ဂျပန် အမှတ်ယူမယ့် ဇွန်လ ၂၀ ရက်အတွက် ကမ္ဘာ့ဖလား ခန့်မှန်းချက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, June 20, 2026

ဂျပန် အမှတ်ယူမယ့် ဇွန်လ ၂၀ ရက်အတွက် ကမ္ဘာ့ဖလား ခန့်မှန်းချက်


နယ်သာလန် - ဆွီဒင် (ည ၁၁-၃၀)

.

နယ်သာလန် အတွက်တော့ ဒီပွဲမှာသာ ၃ မှတ် မရဘူးဆိုရင် အခြေအနေ မကောင်းဘူးလို့ပဲ ပြောရတော့မှာပါ။ ဆွီဒင်ကတော့ တူနီးရှားကို ဂိုးပြတ် နိုင်ပြီး ၃ မှတ် ရထားသလို အမှတ်ပေး ဇယားကိုလည်း ဦးဆောင်နေတာပါ။

.

နယ်သာလန်က ဂျပန်နဲ့ ပွဲတုန်းက လူစာရင်းကိုပဲ ပွဲထုတ်ဖို့ များပြီး တိုက်စစ်မှာ ဂက်ပို၊ မာလန်းနဲ့ ဆမ်မားဗီးလ်။ ကွင်းလယ်မှာ ရိုင်ဒါစ်၊ ဒီဂျောင်နဲ့ ဂရာဗန်ဘတ်။ ခံစစ်မှာ ဗန်ဒိုက်၊ ဟက်ကီ တို့နဲ့ ကစားမှာပါ။ ဆွီဒင်ကလည်း ပြန်လည် အတွဲမိနေပြီ ဖြစ်တဲ့ ယော်ကရက်စ်၊ အီဆက်အတွဲကိုပဲ ထုတ်လာမှာ ဖြစ်ပြီး ကွင်းလယ်မှာ နိုင်ဂရန်၊ အေယာရီ တို့နဲ့ နယ်သာလန်ကို တုံ့ပြန်မှာပါ။ ဒီနှစ်သင်း နောက်ဆုံး ၃ ကြိမ်တွေ့ဆုံမှုမှာတော့ တစ်ကြိမ်စီ နိုင်ထားပြီး တစ်ကြိမ် သရေကျထားတာမို့ အသာစီး ရနေတာမျိုး သိသိသာသာ မရှိပါဘူး။

.

နယ်သာလန်က အမှတ် လိုနေတယ် ဆိုပေမယ့် ယုံကြည်မှုပိုင်းမှာရော၊ ကစားပုံမှာရော ပြန်ပြီး ကောင်းလာတဲ့ ဆွီဒင်ကို လျော့တွက်ထားလို့ရတဲ့ အနေအထားတော့ မဟုတ်ဘူး။ ဒီပွဲက နှစ်ဖက်သွင်းဂိုးတွေ အပြိုင်အဆိုင် တွေ့ရဖို့ များပြီး ဆွီဒင်တို့ အနည်းဆုံး သရေ ရသွားနိုင်တဲ့ ပွဲမျိုးပါ။

.

ဂျာမနီ - အိုင်ဗရီကို့စ် (နံနက် ၂-၃၀)

.

အုပ်စု E ရဲ့ ၃ မှတ် ရထားတဲ့ အသင်း နှစ်သင်း တွေ့ကြတဲ့ ပွဲမို့ ဒီပွဲက အကျိတ်အနယ် ရှိမှာပါ။ ဂျာမနီက အဖွင့်ပွဲမှာ ကူရာကာအို ကို ၁-၇ နဲ့ နိုင်ထားပြီး အိုင်ဗရီကို့စ်ကတော့ အီကွေဒေါကို ၁-၀ နဲ့ ကပ်နိုင်ထားပါတယ်။

.

ဂျာမနီမှာ ကိုင်ဟာဗက်ဇ်၊ မူဆီယယ်လာ၊ ဝစ်ဇ်နဲ့ ဆာနေး အတွဲကိုပဲ ထပ်မြင်ရမှာ ဖြစ်ပြီး ကွင်းလယ်မှာ ပါဗလိုဗစ်နဲ့ မီချာ တို့အတွဲ ပွဲထွက်လာမှာပါ။ ကင်မစ် ဦးဆောင်တဲ့ ခံစစ်ကတော့ ကူရာကာအို ကိုတောင် တစ်ဂိုး ပေးခဲ့ရတာမို့ အရမ်းကြီး ကောင်းနေတယ်လို့ ပြောလို့ရတာမျိုး မဟုတ်ပါဘူး။

.

အိုင်ဗရီကို့စ်ကတော့ ဒီယယ်လို၊ ကစ်ဆီ၊ ဖိုဖာနာ၊ ဒီယာမွန်ဒီ တို့ရဲ့အစုအဖွဲ့နဲ့ ဂျာမနီကို တုံ့ပြန်ဖို့ ကြိုးစားမှာပါ။ နှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုမှာတော့ ၂ ဂိုးစီ သရေကျထားခဲ့ဖူးတာကို တွေ့ရပါတယ်။

.

အိုင်ဗရီကို့စ်က အသင်းလိုက် ကစားပုံ ကောင်းတယ် ဆိုပေမယ့် တိုက်စစ်မှာတော့ ဂျာမနီက အများကြီး သာပါတယ်။ အိုင်ဗရီကို့စ်တို့ ကံကောင်းမှသာ တစ်မှတ်လောက် ရသွားနိုင်တဲ့ ပွဲ ဖြစ်ပြီး ဂျာမနီ နိုင်ဖို့က သေချာသလောက်ပါပဲ။

.

အီကွေဒေါ - ကူရာကာအို (နံနက် ၆-၃၀)

.

ဒီပွဲမှာတော့ ကူရာကာအို ကို အီကွေဒေါတို့ ဘယ်နှဂိုး သွင်းမလဲ ဆိုတာကိုပဲ ခန့်မှန်းရမှာမျိုးပါ။ အိုင်ဗရီကို့စ် ကို ရှုံးတဲ့ ပွဲမှာတော့ အီကွေဒေါက ဂိုးကန်သွင်းခွင့် တော်တော်များများ ရရှိခဲ့ပေမယ့် ဂိုးပေါက်တည့်မှုကတော့ တစ်ကြိမ်ပဲ ရှိခဲ့တယ်။

.

ဗလင်စီယာ၊ ကိုင်စီဒို တို့ရဲ့ အီကွေဒေါက တိုက်စစ်ကစားပုံ နှေးနေတာမို့ ကူရာကာအိုသာ တကယ်တမ်း ပိတ်ကစားမယ်ဆိုရင် အခက်တွေ့ သွားမလားလို့တောင် တွေးမိတယ်။ အီကွေဒေါ နိုင်မှာ သေချာပေမယ့် ၃ ဂိုးပြတ်ဖို့ကတော့ မလွယ်ဘူးလို့ ထင်ပါတယ်။

.

တူနီးရှား - ဂျပန် (နံနက် ၁၀-၃၀)

.

အုပ်စုတွင်းမှာ နိုင်ပွဲ လိုအပ်နေတဲ့ ဂျပန်တို့ ဒီပွဲမှာ တူနီးရှားဆီက အမှတ်ယူ နိုင်မလား စောင့်ကြည့်ရမယ့်ပွဲပါ။ ဂျပန်က ထုံးစံအတိုင်း အသင်းလိုက် ကစားပုံ ကောင်းနေပြီး လူမစုံဘူး ဆိုပေမယ့် အရန်ကစားသမားတွေက မျှော်လင့်လို့ရတဲ့ အနေအထားမှာ ရှိနေတယ်။

.

မီနာမိုတို၊ မီတိုမာတို့ မပါနိုင်တဲ့အပြင် ပြီးခဲ့တဲ့ ပွဲတုန်းက ကူဘို ပါ နာသွားခဲ့တာမို့ ဂျပန်ရဲ့ တောင်ပံ တိုက်စစ်တွေက လူကုန်သလောက် ဖြစ်နေပါပြီ။ ဂျပန်တိုက်စစ်မှာ အူအဲဒါ၊ မဲဒါ၊ အီတို တို့ ကစားကြမှာ ဖြစ်ပြီး နာကာမူရာနဲ့ ကာမာဒါ တို့ရဲ့ ကွင်းလယ်အတွဲကို ဆက်လက် စောင့်ကြည့်ရမှာပါ။

.

တူနီးရှားကတော့ ဆွီဒင်နဲ့ပွဲက ခြေစွမ်းအတိုင်း ဆိုရင် ဘာမှ မဟုတ်ဘူးလို့တောင် ပြောလို့ရတယ်။ ခံစစ် ၅ ယောက် ထားပြီး ကစားနေပေမယ့် ဂိုးကတော့ ပေးနေရတာမို့ ဂျပန် တိုက်စစ်ကိုလည်း ဟန့်တားဖို့ လွယ်မှာ မဟုတ်ဘူး။ ဂျပန် အနိုင်သေချာတဲ့ ပွဲမျိုး ဖြစ်ပြီး ၃ မှတ်အပြည့် ရသွားပါလိမ့်မယ်။

.

#KBZTai #Shan #Sports #Football #WC2026

No comments:

Post a Comment

Pages