဖမ်းဆီးရမိရေးအတွက် စုံစမ်းခဲ့ရာ
မေလ ၃၀ ရက်၊ ညနေပိုင်းက အေးသာယာမြို့၊ ကားကြီးကွင်းအနီးတွင်
ဇော်ပိုင် ဆိုသူအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ခိုးယူမှုမှ ဖမ်းဆီးရန်ကျန်ရှိသော နန်းအောင်ဝင်းနှင့်
ကျော်ခိုင်ထွန်းတို့ ၂ ဦးအား ဖမ်းဆီးရမိရေးနှင့် နောက်ဆက်တွဲအမှုများကို ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း
သိရသည်။
.

No comments:
Post a Comment